Thursday, May 28, 2026

မြိတ်မြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် မေ ၂၇

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မိုးကောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်အပါး ၁၁၀ တို့အား အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၈၁ ဦးအား အဆိုပါကျေးရွာရှိ ကျွန်းကျောင်း ကျောင်းတိုက်၌လည်းကောင်း၊ ကော့မှူးမြို့နယ် ဝါးဘလောက် သောက်စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ သံဃာတော်ငါးပါးနှင့် ဒေသခံပြည်သူ ၁၄၁ ဦးအား အဆိုကျေးရွာရှိ မူလရွာလယ်ကျောင်းတိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment