နေပြည်တော်
မေ ၂၂
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော
“ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့ (Acting Locally for Global Impact)” ဟူသည့် ဆောင်ပုဒ်အရ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုကို
ကာကွယ်ရန် မိမိတို့ရပ်ရွာဒေသမှစ၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံးပါဝင်သော
ချဉ်းကပ်မှုဖြင့် အခြေပြုစတင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်မှ
စ၍ပါဝင်ခဲ့ပြီး မြန်မာ့ဒေသရင်း အပင်မျိုးစိတ် ၈၆၄ မျိုး၊ နို့တိုက်သတ္တဝါ
မျိုးစိတ်ကိုးမျိုး၊ ငှက်မျိုးစိတ် ၁၀ မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ် ၂၁ မျိုးတို့ကို
မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ
၆၂ ခုကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် ယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေနှစ်ခု၊
ရမ်ဆာရေဝပ်ဒေသခုနစ်ခု၊ အာဆီယံအမွေအနှစ် ဥယျာဉ်ရှစ်ခုနှင့် အရှေ့အာရှ - ဩစတြေးလျငှက်
ပျံသန်းရာလမ်းကြောင်း ကွန်ရက်ရှစ်ခုတို့ကို သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းအား
လက်တွေ့နေ့စဉ်လုပ်ဆောင်ချက်များမှတစ်ဆင့် ဒေသအဆင့်၊ နိုင်ငံအဆင့် စသည်ဖြင့်
ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်း၏ အကြောင်းရင်းများကို
လျှော့ချဆောင်ရွက်ခြင်း မပြုလုပ်ပါကလာမည့် ဆယ်စုနှစ်များအတွင်း မျိုးစိတ်ပေါင်းတစ်သန်းခန့်
မျိုးသုဉ်းပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအတွက်
အခြေခံအကျဆုံးဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်လျှော့ချရေးအတွက်လည်း
အလွန်အရေးပါသဖြင့် သစ်တောဂေဟစနစ်များ၏ အရင်းအမြစ်ဖြစ်သော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့်
သဘာဝထိန်းသိမ်းရေးနယ်မြေများအား တိုးချဲ့ဖွဲ့စည်းခြင်းဖြင့်
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊
ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းသည် လက်ရှိကာလသာမက အနာဂတ်အတွက် ကတိကဝတ်အဖြစ် သတ်မှတ်၍
အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအား ပူးပေါင်းပါဝင်လာစေရန် လိုအပ်ကြောင်း
ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
အထိမ်းအမှတ် Video clip ကို ပြသပြီး ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment