Monday, May 18, 2026

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်ရှိ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

လွိုင်ကော် မေ ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ယမန်နေ့ နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံသည်။





ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ နမ့်ကွတ်ကျောင်းခန်းမ၌ နမ့်ကွတ်ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ပြည်နယ်အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ အောင်မြင်စေရေးတွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် လုံခြုံရေးအခြေအနေကြောင့် ယခင်နှစ်က မဖွင့်လှစ်နိုင်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေသလို ဖွင့်လှစ်မည့်ကျောင်းများတွင် စာသင်ဆောင်များ၊ ပရိဘောဂများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးရုံများပြန်လည်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသလို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပါသဖြင့် ငြိမ်းချမ်းရေးအတွက်လည်း ဖိတ်ခေါ်ဆောင်ရွက်ထားပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ရပ်ရွာအတွက် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်များကို တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေအား ပြန်လည်ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များသည် ဒေါနိုးကူးရပ်ကွက်သို့ သွားရောက်၍ အမှတ် () အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့သစ်အနေနှင့် ပြည်နယ်၏ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရှေ့ဆက်ဆောင်ရွက်မည့် လွှတ်တော်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက ရပ်ရွာအတွက် ဖြည့်ဆည်းပေးရန်လိုအပ်သည့်အချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment