နေပြည်တော် မေ ၇
ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံး အမှတ် (၅၁) အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက တာဝန်ကျေပွန်ပြီးသော ပြည်သူ့စစ်မှုထမ်းများ၏ ကျွမ်းကျင်မှုများနှင့်
လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော်သည့် အလုပ်အကိုင်များနှင့် စနစ်တကျချိတ်ဆက်ပေးနိုင်ရေး
ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းကာလပြည့်ပြီး ပြည်တွင်းအလုပ်အကိုင် လုပ်ကိုင်လိုသူများ၏
အချက်အလက်များရယူ၍ ၎င်းတို့ ဆန္ဒပြုသည့် အစိုးရဌာန / ပြည်တွင်းကုမ္ပဏီများတွင် လျှောက်ထားနိုင်ရေး
ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများ၊ စက်ရုံ၊
အလုပ်ရုံ၊ အလုပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍
အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်
လိုအပ်ကြောင်း။
လုပ်ငန်းကော်မတီဝင်များအနေဖြင့်
အစိုးရဝန်ထမ်း လုပ်လိုသော ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်ပြီးသူများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်
ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ အလုပ်ဌာနသို့
သွားရောက်လုပ်ကိုင်လိုသူများကို သက်ဆိုင်ရာလုပ်ငန်းရှင်၊ စက်မှုဇုန်ကော်မတီများနှင့်
ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ပြည်တွင်းအလုပ်အကိုင်
ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီသည် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ၄၅ နှင့်အညီ စစ်မှုထမ်းတာဝန်ကျေပွန်စွာ
ထမ်းဆောင်ခဲ့သူများကို ၎င်းတို့၏ မူလအလုပ်အကိုင်ကိုဖြစ်စေ၊ အလုပ်ရှင်က မူလအလုပ်အကိုင်တွင်
ပြန်လည်ခန့်ထားရန် အခက်အခဲရှိသည့်အခါ အလားတူ အလုပ်အကိုင်တွင်ဖြစ်စေ ခန့်ထားနိုင်ရေးအတွက်
ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများအတွက်
သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းသည်
၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း
အထောက်အပံ့ဖြစ်စေပါကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment