ရန်ကုန် မေ ၃
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော် ပရိဝုဏ်အတွင်း၌ မေ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ
နှစ် (၇၀) ပြည့် အထိမ်းအမှတ်အထူးပြပွဲပြခန်းကို ဧပြီ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ စိတ်ပါဝင်စားသူပြည်သူများ
လာရောက်ကြည်ညိုနိုင်ရန်အတွက် မေ ၁၀ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်ပြီး
မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ
နှစ် (၇၀) ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲတွင်
ပထမသင်္ဂါယနာတင်မှ ဆဋ္ဌသင်္ဂါယနာတင်အကြောင်းအရာများနှင့် ယနေ့ခေတ်သာသနာရေးဆိုင်ရာ
ဆောင်ရွက်ချက်များဖြင့် ပြကွက် ၁၀ ကွက်ဖြင့် ပြသထားကာ ပြကွက် (၁) တွင် ဘုရားလောင်းပဋိသန္ဓေယူခန်း၊
ဘုရားလောင်းဖွားတော်မူခန်း၊ ဘုရားဖြစ်တော်မူခန်း၊ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးဟောတော်မူခန်း၊
ပရိနိဗ္ဗာန်စံတော်မူခန်း ပြကွက်၊ ပြကွက် (၂) တွင် အိန္ဒိယနိုင်ငံတွင် နှုတ်တက်အာဂုံရွတ်ဆို၍
တင်တော်မူခဲ့ကြသည့် သင်္ဂါယနာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပထမသင်္ဂါယနာတင်ပြကွက်၊
ဒုတိယသင်္ဂါယနာတင်ပြကွက်၊ တတိယသင်္ဂါယ နာတင်ပြကွက်၊ ပြကွက် (၃) တွင် သီရိလင်္ကာနိုင်ငံ၌
ပေထက်အက္ခရာတင်ခဲ့သည့် စတုတ္ထသင်္ဂါယနာတင်ပြကွက်နှင့် မြန်မာနိုင်ငံ မန္တလေးမြို့၌
မင်းတုန်းမင်းကြီးလက်ထက် ကျောက်ထက်အက္ခရာတင်ခဲ့သည့် ပဉ္စမသင်္ဂါယနာတင်ပြကွက်ကို ကုသိုလ်တော်ဓမ္မစေတီများနှင့်
အတူပြသခြင်း၊ ပြကွက် (၄) တွင် ဆဋ္ဌသင်္ဂါယနာတင်ရန် မဟာပါသာဏလိုဏ်ဂူတော်
တည်ဆောက်မှုမှတ်တမ်း၊ ဖွားဖက်တော်အဆောက်အအုံကိုးခုနှင့် ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနားကျင်းပနေသည့်
မှတ်တမ်းများ၊ ပြကွက် (၅) တွင် ထေရဝါဒငါးနိုင်ငံမှ သံဃရာဇာခြောက်ပါးနှင့်
ဆဋ္ဌဝန်ဆောင်ဆရာတော်ကြီး ၂၄ ပါး၊ ညောင်ရမ်းဆရာတော်၊
မစိုးရိမ်ဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့၏ ရုပ်တုများ၊ ဒါယကာဦးနု၏ ကိုယ်တစ်ပိုင်းရုပ်တု၊
ဆာဦးသွင်၏ ကိုယ်တစ်ပိုင်း ရုပ်တု၊ ပြကွက် (၆) တွင် ဆဋ္ဌသင်္ဂါယနာတင်ရာတွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲဖိတ်ကြားစာ၊
ဆဋ္ဌသင်္ဂါယနာတင်ရာတွင် တပ်ဆင်အသုံးပြုခဲ့သော တံဆိပ်များ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင်
မင်းကွန်းဆရာတော်ဘုရားကြီးအား ဆက်ကပ်ခဲ့သော ဆင်စွယ်ယပ်ဝန်း၊ ဆရာတော်ကြီးများ ဆွမ်းဘုဉ်းပေးရန်
အင်္ဂလန်မှ မှာယူသည့် ပန်းကန်ခွက်ယောက်များ၊ ဇွန်းများ၊ ဆရာတော်ကြီးများ၏ အသုံးအဆောင်ပစ္စည်းများ၊
ပြကွက် (၇) တွင် အခြားနိုင်ငံများမှ လှူဒါန်းသော ပစ္စည်းများပြကွက်၌
ထိုင်းပြခန်းမှ ပြသထားသော ဓာတ်ပုံလေးပုံ၊ ထိုင်းပေ ၁၀ ချပ်၊ ကမ္ဘောဒီးယား၊ လာအို၊
တိဘက် (တရုတ်) တို့မှ လှူဒါန်းပစ္စည်းများ၊ လာအိုစေတီများ၊
အိန္ဒိယသံအမတ်ကြီးလှူဒါန်းသော ဆင်းတု၊ ဆဋ္ဌသင်္ဂါယနာတင်ကာလအတွင်း အိန္ဒိယနိုင်ငံမှ
လှူဒါန်းခဲ့သော ရုပ်တု၊ သီရိလင်္ကာပြခန်း၊ နံရံကပ်ပန်းချီပုံ၊ ပြကွက်(၈)တွင်
ရှေးပုံနှိပ်စက်များ၊ ခဲစာလုံးများ၊ ပိဋကတ်တော်ဆိုင်ရာ ပုံနှိပ်စာအုပ်မူသုံးမျိုး၊
ပြကွက် (၉) တွင် အဋ္ဌကထာပြခန်းသီးသန့်ပြုလုပ်ခြင်း၊ အဋ္ဌကထာစာအုပ်များ ထုတ်ဝေရန်
ဆရာတော်ကြီး ဩဝါဒပေးခြင်း၊ စာစီစာရိုက်ခြင်း၊ အကြီးအကဲအား ပြည်ထောင်စုဝန်ကြီး
စာအုပ်ပြနေသောပုံ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ဆောင်ရွက်နေသော အင်္ဂလိပ်ဘာသာပြန်နေသောပုံများ၊
ပါဠိ၊ မြန်မာအဘိဓာန်စာအုပ်များ ၂၅တွဲ ၂၉ အုပ်၊ ပါဠိ-မြန်မာ-အင်္ဂလိပ်ဘာသာပြန်စာအုပ်များ၊
ပြကွက် (၁၀) တွင် သာသနာတော် ဆက်လက်အဓွန့်ရှည်တည်တံ့ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်၍ တည်ထားကိုးကွယ်ပူဇော်သော
သာသနိကအဆောက်အအုံများ၏ ပြကွက်များ ပြသထားသည်။
သင်္ဂါယနာကို
သာသနာသက္ကရာဇ် ၁ ခုနှစ်တွင် ပထမအကြိမ်၊ သာသနာသက္ကရာဇ် ၁၀၀ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊
သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် တတိယအကြိမ်၊ သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်တွင် စတုတ္ထအကြိမ်၊
သာသနာသက္ကရာဇ် ၂၄၁၅ ခုနှစ်တွင် ပဉ္စမအကြိမ်၊ သာသနာနှစ် ၂၄၉၈ ခုနှစ် (ခရစ်နှစ် ၁၉၅၄ ခုနှစ်)
ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ဤမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ မြန်မာနိုင်ငံမှ
ညောင်ရမ်းဆရာတော်ကြီး ဘဒ္ဒန္တရေဝတနှင့် မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသတို့
အမှူးပြုသော ပြည်ပထေရဝါဒလေးနိုင်ငံနှင့် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နိုင်ငံအပါအဝင်
သံဃာတော်အပါး ၂၅၀၀ တို့က နှစ်နှစ်တိုင် စုပေါင်းရွတ်ဆို၍
ဆဋ္ဌသင်္ဂါယနာတင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် နှစ်ပေါင်း ၇၀
ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ
နှစ် (၇၀) ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို
ဗုဒ္ဓရှင်တော်မြတ်၏ မူလသာသနာ တော်တည်တံ့ခိုင်မြဲပြန့်ပွားစေရန်၊ ဗုဒ္ဓသာသနာတော်ကို
သင်္ဂါယနာတင်ပွဲများ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်ထိ ခဲယဉ်းစွာကျင်းပပြီး
ထိန်းသိမ်းခဲ့ပုံကို သိမြင်နိုင်စေရန်နှင့် အထောက်အထားများ ပြည်စုံစွာ
သိရှိနိုင်စေရန် ဆဋ္ဌသင်္ဂါယနာတင်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာ အချက်အလက်များ ပြည်စုံစွာသိရှိနိုင်စေရန်၊
ထေရဝါဒဗုဒ္ဓ သာသနာတော်တည်တံ့ခိုင်မြဲစေရန် ဆရာတော်သံဃာတော်ကြီးများ၊
နိုင်ငံတော်အစိုးရနှင့် တိုင်းသူပြည်သားများက ခေတ်အဆက်ဆက်တွင် ဘက်ပေါင်းစုံမှ
ကြိုးစား၍ ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ခဲ့ပုံများကို လေ့လာသိရှိကြည်ညိုသဒ္ဓါပွားများနိုင်စေရန်
ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တိုင်းတွင် အလားတူတာဝန်ရှိသည်ကို သိမြင်နိုင်စေရန်
ရည်ရွယ်ချက်ဖြင့် ပြသကြောင်း သိရသည်။
သတင်းစဉ်



No comments:
Post a Comment