Monday, May 11, 2026

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၇၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

 

နေပြည်တော် မေ ၁၁

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄၀ ဦး၊ TNLA အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇၂ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။



ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကျောက်မဲမြို့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ သီပေါမြို့မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများကိုယ်စား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

၁။ ကျွန်တော်ကတော့ ဒီအဖွဲ့အစည်းထဲကို ၂၀၂၅ (၃လပိုင်း)မှာ မတရားဆွဲဆောင်ခံရပြီးတော့ သင်တန်းကွင်းထဲကို ပို့ဆောင်ခံရပါတယ်။ သင်တန်း ကွင်းမှာတော့ ကျွန်တော်တို့က သင်တန်းသုံးလ တက်ရပါတယ်။ သင်တန်းကွင်းထဲမှာတော့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လူမျိုးရေးခွဲခြားခံရတာတွေများလွန်းလို့ ကျွန်တော်တို့ စိတ်နာပြီး အစိုးရဘက်ကလည်း အလင်းဝင်ရောက်သူတွေကို နွေးထွေးစွာကြိုဆိုတဲ့ သတင်းကြားရလို့ ကျွန်တော်တို့လည်း အမြန်ဆုံးဥပဒေဘောင်အတွင်း ဝင်လာခဲ့ပါတယ်။ သင်တန်းကွင်းထဲမှာလည်း လူမျိုးခွဲခြားခံရတာတွေ အစားအသောက်ကလည်း တစ်ပတ်လောက်နေမှ အသားတစ်ခါလောက် စားရပါတယ်။ သင်တန်းပြီးတော့လည်း ကျွန်တော်တို့ကို တပ်သားအနေနဲ့ သိန္နီမြို့ဘက်ကို ပို့လိုက်တယ်။ အဲ့ဒီကိုရောက်တော့ ကျွန်တော်တို့ ကင်းစောင့်ရတယ်။ ထင်းခွဲရတယ်။ လက်အောက်ငယ်သားအချင်းချင်း အနိုင်ကျင့်ခံရတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့က စိတ်နာပြီးတော့ တရားဥပဒေဘောင်အတွင်းကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တောထဲမှာ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးအမှန်တရားရပြီးတော့ အလင်းဝင်ရောက်နိုင်ဖို့ ကျွန်တော် ဒီကနေ တိုက်တွန်းလိုက်ပါတယ်။

၂။ ၂၀၂၅ (၉လပိုင်း)မှာ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာတော့ ကောင်းကောင်းမွန်မွန်နေရပါတယ်။ နောက်ပိုင်းမှာကျတော့ သင်တန်းသွားရင်လည်း အခက်အခဲများနဲ့ ကြုံရပါတယ်။ သင်တန်းလည်း ကောင်းကောင်း မတက်ရဘူး။ အမြဲတမ်းရိုက်နှက်ခံနေရပါတယ်။ ဝင်ဝင်ချင်းလည်း စိတ်ညစ်ရတယ်။ နောင်တတွေလည်း ရခဲ့တယ်။ လုံးဝမနေချင်တော့ဘူး။ သင်တန်း စတက်ချင်းမှာပဲ အမြဲတမ်းထွက်သွားဖို့တွေးနေခဲ့တယ်။ အခုကျတော့လည်း မိဘအိမ်ပြန်ရတော့ အလွန်ပျော်ရပါတယ်။ သင်တန်းပြီးတော့ ဂိတ်တွေ စောင့်ရတယ်။ ဂိတ်စောင့်ချိန်မှာလည်း အစောကြီးမရောက်လို့ အမြဲတမ်းပြဿနာရှာခံရပါတယ်။ ကောင်းကောင်းမွန်မွန်လည်း မနေရဘူး။ အစားဆင်းရဲ၊ အနေဆင်းရဲ နေခဲ့ရတယ်။ အချိန်ပြည့်ပြေးနေရတယ်။ ညဆိုလည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး။ နေ့တိုင်းနေ့တိုင်း ဆဲဆိုခံရပြီး နှိပ်စက်ခံရတယ်။ ပြီးတော့ ဒီကိုအလင်းဝင်မယ့်အချိန် ပထမအခေါက် ထွက်ပြေးတုန်းက သူတို့ဖမ်းမိခဲ့တယ်။ ရက် ၂၀ လောက် ကျွန်မကိုခြောက်ပေါက်ထဲ ထည့်ထားတယ်။ အစကတော့ ကျွန်မကို သတ်တော့မလို့။ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးအလွန်တင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာမေတ္တာကိုလည်း ကျွန်မတို့ နားလည်ပါပြီ။ ကျွန်မလည်း ကောင်းကောင်းမွန်မွန်နေထိုင်သွားပါမယ်လို့ ဆုံးဖြတ်ထားပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးအလင်းဝင်ရောက်လာပါလို့ မေတ္တာရပ်ခံပါတယ်။

သတင်းစဉ်


No comments:

Post a Comment