တယော(ရေသယံဇာတ)
ဥရောပရှိ မြစ်ကြီးနှစ်စင်းက
အတုယူစရာများ
မြစ်ကြောင်းထိန်းသိမ်းရေးအကြောင်း ပြောမည်ဆိုလျှင် ဥရောပ၏ မြစ်များဖြစ်သည့် ရိုင်းမြစ် (Rhine River) နှင့် ဒနူးဘ်မြစ် (Danube) တို့၏ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံ အတွက် စံနမူနာယူဖွယ်ရာများဖြစ်သည်။
ရိုင်းမြစ်သည် ဥရောပ၏ အရေးပါဆုံးသော အပြည်ပြည်ဆိုင်ရာ
မြစ်များထဲမှ တစ်ခုဖြစ်သည်။ ဆွစ်ဇာလန် အဲလ်ပ်စ် (Alps) တောင်တန်းများမှ စတင်မြစ်ဖျားခံလာပြီး ဆွစ်ဇာလန်၊ လစ်ချင်စတိုင်၊ ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်စသည့် နိုင်ငံများကို
ဖြတ်သန်းစီးဆင်းကာ မြောက်ပင်လယ် (North Sea) ထဲသို့ စီးဝင်ပါသည်။ မြစ်ကြီး၏အရှည်မှာ
ကီလိုမီတာ ၁,၂၃၀ ခန့်ရှိပြီး ရေစီးဆင်းမှုအားကောင်းပြီး နှစ်ပတ်လည်မပြတ် ရေစီးဆင်းနိုင်သော
မြစ်တစ်စင်းလည်းဖြစ်သည်။
ထို့ပြင် ဥရောပ၏
အကြီးဆုံး ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဟု တင်စား ခေါ်ဝေါ်နိုင်ပြီး စက်မှုဇုန်များ၊
ဘေဆယ်၊
စတားဘတ်၊ ကိုလုံးနှင့် ရိုစတာဒမ်စသော
ဆိပ်ကမ်းမြို့များကို ချိတ်ဆက်ပေးထားသည်။ ထို့ပြင် မြစ်ကြီးကို ရေအားလျှပ်စစ် ထုတ်လုပ်မှုအတွက်လည်း
အသုံးချသကဲ့သို့ စိုက်ပျိုးရေးနှင့် သောက်သုံးရေအရင်း အမြစ်အဖြစ်ပါ အသုံးပြုကြသည်။
ထို့ကြောင့် ရိုင်းမြစ်သည် နိုင်ငံများစွာ ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သောကြောင့်
အပြည်ပြည်ဆိုင်ရာပူးပေါင်းထိန်းသိမ်းမှုကို အထူးအလေးထား လုပ်ဆောင်ထားသည်။
၁၉ ရာစုအစပိုင်းတွင်
Johann Gottfried Tulla က ရိုင်းမြစ်အထက်ပိုင်းကို ပြုပြင်ခြင်းများ စတင်ခဲ့ သည်။ မြစ်လမ်းကြောင်းကို
ဖြောင့်ခြင်း၊ မြစ်ကမ်းပါးများကို မြေကာနံရံများ တည်ဆောက်ခဲ့ခြင်းများ ကြောင့် ရေစီးနှုန်းမြင့်တက်လာခြင်း၊
မြစ်ကြမ်းပြင်ကျိုးပေါက်ခြင်းနှင့် ရေလွှမ်းမိုးလေ့ရှိသော မြေပြန့် လွင်ပြင်ဒေသ၏ သစ်ပင်များ၊
မြေ၏ အရည်အသွေးနှင့် ရေနှင့်ဆက်နွှယ်သောသက်ရှိများ၏ လုပ်ဆောင်မှုများ အားနည်းလာခြင်းတို့
ဖြစ်ပွားခဲ့သည်။ ထိုလုပ်ဆောင်ချက်အမှားများကို သင်ခန်းစာယူ ကာ ၁၉၈၀-၁၉၉၀ ပြည့်နှစ်ကာလများတွင် Rhine Action Programme ကို စတင်ခဲ့ပြီး
မြစ်အတွင်း အညစ်အကြေးစွန့်ထုတ်မှုကို ထိန်းသိမ်းကာ ရေအရည်အသွေးကို တိုးတက်လာစေရန် ပြန်လည်
လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ရာသီအလိုက် ရွှေ့ပြောင်းသွားလာ ကျက်စားတတ်သော ငါးမျိုးစိတ်များကို နေရာပြန်လည်ချထားမွေးမြူခြင်း
စသည် ဖြင့် ecological rehabilitation များကို လုပ်ဆောင်ခဲ့ပါသည်။
ရေတားတမံများကို
နေရာပြောင်းရွှေ့တည်ဆောက်ခြင်း၊ ရေလွှမ်းမိုးဧရိယာနှင့် ရေသို လှောင်ဧရိယာတို့ကို ဖန်တီးခြင်းများ
စတင်လုပ်ဆောင်ခဲ့သည်။ ရေတားတမံငယ်များ တည် ဆောက်ထားသဖြင့် ရေကြီးချိန်တွင် ရေသိုလှောင်ထိန်းညှိနိုင်ရန်
ပြင်ဆင်လာခဲ့ကြသည်။ မြစ်ကြောင်း တိုက်ရိုက်တိုးဝှေ့မှုမဖြစ်စေရန် မြစ်ကမ်းပါးများကို
ကာကွယ်ရန် ရေစီးကို ဖြတ်ထိုးထားသော အဆောက်အအုံနှင့် မြေကာနံရံများကို ထည့်သွင်းတည်ဆောက်လာခဲ့ကြသည်။
ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် သင်္ဘောကြီးများ သွားလာနိုင်ရေး လိုအပ်သော ရေစူးအနက်
ထိန်းညှိခြင်းများ ပြုလုပ်ထားပါသည်။
ရိုင်းမြစ်ကြီးသည်
အပြည်ပြည်ဆိုင်ရာမြစ်ကြီးဖြစ်သည့်အတွက် International Commission for the
Protection of the Rhine (ICPR) ကို တည်ထောင်ပြီး အဓိကရည်ရွယ်ချက်များဖြစ်သော ရေအရည်အသွေး
မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူသားများ၏ ဘေးအန္တရာယ် လျှော့ချခြင်းနှင့် ရေကြီးရေလျှံမှု
စီမံခန့်ခွဲရေးများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေပါသည်။ ထို့ပြင် ရိုင်းမြစ်နှင့်
၎င်း၏ မြစ်လက်တက်များပေါ်တွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စုစုပေါင်း ၂၄ ရုံရှိပြီး
စုစုပေါင်းတပ်ဆင်ထားသည့် စက်အင်အား သည် မဂ္ဂါဝပ် ၂၂၀၀ အထက်ရှိသည်ဟု သတင်း အရင်းအမြစ်များက
ဖော်ပြထားသည်။ နှစ်ပေါင်း ၁၀၀ ကျော် ထိန်းသိမ်းလာသည့် ရိုင်းမြစ်၏ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊
တည်ဆောက်ရေးနည်းစနစ်များ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုနှင့် အမှားသင်ခန်းစာများသည်
မိမိတို့နိုင်ငံရှိ ဧရာဝတီမြစ်ကြီး ရေရှည်တည်တံ့ရေးလုပ်ငန်းစဉ်များအတွက် အတုယူရပေမည်။
ဒနူးဘ်
(Danube) မြစ်သည် ရုရှားနိုင်ငံ၏ ဗော်လ်ဂါးမြစ်ပြီးနောက် ဥရောပ၏ ဒုတိယ အရှည်ဆုံးမြစ်ဖြစ်ပါသည်။
ဂျာမနီနိုင်ငံ Black Forest တောင်တန်းများမှ အစပြုခဲ့ပြီး ပင်လယ်နက် (Black Sea)ထဲသို့
စီးဝင်ပါသည်။ ဥရောပအလယ်ပိုင်းမှ အရှေ့ပိုင်းသို့ အနောက်မှ အရှေ့စီးဆင်းသည့် တစ်ခုတည်းသော
အကြီးမားဆုံးမြစ်တစ်စင်းဖြစ်ပြီး ဂျာမနီ၊ ဩစတြီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊
ဆားဗီးယား၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာနှင့် ယူကရိန်းတို့ကို ဖြတ်သန်းစီးဆင်းသောကြောင့်
ဒနူးဘ်မြစ်ကို အရေးပါဆုံးသော အပြည်ပြည်ဆိုင်ရာမြစ်ဟု ခေါ်ကြ သည်။
မြစ်အရှည်မှာ
ကီလိုမီတာ ၂,၈၅၀ ခန့်ရှိပြီး ရေဆင်းဧရိယာမှာ စတုရန်းကီလိုမီတာ ၈၀၀,၀၀၀ ကျော်ရှိပါသည်။
ဥရောပတွင် လူဦးရေအများဆုံး အားထားရသော မြစ်ဝှမ်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ
ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုလည်းဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊
သောက်သုံးရေရင်းမြစ်နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးတို့အတွက် အားထားရသော မြစ်ကြီးလည်းဖြစ်သည်။
ရေအားလျှပ်စစ်စီမံကိန်းများအနေဖြင့် ဒနူးဘ်မြစ်ဝှမ်း (Danube Basin) တွင် တမံပေါင်း
၅၉၄ ခုနှင့် ထုတ်လုပ်နိုင်စွမ်းအား စုစုပေါင်းမဂ္ဂါဝပ် ၂၉,၂၀၀ ရှိမည်ဟု ခန့်မှန်းထားကြသည်။
ထိုမျှများပြားသော
စီမံကိန်းများထဲမှာ Iron Gate I Hydroelectric Power Station သည် ဒနူးဘ်မြစ်ပေါ်တွင်
တည်ရှိသော အကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်ပါသည်။ တပ်ဆင် စက်အင်အား ၂၃၇၁
ဒသမ ၈ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရိုမေးနီးယားနိုင်ငံ
က ၅ ဒသမ ၂၄ TWh နှင့် ဆားဗီးယားနိုင်ငံက ၅ ဒသ မ ၆၅ TWh ရရှိကြသည်။ ထို့ပြင် Iron
Gate II Hydroelectric Power Station ကို Iron Gate I ၏ နောက်တွဲစီမံကိန်းအဖြစ် အကောင်အထည်ဖော်ကြကာ
တပ်ဆင်စက်အင်အား ၅၉၁ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ရိုမေးနီးယားနိုင်ငံက
၃၂၁ မဂ္ဂါဝပ်နှင့် ဆားဗီးယားနိုင်ငံ က မဂ္ဂါဝပ် ၂၇၀ ထပ်မံရရှိကြပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို
၂ ဒသမ ၆ TWh အထိ ထပ်တိုးထုတ်လုပ်နိုင်ခဲ့သည်။ ဂျာမနီနိုင်ငံ၏ Danube Hydropower
Group သည် ဒနူးဘ်မြစ်ပေါ် တွင် run-of-river plants ၁၃ ခုဖြင့် စုစုပေါင်း တပ်ဆင်စက်အင်အား
၂၂၆ မဂ္ဂါဝပ် တပ်ဆင်ထား ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၁၄၀၀ GWh အထိထုတ်လုပ်နိုင်ခဲ့သည်။
ဒနူးဘ်မြစ်သည်
နိုင်ငံ ၁၀ နိုင်ငံကို ဖြတ်သန်းစီးဆင်းသောကြောင့် ပူးပေါင်းစီမံခန့်ခွဲမှုကို အခြေ
ပြု၍ မြစ်ကြောင်းထိန်းသိမ်းရေးကို အဓိကထားဆောင်ရွက်ထားပါသည်။ ထို့ကြောင့်
International Commission for the Protection of the Danube River (ICPDR) ကို တည်ထောင်ပြီး
ရေအရည်အသွေး ထိန်းသိမ်းရေး၊ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ပူးပေါင်းညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ ရေကြီးရေလျှံမှုထိန်းချုပ်ရေးအတွက်
ရေတားတမံများ တည်ဆောက်ကာ ရေသိုလှောင်ဧရိယာများ ဖန်တီးသကဲ့သို့ ရေလွှမ်းမိုးဧရိယာများကို
သဘာဝအတိုင်း အသုံးချနိုင်ရန် ထိန်းညှိလုပ်ဆောင်ကြသည်။
မြစ်ကြောင်းပြုပြင်ထိန်းသိမ်းမှုနှင့်
သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်စေရေးအတွက် လိုအပ် သောရေစူးအနက် ရရှိစေရန် မြစ်ကြောင်းတူးဖော်မှုကြောင့်
ရေကြောင်းသယ်ယူပို့ဆောင်ရေး ပိုမို လွယ်ကူကောင်းမွန်သင့်လျော်စေခဲ့သည်။ ဤဒနူးဘ်မြစ်ကြီးသည်
စီးပွားရေး၊ စွမ်းအင်၊ ပတ်ဝန်းကျင်၊ လူမှုစီးပွားဘဝတို့ကို တစ်ပြိုင်နက်တည်း ညှိနှိုင်းစီမံခန့်ခွဲရသော
အပြည်ပြည်ဆိုင်ရာ မြစ်ကြီး တစ်စင်းဖြစ်သကဲ့သို့ ယင်း၏မြစ်ကြောင်း ဖွံ့ဖြိုးရေးနှင့်
မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးသည် မိမိတို့နိုင်ငံနှင့် မိခင်ဧရာဝတီမြစ်ကြီးအတွက် စံနမူနာယူရမည့်
စီမံချက်များစွာရှိနေပါသည်။
ဘယ်သူတွေ တကယ်ချစ်သလဲ၊
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်၊ လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှုတို့အတွက်
အရေးပါဆုံးသော မြစ်ကြီးတစ်စင်းဖြစ်ပါသည်။ ထိုမြစ်သည် နိုင်ငံ၏ မြောက် ဘက်မှ တောင်ဘက်သို့
ရှည်လျားစွာ စီးဆင်းသွားပြီး မြန်မာပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း၊ စိုက်ပျိုးရေး၊
သယ်ယူပို့ဆောင်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးတို့အတွက် အခြေခံအင်အားတစ်ရပ်အဖြစ် တည်ရှိနေပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်ကို သာမန်သဘာဝရေအရင်းအမြစ်အဖြစ်သာမက နိုင်ငံတော်၏ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှုမြင်သင့်ပါသည်။
သမိုင်းအမြင်ဖြင့်ကြည့်လျှင်
ဧရာဝတီမြစ်သည် မြန်မာ့ယဉ်ကျေးမှုထွန်းကားရာ လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ ပုဂံခေတ်မှစ၍
အင်းဝ၊ အမရပူရ၊ မန္တလေးအစရှိသည့် မြို့တော်များသည် ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိခဲ့ကြပါသည်။
ဤအချက်ကြောင့် ဧရာဝတီမြစ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဗဟိုအဖြစ် အရေးပါခဲ့ကြောင်း
ဖော်ပြနေ ပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်သည်
သဘာဝအမွေအနှစ်သာမက ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏
စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး အထူးသဖြင့်
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်ထုတ်လုပ်မှု အများ ဆုံး ဒေသဖြစ်ပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးကို
အဓိက ထောက်ပံ့ပေးနေပါသည်။
ဖွံ့ဖြိုးရေးစီမံကိန်းအမြင်ဖြင့်ကြည့်လျှင်
ဧရာဝတီမြစ်ရေကို စနစ်တကျစီမံခန့်ခွဲအသုံးချခြင်း အားဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုကို
မြှင့်တင်နိုင်ပြီး ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို
အထောက်အကူပြုနိုင်ပါသည်။ ထို့အတွက် ရေလှောင်တမံများ၊ ရေထိန်းကန်များ၊ ရေပေးမြောင်းစနစ်များကို
သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီစွာ ဖော်ဆောင်ရေးသည်လည်း အရေး ကြီးပါသည်။ ထို့ပြင် ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံအတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး အတွက် အရေးပါဆုံးသောလမ်းကြောင်းဖြစ်ပြီး
လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သေးသည့် ဒေသများတွင် မြစ်ကြောင်းဖြင့် ကုန်စည်နှင့်
လူများကို သယ်ယူပို့ဆောင်ပေးသော အသက်သွေးကြောတစ်ခုအဖြစ် ရှိနေပါသည်။
ဧရာဝတီမြစ်ကို
အခြေခံသော Port-based Development နှင့် River Transport Corridor Development များကို
အကောင်အထည်ဖော်နိုင် ပါက စီးပွားရေးအတွက် ကုန်စည်သယ်ယူမှုကုန်ကျ စရိတ်လျှော့ချခြင်း၊
ဒေသတွင်း စီးပွားရေးများ တိုးတက်လာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးနိုင်ပါသည်။
။
No comments:
Post a Comment