ဒေါက်တာနှင်းဖြူဖြူအောင်
သန့်ရှင်းသောလေထုမှ
စတင်သော ရာသီဥတုကာကွယ်ရေးဆီသို့ (ရာသီဥတုဆိုင်ရာလှုပ်ရှားမှုမှ ရရှိလာမည့် ပူးတွဲအကျိုးကျေးဇူးများ)
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းနှင့် လေထုညစ်ညမ်းမှုများကို ပိုမိုတွေ့ကြုံလာရပါသည်။ တစ်ချိန်က “ရာသီဥတု ပြောင်းလဲမှု”သည် ဝေးလံသော အနာဂတ်ပြဿနာတစ်ခုလို ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ပူပြင်းလာသော ရာသီဥတု၊ အသက်ရှူရခက်စေသော မီးခိုးမြူများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်သတိပေးနေပါသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏
ဆောင်ပုဒ်ဖြစ်သော “A Global Call for Climate Action - ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်း ပူးပေါင်းတိုက်ဖျက်ရန်
နှိုးဆော်ထားခြင်းဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကို
လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ဆောင်ရွက်သော လုပ်ငန်းများသည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှု
(Climate Action)ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်
ချွေတာသုံးစွဲခြင်း၊ အများပြည်သူသုံးယာဉ်များအသုံးပြုခြင်း၊ အမှိုက်မီးမရှို့ခြင်း၊
သစ်ပင်စိုက်ပျိုးခြင်းနှင့် လေထုညစ်ညမ်းမှု လျှော့ချခြင်းတို့သည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှု၏
အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ပါသည်။ ထို့အပြင် ရေကိုချွေတာသုံးစွဲခြင်း၊ ပလတ်စတစ်
အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို အသုံးပြုခြင်း၊
စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်း၊ သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို
ကာကွယ်ထိန်းသိမ်းခြင်းတို့သည်လည်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှုတွင် ပါဝင်ပါသည်။
ရာသီဥတုဆိုင်ရာ
လှုပ်ရှားမှု၏ အရေးကြီးသောအချက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရုံသာမက
လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို
တစ်ပြိုင်နက်ရရှိစေခြင်း ဖြစ်ပါသည်။ ထိုအကျိုးကျေးဇူးများကို “ပူးတွဲအကျိုးကျေးဇူးများ
(Co-benefits)”ဟု ခေါ်ဆိုပါသည်။
သက်တမ်းတို
ရာသီဥတု ညစ်ညမ်းပစ္စည်းများ၏ အခန်းကဏ္ဍနှင့် လေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှုနှင့်
ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်နွှယ်နေပါသည်။ ကားမီးခိုး၊
စက်ရုံမီးခိုး၊ အမှိုက်မီးရှို့ခြင်းနှင့် ထင်း၊ မီးသွေးအသုံးပြုခြင်းတို့မှ ထွက်ရှိသော
ညစ်ညမ်းပစ္စည်းများသည် လေထုအရည်အသွေးကို ထိခိုက်စေရုံသာမက ကမ္ဘာကြီးပူနွေးလာမှုကိုလည်း
ပိုမိုဆိုးရွားစေပါသည်။
အထူးသဖြင့် သက်တမ်းတို
ရာသီဥတုညစ်ညမ်းပစ္စည်းများ (Short-Lived Climate Pollutants – SLCPs) သည် ယနေ့ကမ္ဘာတွင်
ပိုမိုအာရုံစိုက်လာရသော လေထုညစ်ညမ်းပစ္စည်းများ ဖြစ်ပါသည်။ ယင်းတို့သည် လေထုထဲတွင်
ကာဗွန်ဒိုင်အောက်ဆိုက်ထက် သက်တမ်းတိုသော်လည်း ရာသီဥတုပူနွေးမှုအပေါ် ပြင်းထန်သော သက်ရောက်မှုများ
ရှိနိုင်ပါသည်။ အဓိက သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများမှာ အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ
(Black Carbon – BC)၊ မီသိန်း (Methane – CH4)၊ မြေပြင်အနီးရှိ အိုဇုန်း
(Tropospheric Ozone – O3)နှင့် ဟိုက်ဒရိုဖလိုရိုကာဗွန်များ (Hydrofluoro-carbons
– HFCs) တို့ ဖြစ်ပါသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများ၏
ထူးခြားသောအချက်မှာ ယင်းတို့သည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ နှစ်ရာချီမတည်ရှိဘဲ
အချိန်တိုအတွင်းသာ တည်ရှိနေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အနက်ရောင် ကာဗွန်မီးခိုးအမှုန်များသည်
လေထုထဲတွင် ရက်သတ္တပတ် အနည်းငယ်သာ တည်ရှိနိုင်ပြီး အိုဇုန်းသည် နာရီပိုင်းမှ ရက်ပိုင်းအထိသာ
တည်ရှိနိုင်ပါသည်။ မီသိန်းသည် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့် တည်ရှိနိုင်ပြီး ဟိုက်ဒရိုဖလိုရိုကာဗွန်အချို့
မှာ ၁၅ နှစ်ခန့်အထိ တည်ရှိနိုင်ပါသည်။ ထို့ကြောင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများကို
လျှော့ချနိုင်ပါက လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ပါသည်။
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များသည်
ထင်း၊ မီးသွေး၊ ဒီဇယ်အင်ဂျင်၊ အမှိုက်မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကဲ့သို့ လောင်စာများ
မပြည့်စုံစွာ လောင်ကျွမ်းရာမှ ထွက်ရှိသော အလွန်သေးငယ်သည့် မီးခိုးအမှုန်များ ဖြစ်ပါသည်။
ယင်းသည် Particulate Matte 2.5 (PM2.5)၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့်
အဆုတ်အတွင်းပိုင်းအထိ အလွယ်တကူဝင်ရောက်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများကို
ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် နေရောင်ခြည်အပူကို စုပ်ယူနိုင်သောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း
ပိုမိုဆိုးရွားစေပါသည်။
မီသိန်း
မီသိန်းသည် အမှိုက်ပုံများ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိပြီး လေထုထဲတွင် ပျမ်းမျှအားဖြင့်
၁၂ နှစ်ခန့် တည်ရှိနိုင်ပါသည်။ ယင်းသည် နှစ် ၁၀၀ ကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထက်
အပူဖမ်းယူနိုင်စွမ်း (Global Warming Potential - GWP) ၂၈ ဆခန့် ပိုမိုမြင့်မားပြီး
နှစ် ၂၀ ကာလတိုအတွင်းတွင်မူ အဆ ၈၀ ကျော်အထိ ပိုမိုပြင်းထန်သော အပူဖမ်းယူနိုင်စွမ်းရှိပါသည်။
ထို့အပြင် မီသိန်းသည် မြေပြင်အနီးရှိ အိုဇုန်းဖြစ်ပေါ်လာစေရန်လည်း အထောက်အကူပြုသောကြောင့်
လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှု နှစ်ခုစလုံးအတွက် အရေးကြီးသော ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်ပါသည်။
မြေပြင်အနီးရှိ
အိုဇုန်း
မြေပြင်အနီးရှိ
အိုဇုန်းသည် ယာဉ်မီးခိုးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသောဓာတ်ငွေ့များ နေရောင်ခြည်နှင့်
ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းပစ္စည်းဖြစ်ပါသည်။ ယင်းသည် လေထုအတွင်း နာရီပိုင်းမှ
ရက်ပိုင်းအထိ တည်ရှိနိုင်ပြီး နေပူပြင်း၍ လေထုငြိမ်သက်သော အခြေအနေများတွင် သီတင်းပတ်အနည်းငယ်အထိ
ဆက်လက်တည်ရှိနိုင်ပါသည်။ လေထုအတွင်း အချိန်တိုသာ တည်ရှိသော်လည်း လူသားတို့၏ ကျန်းမာရေး၊
သဘာဝအပင်များနှင့် သီးနှံအထွက်နှုန်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါသည်။
ဟိုက်ဒရိုဖလိုရိုကာဗွန်များ
ဟိုက်ဒရိုဖလိုရိုကာဗွန်များသည်
လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် အအေးပေးစနစ်များတွင် အသုံးပြုသော ဓာတ်ငွေ့များဖြစ်ပါသည်။
ယင်းတို့သည် လေထုထဲတွင် ၁၅ နှစ်ခန့် တည်ရှိနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထက် ကမ္ဘာ့ပူနွေးမှုအလားအလာ
(GWP) အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုမြင့်မားသောအစွမ်းထက် မှန်လုံအိမ်ဓာတ်ငွေ့များ
ဖြစ်ပါသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများသည်
လေထုထဲတွင် သက်တမ်းတိုသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုအပေါ် တစ်ပြိုင်နက်
သက်ရောက်မှုရှိသော အရေးကြီးသည့် ညစ်ညမ်းပစ္စည်းများဖြစ်ပါသည်။ အထူးသဖြင့် အနက်ရောင်
ကာဗွန်မီးခိုးအမှုန်များသည် WHO Global Air Quality Guidelines တွင် ပါဝင်သော အရေးကြီးသည့် လေထုအရည်အသွေး
Parameter တစ်ခုဖြစ်သည့် PM2.5 ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး Methane သည်
လေထုထဲတွင် ဓာတုတုံ့ပြန်မှုများမှတစ်ဆင့် အိုဇုန်းဖြစ်ပေါ်မှုကို အားပေးသော အကြိုဓာတ်ပစ္စည်း
(Precursor) တစ်ခုဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊
မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အမှိုက်မီးရှို့ခြင်းနှင့်
လောင်စာမပြည့်စုံစွာ လောင်ကျွမ်းမှုတို့မှ ထွက်ရှိသော သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများကို
လျှော့ချခြင်းသည် PM2.5 နှင့် အိုဇုန်းကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော
အရေးကြီးသည့် လေထုညစ်ညမ်းပစ္စည်းများကို လျော့နည်းစေပြီး မိမိတို့နိုင်ငံ၏ အခြေခံလေထု
အရည်အသွေးကောင်းမွန်လာစေရန် တိုက်ရိုက်အထောက်အကူပြုနိုင်ပါသည်။
ထိုသို့ လျှော့ချနိုင်ခြင်းကြောင့် လေထုအတွင်း PM2.5 နှင့် မြေပြင်အနီးရှိ
အိုဇုန်း (O3) ပမာဏများ လျော့နည်းလာကာ ၎င်းတို့ကြောင့် ဖြစ်ပွားနိုင်သော ပန်းနာရင်ကျပ်ရောဂါ၊
အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပြင်
လေဖြတ်နိုင်ခြေကိုပါ တိုက်ရိုက်လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ သက်တမ်းတို
ရာသီဥတုညစ်ညမ်းပစ္စည်းများကို ထိရောက်စွာလျှော့ချခြင်းသည် လေထုအရည်အသွေးကို မြှင့်တင်ပေးရုံသာမက
လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းတို့အတွက်ပါ
တစ်ပြိုင်နက် အကျိုးရှိစေသော ရာသီဥတုဆိုင်ရာလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုမှ
ရရှိလာမည့် အဓိက ပူးတွဲအကျိုးကျေးဇူးများ
(က) လေထုအရည်အသွေး
ပိုမိုကောင်းမွန်လာခြင်း- PM2.5၊ အနက်ရောင်ကာဗွန် မီးခိုးအမှုန်များနှင့် မြေပြင်အနီးရှိ
အိုဇုန်း (O3) တို့ကို လျှော့ချခြင်းဖြင့် မီးခိုးမြူငွေ့များ လျော့နည်းလာကာ လေထုသည်
ပိုမိုသန့်ရှင်းလာပါသည်။ ထို့ကြောင့် မြို့ပြဒေသများတွင် အမြင်အာရုံကြည်လင် ရှင်းလင်းမှုကောင်းမွန်လာပြီး
လူသားများ၏ လူမှုဘဝအရည်အသွေးလည်း တိုးတက်လာနိုင်ပါသည်။
(ခ) လူသားတို့၏
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ- သန့်ရှင်းသောလေထုသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊
ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးပါသည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကို
အကောင်အထည်ဖော်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများနှင့်
လေဖြတ်နိုင်ခြေများ လျော့ကျစေနိုင်ပြီး ကျန်းမာရေးစရိတ်များကိုလည်း သက်သာစေနိုင်ပါသည်။
ထို့အပြင် မီးခိုးနည်းမီးဖိုများနှင့် သန့်ရှင်းသော ချက်ပြုတ်မှုနည်းပညာများကို အသုံးပြုခြင်းဖြင့်
အိမ်တွင်း လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့်
သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ပါသည်။
(ဂ) စီးပွားရေးနှင့်
စိုက်ပျိုးရေးဆိုင်ရာ အကျိုးကျေးဇူးများ - ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများသည် စီးပွားရေးနှင့်
စိုက်ပျိုးရေးကဏ္ဍများအတွက်လည်း အရေးကြီးသော အကျိုးကျေးဇူးများ ရရှိစေပါသည်။ လူသားများ
ကျန်းမာလာသောကြောင့် အလုပ်ပျက်ကွက်မှုလျော့နည်းလာပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းများ
တိုးတက်လာနိုင်ပါသည်။ ထို့အပြင် မြေပြင်အနီးရှိ အိုဇုန်းလျော့နည်းလာပါက သီးနှံများ
ပျက်စီးမှုလျော့နည်းလာပြီး စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုပါသည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကြောင့်
ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းဖြစ်ပေါ်မှုများကို လျှော့ချနိုင်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ
ကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်ပါသည်။
လူတစ်ဦးချင်းစီမှ
စတင်ဆောင်ရွက်နိုင်သော ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများ
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုသည်
ကြီးမားသော စီမံကိန်းများမှသာ စတင်ရမည့်အရာမဟုတ်ပါ။ မိမိအိမ်၊ မိမိရုံးနှင့် မိမိရပ်ကွက်အတွင်းမှ
စတင်နိုင်သော လုပ်ဆောင်ချက်များစွာရှိပါသည်။
- အမှိုက်မီးရှို့ခြင်းကို
ရှောင်ကြဉ်ပါ။
- စွမ်းအင်ချွေတာပြီး
LED မီးနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများ အသုံးပြုပါ။
- လမ်းလျှောက်ခြင်း၊
စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံးယာဉ်များ အသုံးပြု ပါ။
- သစ်ပင်စိုက်ပျိုးပြီး
သစ်တောများ ထိန်းသိမ်းပါ။
- အမှိုက်များကို
စနစ်တကျ ခွဲခြား စွန့်ပစ်ပြီး 3R စနစ်ဖြစ်သော လျှော့ချသုံးစွဲခြင်း၊ ပြန်လည် အသုံးပြုခြင်းနှင့်
ပြန်လည်ပြုပြင်အသုံးချခြင်းတို့ကို ကျင့်သုံးပါ။
- ထင်းနှင့် မီးသွေးအစား
သန့်ရှင်းသော ချက်ပြုတ်နည်းပညာများ အသုံးပြုပါ။
- ရေကို ချွေတာသုံးစွဲပါ။
- လေထုအရည်အသွေး
စောင့်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ။
- ရာသီဥတုဆိုင်ရာ
လှုပ်ရှားမှုအကြောင်း အသိပညာများ မျှဝေပါ။
ထိုသို့သော သေးငယ်သည့် လုပ်ဆောင်ချက်တစ်ခုချင်းစီသည် လူအများစု
ပူးပေါင်းပါဝင်လာသောအခါ လေထုအရည်အသွေးကောင်းမွန်ရေး၊ လူသားတို့၏ ကျန်းမာရေးကာကွယ်ရေးနှင့်
ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် ကြီးမားသောအကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုသည်
အစိုးရများနှင့် အဖွဲ့အစည်းများ၏ တာဝန်သာမက လူတိုင်း၏ နေ့စဉ်ဘဝတွင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်းဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးအတွက်သာမက
ကျွန်ုပ်တို့၏ ကျန်းမာရေး၊ မိသားစုဘဝ၊ စီးပွားရေးနှင့် အနာဂတ်မျိုးဆက်များအတွက်ပါ အရေးကြီးသော
ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါသည်။ သန့်ရှင်းသော လေထုရရှိရေးအတွက် လုပ်ဆောင်မှုတိုင်းသည်
ရာသီဥတုကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာသောလူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်ပါသည်။
ယနေ့ ကျွန်ုပ်တို့
ရှူရှိုက်နေသော လေထုအရည်အသွေးကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် မနက်ဖြန်၏ ကမ္ဘာမြေကို
ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုသည့် စိတ်ဓာတ်ဖြင့် လူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန်
တိုက်တွန်းနှိုးဆော်တင်ပြပါသည်။
“သန့်ရှင်းသောလေထုမှ
စတင်သော ရာသီဥတုဆိုင်ရာလှုပ်ရှားမှု တိုင်းသည် ကျန်းမာသော လူ့အသိုင်းအဝိုင်းနှင့် သာယာလှပသော
ကမ္ဘာကြီးကို ဖန်တီးပေးနိုင်ပါသည်။”
ကျမ်းကိုးစာရင်း
World Health
Organization (WHO) – Air Pollution and Health, Black Carbon and Health Effects
Climate and Clean
Air Coalition (CCAC) – Short-Lived Climate Po-llutants (SLCPs)
Climate and Clean
Air Coalition (CCAC) – Black Carbon Sources and Impacts
UNEP/CCAC
Global Methane Assess-ment (2021)
United States
Environmental Pro-tection Agency (U.S. EPA) – Ground-level Ozone Pollution
World
Meteorological Organization (WMO) – Greenhouse Gases and Climate Change
IPCC (2023).
AR6 Synthesis Report: Climate Change 2023. Intergovern-mental Panel on Climate
Change.


No comments:
Post a Comment