Monday, May 25, 2026

ကျောင်းနေအရွယ်ကလေးများအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်



ယခု မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့သည် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အဆိုပါသီတင်းပတ်တွင် ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေလိုက်ရသည့် သို့မဟုတ် ကျောင်းပြင်ပသို့ ရောက်ရှိသွားကြသည့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံးအနေဖြင့်လည်း ဆက်လက်၍ စာသင်ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်မည့် အခွင့်အရေးများရရှိနေပြီဖြစ်သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်အားပေးပြီး ပညာအမွေအနှစ်များကို ရင်းနှီးမြှုပ်နှံပေးလျက်ရှိသည်။ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ၊ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးပြီး စဉ်ဆက်မပြတ် ပညာရေးကိုမြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပြည်သူများ၏ လူမှုစီးပွားအခြေအနေများအရ ပညာသင်ကြားရေးတွင် အလွှာစုံ၊ နယ်ပယ်စုံလစ်ဟာမှုမရှိစေရေး၊ ပညာမသင်ရသူ မကျန်ရှိစေရေးအတွက် ဘက်စုံကဏ္ဍစုံ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ အခမဲ့ပညာရေးနှင့် လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ရန် အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရာ၌ နိုင်ငံသားတစ်ယောက်ချင်းစီတွင် မဖြစ်မနေပိုင်ဆိုင်ထားရမည့် ပညာအရည်အသွေး အဆင့်အတန်းအလိုက်ရှိရမည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ အရည်အသွေးကို ပညာသင်ယူတတ်မြောက်မှုအဆင့်အတန်းဖြင့် တိုင်းတာကြပါသည်။ အဆိုပါအဆင့်အတန်းကို စာသင်ကျောင်းများကသာ ပြဋ္ဌာန်းပေးပါသည်။ အတန်းပညာရှိမှ အသိပညာရှိမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏အနာဂတ်အတွက်၊ နိုင်ငံတော်၏ရည်မှန်းချက်၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ထမ်းများအားလုံးက အလေးထားဆောင်ရွက်ကြရမည်ဖြစ်သလို မိဘအုပ်ထိန်းသူများကလည်း မိမိတို့ရင်သွေးငယ်များ၊ သားသမီးများ၏ အနာဂတ်ဘဝအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြား၊ သင်ယူမှု အထောက်အပံ့ကောင်းများပြည့်စုံစေရေး၊ ဆရာအရည်အသွေး မြင့်မားတိုးတက်စေရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ပညာရေးရည်မှန်းချက် အကောင်အထည်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရ။ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရ။ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။ ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများ နေ့စဉ်လုပ်ဆောင်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပေးရန်။ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်။ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် မူလတန်းမှ အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများနှင့် ပူးပေါင်းညှိနှိုင်းပေးရန်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အပြင် ပညာသင်ကြားရေးအတွက် နိုင်ငံတော်က ထောက်ပံ့ဖြည့်ဆည်းမှုများကို တစ်ယောက်မကျန် စီမံဆောင်ရွက်ပေးရန်။ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာမသုံးစွဲစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးကို ဆောင်ရွက်ပေးရန်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်စေရန် အသိပညာပေးရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေ ရေး ပူးပေါင်းဆောင်ရွက်ရန်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ ဆေးရုံ၊ ဆေးခန်းပြသရန်။ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် ပညာရေးရည်မှန်းချက်အောင်မြင်စေရန် တာဝန်ဝတ္တရားများကို စေတနာအပြည့်အဝထားပြီး ထမ်းဆောင်နေကြသည်။ ကျောင်းအနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း အတန်းစဉ်ကူးပြောင်းရေး၊ ပညာတတ်မြောက်ရေးတို့အပြင် ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်အဝဝတို့ကို ဆောင်ရွက်ပေးနေပြီဖြစ်ရာ ငါးနှစ်အရွယ်ကလေးများအား သူငယ်တန်း (KG) သို့အပ်နှံရန်၊ ခြောက်နှစ်အရွယ်ကလေးများအား ပထမတန်း (Grade 1) သို့ အပ်နှံရန်နှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment