ဒေါက်တာမြင့်မြင့်အေး
(မိုး/ဇလ)
မြန်မာနိုင်ငံသည် မုန်တိုင်းများဖြတ်ကျော်ဝင်ရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် မိုးခေါင်ခြင်းစသော သဘာဝဘေးအန္တရာယ်များကို မကြာခဏ ကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူမှုစီးပွားဘဝကို များစွာ ထိခိုက်မှုများ ဖြစ်စေသည်သာမက လူတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာကို သေကျေပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများမှာ လွန်စွာအရေးကြီးလှပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များအား လူမှုစီးပွားရေးနယ်ပယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ လျှော့ချရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် အထောက်အကူပြုစေရန် ဆောင်ရွက်လျက်ရှိပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နေ့စဉ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်း ချက်၊ နေ့စဉ်ပင်လယ်ပြင်ခရီးနှင့် လေကြောင်းမိုးလေ ဝသခန့်မှန်းချက်များ၊ ထူးခြားမိုးလေဝသအခြေ အနေများ၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ခြင်း၊ ၁၀ ရက်ပတ်နှင့် လပတ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များ၊ မိုးရာသီကာလ ယေဘုယျခန့်မှန်းချက်၊ မိုးဦး/ မိုးလယ်/ မိုးနှောင်းကာလခန့်မှန်းချက်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်၊ အယ်လ်နီညို/ လာနီညာ အခြေအနေသတင်း၊ မြေငလျင်သတင်းနှင့် ဆူနာမီသတင်းထုတ်ပြန်ပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိ
မိမိတို့ဦးစီးဌာနက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခန့်မှန်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ ပေးပို့လာသော အိမ်နီးချင်းနိုင်ငံများ၏ မြေပြင်မိုးလေဝသအချက် အလက်များနှင့် အထက်လေကြောင်းတိုင်းထွာချက်များ၊ မြန်မာနိုင်ငံအတွင်း မိုးလေဝသတိုင်းတာရေးစခန်းများနှင့် အလိုအလျောက် မိုးလေဝသတိုင်းတာ ရေးစခန်းမှ အချိန်နှင့်တစ်ပြေးညီ တိုင်းထွာရရှိသည့် တိကျသောမြေပြင် မိုးလေဝသအချက်အလက်များ၊ အထက်လေကြောင်း တိုင်းထွာချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသော ဒေသတွင်း မိုးလေဝသအထူးပြုစင်တာ ကြီးများမှ ခန့်မှန်းချက်များကို အသုံးပြု၍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသအချက်အလက်များကို အသုံးပြုထားသော သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် အင်္ဂလန်နိုင်ငံရှိ European Centre for Medium-Range Weather Forecasts (ECMWF) မော်ဒယ်၊ အမေရိကန်နိုင်ငံရှိ National Hurricane Center မှ Global Forecasting Model (GFS) များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဌာနပိုင် Weather Research and Forecasting (WRF) မော်ဒယ်များဖြင့် တွက်ထုတ်ရရှိလာသော မုန်တိုင်းလမ်းကြောင်း အသီးသီးတို့ကိုအသုံးပြု၍ မြန်မာ့ကမ်းရိုးတန်းဒေသအပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသ တိုင်းတာရေးစခန်းများမှ တိုင်းတာရရှိသော ခိုင်မာသော မှတ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိပါသည်၊၊
ထို့အပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့၌ မုန်တိုင်းပြရေဒါများ တပ်ဆင်ထားရှိကာ မုန်တိုင်းခန့်မှန်းခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များ ဖြင့် တိမ်ပုံများဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် လေ့လာဆန်းစစ်ခြင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိုးလေဝသတိုင်းထွာရေးစခန်းများမှလည်း တစ်နာရီလျှင် တစ်ကြိမ်နှုန်းဖြင့် မြေပြင်မိုးလေဝသအခြေအနေများအား တိုင်းတာ၍ နေပြည်တော် (ရုံးချုပ်)သို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့ခြင်း၊ အိန္ဒိယနိုင်ငံရှိဒေသဆိုင်ရာ အထူးမိုးလေဝသ ခန့်မှန်းရေးဗဟိုဌာနမှလည်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်သည့် ၎င်းတို့ ထုတ်ပြန်ထားသော ထူးခြားသည့်အခြေအနေနှင့် မုန်တိုင်းသတင်းများကို Gmail ဖြင့်လည်းကောင်း၊ Whats App ဖြင့်လည်းကောင်း ပေးပို့ခြင်းများကို အခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်နိုင်ရန်အတွက် ရုံးချုပ်နေပြည်တော်၌ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန တည်ထောင်ကာ ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်၍ ခန့်မှန်းချက်၊ သတင်းနှင့် သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ထို့အပြင် သဘာဝဘေးလျော့ပါးစေရန်အတွက် မုန်တိုင်း၏အရှိန်ကြောင့် မိုးရွာသွန်းနိုင်မှု အခြေအနေ၊ မုန်တိုင်း၏ လက်ရှိလမ်းကြောင်းနှင့် ခန့်မှန်းချက်လမ်းကြောင်းကိုပါ ထည့်သွင်းဖော်ပြပေးကာ မုန်တိုင်းသတိပေးချက်၊ သတိပေးနှိုးဆော်ချက်များနှင့် အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်၊၊ ထိုသို့ခန့်မှန်းရာတွင် သင်္ချာပုံစံပြုမော်ဒယ်များသည် လက်ရှိပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ရာသီဥတု၊ မိုးလေဝသ အခြေအနေကိုအခြေခံ၍ တွက်ချက်ထားပြီး လေထု၊ ရေထုအခြေအနေတို့သည် အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခန့်မှန်းချက်များသည် ရက်ဝေးလွန်းပါက မသေချာ၊ မရေရာမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် အသုံးပြုသော သင်္ချာပုံစံပြုမော်ဒယ်၊ တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် မှတ်တမ်းအချက်အလက်များအပေါ်မူတည်ပြီး အချိန်နှင့်အလိုက် မုန်တိုင်းလမ်းကြောင်း အမျိုးမျိုးပြောင်းလဲ နိုင်ကြောင်းကိုလည်း သိရှိထားရန် လိုအပ်ပါသည်။
ယခုအချိန်ကာလသည် သတင်းအချက်အလက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလဖြစ်သည့်အတွက် မုန်တိုင်းကာလများတွင် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အချက်အလက်များ၊ ခန့်မှန်းချက်များအား ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ပေ့ချ် (Web Page)များမှတစ်ဆင့် လွယ်ကူစွာရယူပြီး တိကျမှန်ကန်မှုမရှိသော ခန့်မှန်းချက်များကို ပြည်သူများထံသို့ လွယ်ကူစွာရေးသားဖော်ပြခြင်း၊ လွယ်ကူစွာဖျက်သိမ်းပစ်ခြင်းတို့ကို တွေ့ရှိနေရပါသည်။ ပြည်သူများ စိုးရိမ်ထိတ်လန့်စေမည့် ကောလာ ဟလသတင်းများ၊ နိုင်ငံတကာမှ မုန်တိုင်းနှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ မှားယွင်းယူဆချက်များဖြင့် ရေးသားမှုများကိုလည်း တွေ့ရှိနေရပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထား ခြင်းမရှိသော လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်သည့် ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ပေ့ချ် (Web Page)များမှ အချက်အလက်များဖြင့်သာ အလွတ်သဘော ရေးသားဖော်ပြနေခြင်းမှာ ပြည်သူလူထုအတွက် “ဆေးမဖြစ်စေဘဲ ဘေးဖြစ်စေနိုင်” သည်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။
ခိုင်မာမှန်ကန်သေချာသော ခန့်မှန်းချက်များဖြစ်ပါက ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည်ဖြစ်သော်လည်း မှန်ကန်သေချာမှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံ ရောက်ရှိသွားမည်ဆိုပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ကာ အစားအသောက်၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲအနေဖြင့် မလိုလားအပ်သော ကုန်ဈေးနှုန်းကြီးမြင့် မှုများဖြစ်ပေါ်လာနိုင်ပြီး ငွေကုန်ကျမှုများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထုတ်ပြန်ချက်၊ သတိပေးချက်များနှင့်ဆက်စပ်၍ ဆိုရှယ်မီဒီယာများမှ အလွတ်သဘောထုတ်ပြန်ချက်များကို အပြည့်အဝ ယုံကြည်မှုမပြုကြဘဲ နိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကိုသာ ယုံကြည်စွာ စောင့်ကြည့်သင့်ပါသည်။ ထို့အပြင် ပြည်သူများအနေဖြင့် တိကျမှန်ကန်သေချာစွာ ထုတ်ပြန်ပေးနေသည့် နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ရယူပြီး လိုက်နာဆောင်ရွက်သင့်ပါသည်။ သို့မှသာ တရားမဝင် ကောလာဟလများကို ရှောင်ရှားနိုင်ပြီး မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
ပြည်သူလူထုထံ အချိန်မီရောက်ရှိရန် ဆောင်ရွက်လျက်ရှိ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူလျက် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိပေး ချက်များ၊ ခန့်မှန်းချက်/အခြေအနေသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။ ထို့အပြင် သက်ဆိုင်ရာလုပ်ငန်း/ဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ပြည်သူလူထုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ဌာန၏ တရားဝင်ဝက်ဘ်ဆိုက်နှင့်ဖေ့စ်ဘွတ်များမှ ထုတ်လွှင့်ခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ MRTV-4 ၊ ရေဒီယို၊ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြဝတီသတင်းစာ၊ The Global New Light of Myanmar တို့မှတစ်ဆင့် ပြည်သူလူထုထံသို့ အချိန်မီရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ သတိပေးချက်/ ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် လက်ကိုင်ဖုန်းများသို့ သတင်းတိုပေးပို့ခြင်းစနစ် (Short Message Service - SMS) တို့ဖြင့် ပေးပို့ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြု ထားသော မိုးလေဝသအထူးပြု ဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာ စောင့်ကြည့်သင့်ပါသည်။ ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအလိုက်ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းနိုင်စေရေး အထူးသတိပြုဂရုစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ သို့မှသာ တရားမဝင်ကောလာဟလများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တားဆီး၍မရနိုင်သော်လည်း ကြိုတင်သတိပြုခြင်း၊ ခန့်မှန်းချက်၊ သတိပေးချက်နှင့် အကြံပြုချက်များကို လိုက်နာခြင်းနှင့် အချိန်မီတုံ့ပြန်ဆောင်ရွက်ခြင်းတို့သည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် အဓိကကျသောအချက်များ ဖြစ်ပါသည်။
ထို့ကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးအတွက် ခန့်မှန်းချက်များ၊ ကြိုတင်သတိပေးချက်များနှင့် အကြံပြုချက်များကို သိရှိနားလည်ကြပြီး ကြိုတင်သတိပြုစောင့်ကြည့်၍ ဘေးကင်းနိုင်စေဖို့ကို အထူးသတိပြုဂရုစိုက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ကြိုတင်သတိပြုဆင်ခြင်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။
No comments:
Post a Comment