မကွေး မေ ၁၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးတို့နှင့်အတူ မကွေးမြို့မှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့တက်ရောက်လာကြသည့်
မကွေးမြို့မှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံတော်၏ ဒုတိယစာမျက်နှာကို
နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူ၊ နိုင်ငံရေးပါတီများဖြင့် အတူတကွဖွင့်လှစ်လက်တွဲလျှောက်လှမ်းနိုင်ရေးနှင့်
မိမိတို့ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍
လွှတ်တော်မှ ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များရှိပါက လွှတ်တော်မှတစ်ဆင့်
ဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ရခြင်းဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲများကို
မဖြစ်မနေကျင်းပကြရပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် မဏ္ဍိုင် (၃)
ရပ် ပေါ်ပေါက်လာပါကြောင်း၊ အဆိုပါမဏ္ဍိုင် (၃) ရပ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရည်မှန်းချက်တူညီစွာဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်အနေဖြင့်
ပြည်သူကို ကိုယ်စားပြုပြီး မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့်
ပြည်သူများ၏ လိုလားချက်များကို လွှတ်တော်အတွင်းမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့်
အခက်အခဲနှင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်းအကြံပြုတင်ပြပေးစေလိုကြောင်း။
လွှတ်တော်များသည် ဥပဒေပြုရေးတာဝန်ကို အဓိကဆောင်ရွက်ရသည့်
အားလျော်စွာ ပြည်သူများ အေးချမ်းလုံခြုံစွာဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင်
နေထိုင်နိုင်စေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အချို့သောတည်ဆဲဥပဒေများကို
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ဆက်လက်ပြီး တည်ဆဲဥပဒေများကိုလည်း ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေမည့် ဥပဒေများ၊
ပြည်သူကို လုံခြုံမှုပေးနိုင်သည့် ဥပဒေများ၊ တရားဥပဒေစိုးမိုးရေးကို
အားကောင်းစေသည့် ဥပဒေများအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လတ်တလောအနေဖြင့် နိုင်ငံတော်အတွက် လက်ရှိအခြေအနေများနှင့်
ကိုက်ညီမည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို လာမည့်လွှတ်တော်များအတွင်း
ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင်
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုမည့် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်
ဥပဒေများကိုလည်း ပြင်ဆင်ဖြည့်စွက်သင့်သည်များ သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊
မြို့မိမြို့ဖများအနေဖြင့် ဒေသတွင်းအလုပ်အကိုင်ရရှိရေး၊
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် မိမိတို့လွှတ်တော်က ဥပဒေပြုဆောင်ရွက်ပေးရမည့်
ကိစ္စရပ်များရှိပါက အကြံပြုတင်ပြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက
ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များကို မှတ်တမ်းတင်ထားရှိပြီး
သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်

No comments:
Post a Comment