မကူးစက်နိုင်သော ရောဂါများ (Non- Communicable Diseases) ဆိုသည်မှာ နာတာရှည်ရောဂါများဖြစ်ကြသည့် နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုး၊ သွေးချို/ဆီးချို၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောင် စသည့်ရောဂါများပင်ဖြစ်သည်။ အဆိုပါမကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်းသည် နေ့စဉ်စားသောက်မှု၊ လူမှုဘဝနေထိုင်မှု စသည်တို့တွင် ကျန်းမာရေးနှင့် မညီညွတ်သည့် ပုံစံများကို ကာလကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေကြခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးသည် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနေကြခြင်းဖြစ်သည် ဟုဆိုရာ လူတိုင်းနေ့စဉ် စားသောက်နေထိုင်မှုတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန် ဂရုပြုကြရမည်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့်
ရောဂါများမှာ မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါများဖြစ်ပြီး အဆိုပါရောဂါများ
မဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများရှိပြီးဖြစ်သည်။ အစားအသောက်များတွင်
အချို၊ အငန်၊ အဆီ လွန်ကဲသည့်စားစရာများ၊ အသင့်ထုပ်ပိုး ထားသည့် အစားအစာများကို အနည်းငယ်မျှသာ
စားသုံးရန်၊ တိရစ္ဆာန်အဆီများရှောင်ကြဉ်ရန်၊ စားအုန်းဆီလျှော့စားရန်၊
ကွမ်းစားခြင်းကိုရှောင်ကြဉ်ရန်၊ အမျှင်ဓာတ်ပါသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို
များများစားသုံးရန်၊ ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများကို တစ်နေ့လျှင်
နာရီဝက်၊ တစ်ပတ်လျှင် ၅ ရက် သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်၊ သွက်လက်တက်ကြွစွာ
နေထိုင်ရန်၊ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ တီဗွီ၊ အင်တာနက်ဆက်တိုက်ကြာရှည်စွာ
အသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးပညာရှင်တို့က တိုက်တွန်းထားသည်။
ထို့အပြင်
ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ရှောင်ကြဉ်ရန်၊
အရက်အလွန်အကျွံသောက်သုံးမှုရှောင်ကြဉ်ရန်၊ ရှိသင့်သည့် ကိုယ်အလေးချိန်ကို ထိန်းရန်နှင့်
နေ့စဉ် ရေ (၂) လီတာခန့် သောက်သုံးရန်၊ သောကကင်းဝေးအောင်
ကြိုးပမ်းနေထိုင်ကြရန်တို့မှာလည်း မကူးစက်နိုင်သော ရောဂါများ ကာကွယ်နိုင်ရန်အတွက်
မဖြစ်မနေလိုအပ်သည်။ အသက် ၄၀ ကျော်လာသူများ သွေးချို/ဆီးချိုနှင့်
သွေးတိုးရောဂါများဖြစ်ပွားနေမှု ရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ပြီး
ရောဂါဖြစ်ပွားမှုသိရှိရပါက ဆောလျင်စွာပြသပြီး ပုံမှန်စစ်ဆေးကုသမှုခံယူကြရမည်ဖြစ်သည်။
မျက်မှောက်ကာလ
ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားခြင်းကြောင့် နှစ်စဉ်လူဦးရေ သန်း
၄ဝ ကျော် သေဆုံးနေကြရသည်ဟုဆိုသည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်းသည်
ကျန်းမာရေးနှင့်မညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများကြောင့်ပင်ဖြစ်ရာ အဆိုပါအကြောင်းရင်းများအနက်မှ
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုတစ်ခုတည်းကြောင့် ကမ္ဘာပေါ်တွင်
နှစ်စဉ်လူဦးရေ ၈ သန်းကျော် သေဆုံးနေကြရသည်။ ၎င်းအနက်မှ ၁ဝ ရာခိုင်နှုန်းသည်
အခြားသူသောက်သည့် ဆေးလိပ်ငွေ့ကြောင့် သေဆုံးနေကြရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် သေဆုံးရသူများထဲမှ ၄ ပုံ ၃ ပုံသည် အပြစ်ကင်းစင်သော
ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်ဟုလည်း လေ့လာမှုစစ်တမ်းများအရ သိကြရသည်။
ယခုအခါ
မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် ၁ဝ နှစ်ကထက် ဆေးလိပ်သောက်သုံးမှုနှုန်း၊ ကွမ်းယာအပါအဝင်
ဆေးရွက်ကြီး သုံးစွဲမှုနှုန်းလျော့ကျလာသည်ဟူသော ကောင်းသတင်းကို ကြားသိရသည်။ ၂ဝ၂၄ ခုနှစ်က
ပြုလုပ်ခဲ့သည့် သုတေသနအရ ဆေးလိပ်သောက်သုံးမှုနှုန်း၊ ကွမ်းယာအပါအဝင်
ဆေးရွက်ကြီးသုံးစွဲမှုနှုန်းသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းလာခဲ့သည်ကို
တွေ့ရှိရခြင်းဖြစ်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုသည် မကူးစက်နိုင်သော
ရောဂါများဖြစ်ပွားစေသည့် အကြောင်းရင်းများအနက်မှ အကြောင်းရင်းတစ်ခုသာဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံအပါအဝင်ဖြစ်သည့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၈
သန်းကျော်ကို သေဆုံးစေသည့် အကြောင်းရင်းဖြစ်ရာ ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျလေလေ
ယင်းကြောင့်သေဆုံးရမှုလည်း လျော့ကျလေလေဆိုသည့် အကျိုးရလဒ်ကောင်းကို
ရရှိမည်ဖြစ်သည်။
ဆေးလိပ်သောက်သုံးမှုနှုန်း၊
ကွမ်းယာအပါအဝင် ဆေးရွက်ကြီး သုံးစွဲမှုနှုန်းလျော့နည်းကျဆင်းလာခြင်းသည် အသိပညာပေးလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်လာနိုင်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများအပေါ်
အခွန်တိုးမြှင့်ကောက်ခံလာနိုင်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့လာနိုင်ခြင်းတို့၏
အောင်မြင်မှုရလဒ်အဖြစ် သုံးသပ်ထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ
နိုင်ငံသားပြည်သူများအတွင်း ဆေးလိပ်၊ ကွမ်းယာနှင့် ဆေးရွက်ကြီးသုံးစွဲမှုများကို
ကျန်းမာရေးထိခိုက်စေသည့် အပြုအမူများအဖြစ် သိရှိနားလည်ရှောင်ကြဉ်ကြပြီး
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ကြရေး အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားကြရပါမည့်အကြောင်း။
။

No comments:
Post a Comment