Thursday, June 11, 2026

ပြည်သူရွေးချယ်သည့်ပြည်သူ့အစိုးရ နိုင်ငံနှင့်ပြည်သူ့အကျိုးဆောင်ကြဉ်း

 


၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့စိတ်ဆန္ဒအတိုင်း ပြည်သူ့ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် တက်တက်ကြွကြွ ရွေးချယ်ပေးခဲ့သည်။ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံတော်၏တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းဆောင်နိုင်မည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့်လွှတ်တော်ဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ပေးခဲ့ရာ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်တည်ဆောက်မည့်အစိုးရသစ်ဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေပြီဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ဇွန် ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ကျင်းပရာ နိုင်ငံတော်သမ္မတက “မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများက ရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကို ထမ်းဆောင်ကြရမည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရ မည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက် ကွပ်ကဲအုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားကြရန်လိုကြောင်း”ပြောကြားခဲ့သည်။

ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူကို အလေးထား၍ ဆောင်ရွက်ကြရပေသည်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားဆောင်ရွက်ကြရမည်ဖြစ်သလို ပြည်သူများအနေဖြင့်လည်း ဥပဒေကို ကောင်းစွာသိရှိနားလည်နိုင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုအပ်သည်။ ပြည်သူလူထုအတွက်လိုအပ်သည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေး၊ လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဝန်ဆောင်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးရာ၌ ခွင့်ပြုပေးထားသောဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်းမရှိဘဲ အကျိုးရှိရှိအသုံးချသွားရန်လိုသည်။

လုံခြုံရေးပိုင်းဆိုင်ရာကဏ္ဍများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိရာတွင် လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်မှုဖြစ်ရန်သာလိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လိုသည်။ လုံခြုံရေးအရသော်လည်းကောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရသော်လည်းကောင်း စစ်ဆေးဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုရမည်ဖြစ်သော်လည်း တရားမဝင်ငွေကြေးကောက်ခံခြင်းမဖြစ်စေရန် တာဝန်ရှိသူများက စနစ်တကျစစ်ဆေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများနှင့်လုံခြုံရေးဝန်ထမ်းများအတွက် နိုင်ငံတော်က ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးအပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်း၊ အဂတိလိုက်စားခြင်း၊ လုပ်ပိုင်ခွင့် အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းစသည့် မလျော်ကန်မှုများ မပြုလုပ်မိကြရန် လိုအပ်ပေသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသော ပြည်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက် အကျိုးစီးပွား လိုအင်ဆန္ဒဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုသည်။ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အခွင့်အရေးများကို မလျော်ညီစွာအသုံးပြုခြင်းတို့သည် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည့်အပြင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများအားလုံးအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ ကောင်းမွန်သော ဝန်ဆောင်မှုဖြစ်စေရန် အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ကွပ်ကဲသွားရန်လိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာလျှောက်လှမ်းနေပြီး တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များဖြင့် အကောင်းဆုံးဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးအနေဖြင့် တာဝန်ယူထားသည့်လုပ်ငန်းများအားလုံး အောင်မြင်စေရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

No comments:

Post a Comment