ရန်ကုန် မေ ၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့သွားရောက်၍ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card– OWIC) ထုတ်ပေးရေးစခန်းများကို သွားရောက်စစ်ဆေးသည်။
အဆိုပါနေရာတွင် MoU စနစ်ဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများ၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့သွားရောက်မည့် ကျွမ်းကျင်လုပ်သားများနှင့် ပြည်ပနိုင်ငံများမှ ခွင့်ပြန်လုပ်သားများအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) အား Cashless စနစ်ဖြင့် တစ်နေရာတည်းတွင် ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တာဝန်ခံအရာရှိများ၏ ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် အသုံးပြုသည့် စက်ပစ္စည်းများကို စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ အလုပ်သမားများ၏အခက်အခဲများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ကူညီဖြေရှင်းဆောင်ရွက်ပေးရန်နှင့် အလုပ်သမားများနှင့် လုပ်ငန်းစဉ်အပေါ် စေတနာထား၍ ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကျောင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းညွှန်သင်တန်းပို့ချမှုများကို အလုပ်သမားများ ရှင်းလင်းစွာနားလည်သိရှိစေရေး လုပ်ငန်းခွင်နှင့်သက်ဆိုင်သောအကြောင်းအရာများ သင်ကြားပို့ချသွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment