Wednesday, June 17, 2026

အေးအတူ ပူအမျှ အသိုက်အဝန်း၏ တောက်ပသည့်အနာဂတ်သို့ ဦးတည်

 


သိင်္ဃသူ

မဝေးသေးသည့် အတိတ်ဟုဆိုရမည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး ( Shanghai Cooperation Organisation- SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့က ကမ္ဘာ့သတင်းမီဒီယာများထက်မှာ အထင်ကရဖြစ်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး နောက်ခံကားအနေဖြင့် ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာသို့ ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တွင် အဆိုပါထိပ်သီးအစည်း အဝေးနှင့် စစ်ရေးပြအခမ်းအနားတို့က ထူးခြားလေးနက်သည့် အနက်အဓိပ္ပာယ်ဆောင်နေသည်ကို နိုင်ငံတကာကလည်း သိရှိနားလည်ခဲ့ကြသည်။ 

SCO SUMMIT 2025 Plus သည် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေးဖြစ်

SCO SUMMIT 2025 Plus သည် ယခင်ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးများနှင့် နှိုင်းယှဉ်လျှင် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေးဖြစ်ပြီး အစဉ်အလာအားဖြင့် အနောက်အုပ်စုနိုင်ငံများက လွှမ်းမိုးထားခဲ့သော ကမ္ဘာ့အချက်အချာ ဂလိုဘယ်ပါဝါရွှေ့ပြောင်းမှုကို ထင်ရှားစွာ ပြသခဲ့ခြင်းဖြစ်သည်ဟု ပထဝီနိုင်ငံရေးသုတေသီများက ရှုမြင်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဆိုပြုချက် (Global Governance Initiative) ၅ ချက်ကို တင်သွင်းခဲ့ရာတွင် (၁) နိုင်ငံတိုင်းသည် တန်းတူအခွင့်အရေးရှိကြောင်းကို အခြေခံ၍ ကမ္ဘာ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်သည်။ (၂) ကမ္ဘာ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ နိုင်ငံတကာဥပဒေသည် နိုင်ငံအားလုံးအပေါ်တွင် အညီအမျှ စိုးမိုးရမည်ဟူသော အချက်ပေါ်တွင် အခြေခံသင့်သည်။ (၃) ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်သည် နိုင်ငံအများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုအပေါ်တွင် အခြေခံသင့်သည်။ (၄) ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်တွင် ပြည်သူကို ဗဟိုပြုချဉ်းကပ်သော နည်းလမ်းများပေါ်တွင် အခြေခံသင့်သည်။ (၅) ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်သည် စစ်မှန်သောရလဒ်များပေါ်တွင်သာ အခြေခံသင့်သည်ဟူ၍ ပါရှိခဲ့သည်။ 

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် တင်သွင်းခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပဏာမအဆိုပြု ချက် (၅) ချက်ကို ထိုစဉ်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံခဲ့ရာတွင် “နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် မမျှတမှုများကို ယခုအဆိုပြုချက် (၅) ချက်ပါ လုပ်ငန်းရပ်များနှင့် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရမည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အင်အားနှင့် စွမ်းဆောင်ရည်ကို ကမ္ဘာက မြင်တွေ့လိုက်ရခြင်းပင်ဖြစ်

သတင်းမီဒီယာများတွင် V-Day ဟု ခေါ်ဆိုကြသည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားမှာ ကမ္ဘာတစ်ဝန်းလုံးက အလေးထားကြည့်ရှုခဲ့ရသော လွန်စွာကြီးကျယ်သည့် အခမ်းအနားဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စည်းစနစ်ကျနမှု၊ ကာကွယ်ရေးစွမ်းပကား ခေတ်မီမြင့်မားမှုတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရသည်။ တရုတ်နိုင်ငံ တီယန်ကျင်းမြို့နှင့် ပေကျင်းမြို့တို့တွင် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားနှစ်ရပ်သည် ကမ္ဘာတွင် နိုင်ငံတကာအခင်းအကျင်းသစ် ဖြစ်ပေါ်နေသည့်အခြေအနေတွင် ကျင်းပခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံ၏အင်အားနှင့် စွမ်းဆောင်ရည်ကို အချိန်အခါကိုက်ညီစွာ ကမ္ဘာက မြင်တွေ့လိုက်ရခြင်း ပင်ဖြစ်သည်။ 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ထောက်ခံအားပေးမှုရရှိခဲ့

မြန်မာနိုင်ငံအနေဖြင့်မူ တရုတ်နိုင်ငံသမ္မတကြီး၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားများက မိမိတို့နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း စေခဲ့သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရလည်းကောင်း၊ နိုင်ငံတကာရေးရာအရလည်းကောင်း အသိအမှတ်ပြုမှုများရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ထောက်ခံအားပေးမှုရရှိခဲ့သည်။ ထိုစဉ်က နိုင်ငံတော်ယာယီ သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယားသမ္မတနိုင်ငံသမ္မတ၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်၊ ပါကစ္စတန် ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံ၍ နိုင်ငံအလိုက် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု များအရ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်းသုံးပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းရွေးကောက်ပွဲကြီးက လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို မှတ်ကျောက်တင်နိုင်ခဲ့သည်သာမက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းက လာရောက်၍ မဲပေးခဲ့ခြင်းအားဖြင့် ပြည်သူတို့၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များကိုပါ ပြသခဲ့ကြသည်။ အထူးသဖြင့် ရွေးကောက်ပွဲတွင် လာရောက်မဲပေးခဲ့ကြသူ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်မှ ၃၀ ကြား လူငယ်များဖြစ်ပြီး မဲပေးခဲ့သူများထဲတွင် အများဆုံးရာခိုင်နှုန်းအဖြစ် ပါဝင်ခဲ့ကြသည်။

ရွေးကောက်ပွဲတွင် နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူတို့ ၏ အဓိကမျှော်လင့်ချက်၊ မျှော်မှန်းချက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရန်နှင့် လူမှုစီးပွားဘဝများ ပိုမို ကောင်းမွန်တိုးတက်စေရန်ဖြစ်သည်။ ဤသို့ဖြင့် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျဖြင့် ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်များနှင့် အစိုးရတို့ ပေါ်ပေါက်လာခဲ့ရာ တတိယအကြိမ် လွှတ်တော်များနှင့် တတိယမြောက် ဒီမိုကရေစီအစိုးရတို့က နိုင်ငံအရေး၊ ပြည်သူ့အရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်သည်။

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံ များနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံက ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သည့် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ (Independent, Active and Non- Aligned Policy) ကိုပင် ဆက်လက်ကျင့်သုံးကာ နိုင်ငံ၏ စံတန်ဖိုးများနှင့်အတူ နိုင်ငံတော်၏ အကျိုးစီးပွားကို ပါ ကြိုးပမ်းမြှင့်တင်လျက်ရှိသည်။ မြန်မာ့အိမ်နီးချင်း နိုင်ငံများအနေဖြင့်မူ ထာဝရအတူယှဉ်တွဲနေထိုင် သွားကြရမည်ဖြစ်သော ရွေးချယ်ခွင့်မရှိသည့် မိတ်ဆွေများဖြစ်သည့်အလျောက် အထူးအလေး အနက်ထားကာ မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိပြီး နိုင်ငံများအလိုက် နှစ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံလုံး အကျိုးစီးပွားများဖြစ်ထွန်းစေရန်လည်း ဆောင်ရွက်လျက် ရှိသည်။

အစိုးရသစ်၏ အစောပိုင်းကာလအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ တရုတ်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ Capital လေဆိပ်သို့ ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Liu Wei ဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ 

ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုကြိုဆို

ထိုသို့ကြိုဆိုရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ထုံးတမ်း အစဉ်အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍လည်းကောင်း၊ တရုတ်ကလေးငယ်တစ်ဦးနှင့် မြန်မာကလေးငယ်တစ်ဦးတို့က ဂုဏ်ပြုပန်းစည်း ကမ်း၍လည်းကောင်း နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခရီးဦးကြိုဆိုခဲ့ကြသလို နိုင်ငံတော်သမ္မတ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ဆက်လက်ထွက်ခွာရာ လမ်းကြောင်းတစ်လျှောက်၌ နှစ်နိုင်ငံ နိုင်ငံတော်အလံများကို လွှင့်ထူ၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုထားမှုများကိုလည်း တွေ့မြင်ရသည်။

အာကာသမြို့တော် သွားရောက်လေ့လာ

 ခရီးရောက်မဆိုက်ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အာကာသမြို့တော် (Aerospace City) သို့ သွားရောက်လေ့လာရာ Aerospace City ၏ အမှုဆောင်ချုပ် မစ္စတာ ကျိုးကျဲနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ Aerospace City အမှုဆောင်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုကဲ့သို့ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်လေ့လာမှုအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံနှင့် ပြည်သူများသည် နှစ်နိုင်ငံ နိုင်ငံ့ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ဆက်ဆံရေးအထူးကောင်းမွန်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ပြည်သူများမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အေးအတူ ပူအမျှ အပြန်အလှန်ဖေးမကူညီကြသော ကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Aerospace City မှ အမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများက Aerospace City ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး Aerospace City ဆိုင်ရာ Video Clip ကို ဖွင့်လှစ် ပြသရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ Aerospace City အမှုဆောင်ချုပ်နှင့် ပြခန်းများအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

"Project 921" ဟူ၍ မကြာခဏ ရည်ညွှန်းလေ့ရှိသော Aerospace City သည် ပေကျင်းမြို့ Haiden District အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး အကျယ်အဝန်း ၂ ဒသမ ၃ စတုရန်း ကီလိုမီတာ (၅၇၇ ဧက) ကျယ်ဝန်းကာ ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (Beijing Aerospace Control Centre.BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (China Academy of Space Technology- CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut centre of China- ACC) တို့ အခြေစိုက်သည့် နေရာဖြစ်သည်။ 

Aerospace City အတွင်းရှိ တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သည် တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော နိုင်ငံတော်ပိုင် အဆင့်မြင့်နည်းပညာအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ CASC သည် တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်များကို အဓိကဆောင်ရွက်နေပြီး နိုင်ငံကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပေးလျက်ရှိသလို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီစုစုပေါင်း ၅ဝဝ ပေါင်းစည်း၍ အာကာသစနစ်များအတွက် သုတေသန၊ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် ဂြိုဟ်တုလွှတ်တင်မှု တို့ကို ဆောင်ရွက်နေသည်ဟုလည်း သိရသည်။ 

CASC သည် တရုတ်နိုင်ငံ၏ အာကာသယာဉ်များ လွှတ်တင်ပျံသန်းမှုတွင် အဓိကကျောရိုးဖြစ်ပြီး Long March ဟု လူသိများသည့် Changzheng ဒုံးယာဉ်များ ဒီဇိုင်းပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ ထျန်းကုန်း( Tiangong) အာကာသစခန်း တည်ဆောက်ခြင်း၊ ချန်အာ (Chang'e) လသို့ စူးစမ်း လေ့လာရေးအစီအစဉ်၊ ထျန်းဝမ် (Tianwen) အင်္ဂါဂြိုဟ်သို့ စူးစမ်းလေ့လာရေး အစီအစဉ်၊ ပေသို (Bei Dou) ဂြိုဟ်တုစနစ် ပတ်လမ်းကြောင်း၊ ကောင်းဖန်း(Geofen) ကမ္ဘာကိုလေ့လာသော ဂြိုဟ်တု နှင့် ဆက်သွယ်ရေး ဂြိုဟ်တုများ ထုတ်လုပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် သတင်းအချက်အလက်နည်းပညာ၊ စွမ်းအင်သစ်၊ အဆင့်မြင့်ထုတ်ကုန်များနှင့် ပတ်ဝန်းကျင်အကာ အကွယ်ပေးရေးဆိုင်ရာ အထောက်အကူပြုကိရိယာ များ ထုတ်လုပ်ခြင်းတို့ကို အရပ်ဘက်ကဏ္ဍများ အထိ နည်းပညာကျယ်ပြန့်စွာ အသုံးချနိုင်ရေး အဓိကထား ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေ

တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သည် မြန်မာနိုင်ငံသို့လည်း အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေပေးခြင်း၊ အာကာသနည်းပညာဆိုင်ရာ ပညာတော်သင် သင်တန်းသားများ ခေါ်ယူလေ့ကျင့်သင်ကြားပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဆိုင်ရာ အချက်အလက် များကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ တိုးတက် မြင့်မားအောင် ဆောင်ရွက်ခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသယာဉ် (Manned Spaceflight) အာကာသယာဉ်မှူး လေ့ကျင့်ရေးစနစ်ဆိုင်ရာ ပြခန်းအတွင်း လေ့လာကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Aerospace City အမှုဆောင်ချုပ် နှင့်တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ကျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment