နေပြည်တော် မေ ၂၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၅)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၅)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလို ကြားသိရပါသည်-
၁။ ယုံကြည်ချက်ကတော့ ကျွန်တော်ကိုယ်တိုင်ရော နိုင်ငံအတွက်ရော၊ ကျွန်တော်တို့ မိသားစုအတွက်ရော၊ သူငယ်ချင်းတွေအတွက်ရော အားလုံးအတွက် ကျွန်တော်တို့ ရှေ့ကနေ လုပ်ဆောင်သွားမှသာ နောက်ကညီအစ်ကိုများအားလုံး လိုက်ပါဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ချက်နဲ့ ဒီသင်တန်းကို တက်ရောက်ရခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် ကောင်းပါတယ်။ နိုင်ငံသားတိုင်းကို လူငယ်တိုင်းလိုလို ပြည်သူ့စစ်မှုထမ်းကို တတ်သိထားသင့်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ရောနောက်က ညီအစ်ကိုမှန်သမျှကို အကုန်လုံးပြည်သူ့စစ်မှုထမ်း နှစ်နှစ်တာကာလအတွင်း ကျေပွန်စွာထမ်းဆောင်သွားမယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော့်ရဲ့ မိသားစုကတော့ ဒီနှစ်နှစ်တာကာလအတွင်းကို ကျေပွန်စွာ ထမ်းဆောင်ဖို့အတွက် တိုက်တွန်းပေးခဲ့ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အတွက်ကို ထမ်းဆောင်ရမယ့် နှစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတော်ကပေးတဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမယ်လို့ ယုံကြည်ချက်ထားပါတယ်။ သင်တန်းပြီးဆုံးလို့ မိခင်တပ် ရောက်တဲ့အခါ အထက်ကပေးအပ်တဲ့ အမိန့်တွေရော၊ နိုင်ငံတော်ကပေးအပ်တဲ့ အမိန့်တွေရော တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါ့မယ်လို့ ယုံကြည်ချက်ထားပါတယ်။
၂။ ကောင်းတယ်လို့တော့ ထင်မြင်ပါတယ်။ စစ်မှုထမ်းဟာ ကျွန်တော်တို့ ယောက်ျားလေးတွေအတွက် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပိုကောင်းသွားတာပေါ့။ ကျွန်တော် ဝါသနာပါတာကြောင့်ရယ်၊ ကျွန်တော်အတင်းဝင်ချင်တာကြောင့် သူတို့ကို ခွင့်ပြုတောင်းဆိုပြီးတော့မှ ဒီကိုလာရောက် တက်ရောက်ခြင်းဖြစ်ပါတယ်။ နောက်ထပ်လာရောက် တက်ရောက်မယ့်သူတွေအတွက်လည်း စိတ်အားမငယ်ပါနဲ့။ ဒီရောက်လို့ရှိရင် ဆရာတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းပြီးတော့ အခက်အခဲတွေလည်း အကုန်အတူတူကျော်လွှားကြပါ။
၃။
နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတာဝန်ကို ကျေပွန်ချင်လို့ ဒီသင်တန်းကို လာရောက်တက်ရောက်ခြင်း
ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းကို ထမ်းဆောင်ရတော့မယ်ဆိုတော့ ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။
ဒီမှာစိတ်လည်း အလွန်လှုပ်ရှားပါတယ်။ တပ်မတော်သားတွေမှာ ကျင့်ဝတ်(၆၀) ရှိတယ်လို့ ကြားဖူးပါတယ်။
အဲဒီကျင့်ဝတ် (၆၀) က ဘာတွေလဲဆိုတာ ကျွန်တော် သေချာသင်ယူချင်ပါတယ်။ အပြင်မှာတုန်းက သွားချင်သလို
သွားစားချင်သလိုစား၊ ဒီထဲကို ရောက်ပြီးတဲ့ နောက်မှာတော့ စားချိန်တန်စားရတယ်။ အိပ်ချိန်တန်အိပ်ရတယ်။
အကုန်လုံးကစည်းစနစ်တကျနဲ့ သွားရတာဆိုတော့ လူငယ်တွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။




No comments:
Post a Comment