နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်သူလူထု လူမှုစီးပွားဘဝများပျက်ပြားပြီး ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် ကြုံတွေ့နိုင်သည်ကို စစ်အတွင်းကာလ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နယ်မြေဒေသများမှ ပြည်သူများ၏ဘဝဆင်းရဲဒုက္ခများကို ဒေသခံပြည်သူများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သိရှိကြပြီးဖြစ်သည်။
ယခုအခါ တပ်မတော်က
ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားပြီး
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများကို
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်လျက်ရှိရာ နယ်မြေဒေသများ တစ်ခုပြီးတစ်ခု
ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ သာဓကအားဖြင့် တပ်မတော်က မြို့ရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့်
ပြည်သူများအတွက် အရေးပါသည့် မန္တလေး - မတ္တရာ
-တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း-မြစ်ကြီးနား
ဆက်သွယ်ရေးလမ်းကြောင်းကို မေ ၆ ရက်နေ့က အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အထိ ဆက်သွယ်ထားသည့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းကို
အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားစဉ် အဆိုပါလမ်းကြောင်းတစ်လျှောက် မြို့ရွာများအားလုံးနီးပါးရှိ
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် လက်နက်ကိုင်သောင်းကျန်းမှုဒဏ်ကို ခံခဲ့ရသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင်
အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခြင်းကြောင့် စားရေရိက္ခာနှင့် နေ့စဉ်လူ့အသုံးအဆောင်ပစ္စည်းများရှားပါးလာခြင်း၊
ဆေးဝါးနှင့် အရေးပေါ်သုံးပစ္စည်းများလုံလောက်မှုမရှိတော့ခြင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းစသည့်
စီးပွားရေး၊ လူမှုရေးဘဝများအားလုံး အခက်အခဲများကြုံတွေ့ကြရသည်။
လက်ရှိတွင် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်လုံးကို
တပ်မတော်အနေဖြင့် အပြည့်အဝထိန်းချုပ်သိမ်းပိုက်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အခြေခံအဆောက်အအုံများအားလုံးကို
မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာအောင် တပ်မတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်
ပြည်သူများပူးပေါင်း၍ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ
မြို့ရွာများမှ ဒေသခံပြည်သူများ လုံခြုံရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနိုင်ရေး၊
အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဈေး၊ ကျောင်း၊ ရုံး၊ ဆေးရုံစသည့် ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းများ
ပြန်လည်ဆောင်ရွက်နိုင်ရေးတို့ကို တပ်မတော်နှင့် အဖွဲ့အစည်းများက အင်တိုက်အားတိုက် ပြန်လည်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ဆက်သွယ်ရေးလမ်းကြောင်း
ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီဖြစ်၍ ကုန်စည်စီးဆင်းမှုချောမွေ့ကောင်းမွန်လာပြီး ဒေသတွင်း
ကုန်ဈေးနှုန်းကြီးမြင့်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူများအနေဖြင့်
ဒေသတည်ငြိမ်အေးချမ်းမှု၏ အကျိုးကျေးဇူးများကို ပြန်လည်ခံစားနိုင်ပြီး ဒေသခံပြည်သူများ
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒေသခံကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့် အခွင့်အရေးများ
ပြန်လည်ရရှိတော့မည်ဖြစ်သဖြင့် ဒေသခံပြည်သူများသာမက ပြည်သူလူထုတစ်ရပ်လုံး ဝမ်းမြောက်ပီတိ
စိတ်ချမ်းသာ ပျော်ရွှင်မှုများရရှိနေကြပြီဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်
မြို့ရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရ၊ တပ်မတော်နှင့်အတူ
ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြမည်ဖြစ်သည်။
ဆက်သွယ်ရေးလမ်းကြောင်းများသည်
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးကဏ္ဍတစ်ခုဖြစ်သည်။
ကျေးလက်မြို့ပြဆက်သွယ်မှု လုံခြုံချောမွေ့မှသာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြို့ရွာများနှင့်
ဆက်သွယ်ရေးလမ်းကြောင်းများကို ဖျက်ဆီးကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်များကို
ပြည်သူလူထုအနေဖြင့် နာကျင်ခါးသီးစွာ ကြုံတွေ့ခံစားခဲ့ကြပြီးဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများကို
ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊
မြို့ရွာများပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံးတွင် ပြည်သူလူထုအနေဖြင့်
ကျရာကဏ္ဍမှ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တစ်သားတည်းရပ်တည်ဆောင်ရွက်ကြမည်ဟု
ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment