မြန်မာနိုင်ငံတွင် ယခုအချိန်အခါကာလ၌ ပူပြင်းသောနွေရာသီမှ စွတ်စိုသည့် မိုးဦးကျကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုကာလ ရာသီဥတုပြောင်းလဲမှု စပ်ကူးမပ်ကူးအချိန်၌ ပူပြင်းသည့်အပူရှိန်ကို ဆက်လက်ခံစားရသလို အပူရှိန်မှဖြစ်ပေါ်လာသည့် လေပွေလှိုင်းများနှင့်အတူ မိုးတိမ်တောင်များကြောင့် မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ယခုအခါ လေပြင်းတိုက်ခတ်သည့် သဘာဝဘေးငယ်များကြုံတွေ့လျက်ရှိစဉ် ငလျင်လှုပ်ခတ်မှုကိုပါ တွေ့ကြုံလာသည်။
မေ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၏ တောင်ဘက်ကိုးမိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့သည်။ တစ်ဆက်တည်း မိနစ်အနည်းငယ်အကြာ၌ အဆိုပါနေရာနှင့် မနီးမဝေးတွင် ပမာဏ ၃ ဒသမ ၂ အဆင့်ရှိသော အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုဆိုသည်။ ထိုနေ့တွင်ပင် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာကိုဗဟိုပြု၍ ပမာဏ ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး ယင်းမာပင်မြို့ အနောက်ဘက်တွင်လည်း ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားသည်။ ယခုကာလတွင် ငလျင်လှုပ်ခတ်မှုမကြာခဏဖြစ်သဖြင့် မဖြစ်ခင်က ကြိုတင်သတိပြု ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
အဆိုပါ ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ရှားသည့် အချိန်တွင် ရန်ကုန်မြို့နေ ပြည်သူအများစုမှာ စိုးရိမ်ထိတ်လန့်မှုများဖြစ်ခဲ့ကြသည်။ တိုက်တာအဆောက်အအုံများပေါ်မှ ပြည်သူများ လမ်းမများပေါ်သို့ဆင်း၍ သတိပြုနေကြရသည်။ ရန်ကုန်မြို့အနေဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ငယ်များနှင့် ကြုံတွေ့ဖူးလျက်ရှိသည့်အနက် ယခုလှုပ်ခတ်သောငလျင်သည် အင်အားအပြင်းဆုံးဟုဆိုကြသည်။ ယမန်နှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မြို့ကြီးများရှိအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိခဲ့သည်။ အဆိုပါဖြစ်ရပ်ဆိုးသည် ငလျင်နှင့်ပတ်သက်၍ ပြတ်ရွေ့ကြောပေါ်ရှိ မြို့ကြီးများအတွက် အဆောက်အအုံများခိုင်ခံ့မှုနှင့် ငလျင်လှုပ်ခတ်ပါက သတိပြုရမည့်အချက်များကို သတိပေးထားသလိုဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့ကြောဟုခေါ်ဆိုသည့် မြန်မာနိုင်ငံမြောက်မှတောင်သို့ ဖြတ်သန်းလျက်ရှိသော ငလျင်ပြတ်ရွေ့ကြောကြီးသည် စစ်ကိုင်း-မန္တလေး-ဖြူး-ပဲခူး-ရန်ကုန်-မုတ္တမကွေ့အထိ ဖြတ်သန်းလျက်ရှိသည်။ အဆိုပါငလျင်ကြောပေါ်ရှိ နေရာဒေသများအလိုက် ငလျင်ပမာဏအဆင့်ဆင့်ကို သက်ဆိုင်ရာပညာရှင်များက တိုင်းတာသတ်မှတ်ကြရာတွင် ရန်ကုန်မြို့အနေဖြင့် အင်အားပမာဏ အလယ်အလတ်အဆင့်တွင်ရှိနေသည်ဟု သိရသည်။ ရန်ကုန်မြို့သည် လူဦးရေ ခုနစ်သန်းကျော်နေထိုင်လျက်ရှိပြီး နေထိုင်ကြသည့် အဆောက်အအုံအများစုသည် အထပ်မြင့်များဖြစ်ကြသည်။ အဆောက်အအုံများမှာ အသစ်များရှိသလို သက်တမ်းလွန် အဟောင်းများလည်းရှိရာ အရည်အသွေးပြည့်ဝမှုမရှိ၊ ခိုင်ခံ့မှုမရှိသော အဆောက်အအုံများအတွက် သတိပြုစရာဖြစ်သည်။ ယခုရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်နှင့်ပတ်သက်၍မူ ငလျင်ပညာရှင်များ လေ့လာသုံးသပ်ချက်အရ စစ်ကိုင်းပြတ်ရွေ့မှ ဖြစ်ပေါ်သည့်ငလျင်မဟုတ်ဘဲ ၎င်းပြတ်ရွေ့အနီး ပြတ်ရွေ့ခွဲလေးမှ လှုပ်ရှားမှုဖြစ်၍ အထူးစိုးရိမ်ဖွယ်ရာမရှိပေ။ သို့သော် သတိဟူသည် ပိုသည်မရှိ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာ ယူစရာများနှင့် အတွေ့အကြုံကောင်းများ ရရှိခဲ့ပြီးဖြစ်သည်။ အဆောက်အအုံများနှင့်ပတ်သက်၍ ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများဆောက်လုပ်နိုင်မှု အားနည်းချက်များကိုလည်း တွေ့ရသည်။ ပြည်သူများအနေဖြင့် ငလျင်မလှုပ်ခတ်မီ၊ လှုပ်ခတ်စဉ်၊ လှုပ်ခတ်ပြီးအခြေအနေသုံးရပ်၌ လိုက်နာဆောင်ရွက်ရမည့်အချက်များ အားနည်းခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်များခဲ့သည်ကို သင်ခန်းစာယူဖွယ်တွေ့ရှိခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့ကြောကြီးရှိသည်ကို သတိပြုရမည်ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ကြောမှ ငလျင်လှုပ်ခတ်ခြင်းမရှိသေးသော်လည်း အကယ်၍ဖြစ်ပေါ်လာပါက ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှု အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ခံစားနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုကာလရာသီဥတုအနေအထားအရ ဖြစ်ပေါ်လာတတ်သည့် ရေကြီးရေလျှံမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ငလျင်လှုပ်ခတ်မှုစသည့် သဘာဝဘေးအန္တရာယ်များကို သတိမမေ့မလျော့ဘဲ ပြုလုပ်သင့်ပြုလုပ်ထိုက်သည့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိရေး၊ ကြိုတင်ကာကွယ်ရေးတို့ကို ဆောင်ရွက်ထားကြ ရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment