Saturday, May 23, 2026

ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး



မော်လမြိုင် မေ ၂၂

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွလက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ မင်းရွာကျေးရွာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်ဆောက်နေမှု၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment