Monday, May 4, 2026

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ နည်းပြအုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်သို့ သွားရောက်လေ့လာကြည်ညို


နေပြည်တော် မေ ၄

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို ရေကြောင်းပညာနှင့် လေကြောင်းပညာဆိုင်ရာဗဟုသုတများ ရရှိတိုးပွားစေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီလ ၂၇ ရက်က သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 











 





ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိသည့် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးသို့ ရောက်ရှိလေ့လာကြသည်။

ဦးစွာ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား လေ့လာဖတ်ရှုကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲတွင် ပထမသင်္ဂါယနာတင်မှ ဆဋ္ဌမသင်္ဂါယနာတင် အကြောင်းအရာများနှင့် ယနေ့ခေတ် သာသနာတော်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြကွက် (၁၀) ကွက်ဖြင့် ပြသထားရှိမှုများကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြည်ညိုကြရာ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ တာဝန်ရှိသူများက ပြခန်းကဏ္ဏအလိုက် ဗဟုသုတရရှိဖွယ် လိုက်လံရှင်းလင်းပြသကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဆေကိန္ဒက ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား ဗုဒ္ဓဆိုင်ရာ အမေးအဖြေများပြုလုပ်ကာ ဆုံးမဩဝါဒစကားများပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆဌသင်္ဂါယနာတင်ရခြင်းသမိုင်းကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ကြောင်းနှင့် ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းကို မေလ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရန် ခေတ်အဆက်ဆက် ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို ဗုဒ္ဓဘာသာဝင် ပြည်သူများအနေဖြင့် လေ့လာကြည့်ရှုကြည်ညို သဒ္ဓါပွားများနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

၁။ အခုလိုမျိုး ဒီမဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်းနဲ့ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်း၊ နောက်ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းအားလုံးရဲ့သမိုင်းထဲမှာ အထင်ရှားဆုံးနဲ့ သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့နေရာ၊ သို့မဟုတ် ဆဋ္ဌသင်္ဂါယနာလို့ခေါ်တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သံဃာများစုဝေးပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မ ဒေသနာတော်များကို အစဉ်တစိုက် ပြန်လည်ရွတ်ဖတ်ပွားများပြီး ပြန်လည်မှတ်တမ်းတင်ခဲ့တဲ့ အခုလိုမျိုး အဆောက်အအုံကြီးကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ ကြက်သီးထမိလောက်အောင်ကို ပီတိခံစားမိရပါတယ်။ ဒီမဟာပါသာဏလိုဏ်ဂူတော်ကြီးရဲ့ တည်ဆောက်ပုံနဲ့ ဒီလိုကျင်းပတဲ့ အခမ်းအနားတွေကို လေ့လာခွင့်ရတဲ့အခါမှာ အင်မတန်ကို အံ့ဩမိပါတယ်။

အခုလို အစိုးရနဲ့ပြည်သူ အတူတကွပူးပေါင်းပြီး လက်တွဲညီညီနဲ့ Harmoniously လို့ခေါ်တဲ့ ညီညာစွာ အတူတကွတည်ထောင်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဗုဒ္ဓဘာသာ၊ သို့မဟုတ် တစ်ကမ္ဘာလုံးကမ္ဘာသားအားလုံးရဲ့ ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ဗုဒ္ဓသာသနာတော်ကြီးအပေါ် သက်ဝင်ကိုင်းရှိုင်းမှုတွေကို လေ့လာခွင့်ရရှိတဲ့အတွက် အင်မတန်မှ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက အကုန်စုပေါင်းပြီး တစ်စုတစ်စည်းတည်းနဲ့ ဆန္ဒတစ်ခုတည်းကို အကောင်အထည်ဖော်ခဲ့ကြတဲ့အတွက် အခုလိုမျိုး ဆဋ္ဌသင်္ဂါယနာတင်ခြင်းလို့ခေါ်တဲ့ ဗုဒ္ဓသာသနာတော်မှာ သာသနာ့ရောင်ဝါ အစဉ်ထွန်းပြောင်စေမယ့် လုပ်ရပ်ကြီးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး နိုင်ငံတော်အကြီးအကဲတွေအားလုံးဟာ အခုလိုစုပေါင်းပြီးတော့ ပြန်လည်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓသာသနာတော်ဟာ နေလိုလလို ရောင်ဝါထွန်းလင်းတောက်ပနေတာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ အခုလိုမျိုး စည်းလုံးညီညွတ်မှုတွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ ရေကြောင်း လူငယ်အချင်းချင်းမှာလည်း သင်တန်းသူ သင်တန်းသားများအားလုံး အချင်းချင်း အတူတကွ စုပေါင်းညီညွတ်ဆောင်ရွက်ကြရမယ်၊ အဲဒီနောက်မှာမှ Goals လို့ခေါ်တဲ့ မိမိတို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တစ်ခုကို အောင်မြင်အောင်လုပ်မယ်ဆိုရင် အတူတကွ စုပေါင်းအားနဲ့သာ ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို လေ့လာမိရပါတယ်။

ဗုဒ္ဓဘာသာဆိုတာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအများစုရဲ့ ကိုးကွယ်ရာ ဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံတဲ့ ဘာသာတစ်ခုပဲ ဖြစ်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် ရင်ထဲကနေ စွဲမြဲနေတဲ့ ဗုဒ္ဓဘာသာ၊ ဘာသာသာသနာအကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလို ရေကြောင်းလူငယ် တက်ရောက်လာကြတဲ့ သင်တန်းသူ သင်တန်းသားများအားလုံးအနေနဲ့ရော၊ ကျောင်းသား တစ်ယောက်အနေနဲ့ရော၊ လူငယ်မောင်မယ်တစ်ယောက်အနေနဲ့ပါ အခုလို အမျိုး၊ ဘာသာ၊ သာသနာကို အသက်ထက်ဆုံး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုကို ကျွန်တော့်ရဲ့အသည်းနှလုံး စိတ်ဓာတ်တစ်နေရာထဲမှာ ထာဝစဉ်ကမ္ပည်းတင်မှတ်တမ်းထိုးလိုက်နိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့ကို အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေရရှိအောင်၊ အသစ်အသစ်သော ဒေသန္တရဗဟုသုတတွေ၊ လောကီလောကုတ္တရာ နှစ်ဖြာသောဗဟုသုတတွေကို သိရှိအောင် အခုလို လေ့လာရေးခရီးတွေ၊ နောက် ထင်ရှားတဲ့အထင်ကရနေရာတွေ၊ အခုလို သမိုင်းဝင်နေရာတွေဖြစ်တဲ့ ဒီဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ မဟာပါသာဏ လိုဏ်ဂူတော်ကြီးနဲ့အတူ ကမ္ဘာအေးစေတီတော်မြတ်ကြီး စတဲ့နေရာတွေကို လေ့လာခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့၊ စီစဉ်ပေးခဲ့ကြတဲ့ နိုင်ငံတော်သမ္မတကြီးရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ စစ်ဘက် တပ်မတော်အရာရှိကြီးများအားလုံးကို ဒီနေရာကနေပြီးတော့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းနဲ့ အခုလိုမျိုး ဆက်လက်ပြီးတော့ ကျွန်တော့်ရဲ့ ညီငယ် ညီမငယ်တွေအားလုံးကိုလည်း ဆောင်ရွက်ပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

၂။ သမီးအနေနဲ့ အခြေခံရော၊ တန်းမြင့်ရော ကျော်ဖြတ်ခဲ့ပြီးတော့မှ အကူနည်းပြအနေနဲ့ လာရောက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ်ဆိုလည်း လေ့လာရေးခရီးတွေက မတူညီပါဘူး။ အတွေ့အကြုံသစ်တွေလည်း အများကြီးရတယ်။ ဒီပိဋကတ်စာပေတွေ အကြောင်းလည်း အများကြီးလေ့လာခဲ့ရပါတယ်။ မူရင်းခဲနဲ့ ရေးသားထားတဲ့ ပိဋကတ်တွေအကြောင်းလည်း သိရတယ်။ ကွန်ပျူတာနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ပိဋကတ်တော်တွေအကြောင်းလည်း လေ့လာခဲ့ရပါတယ်။

ဒီလိုလေ့လာခွင့်ရရှိတဲ့အတွက် ညီမတို့အနေနဲ့ ဒီဗုဒ္ဓဘာသာ အသိတရားတွေ အများကြီးရရှိခဲ့ပါတယ်။ ပြီးရင် ဒီလိုမျိုး သာသနာ ပြန့်ပွားစေတဲ့နေရာတွေ လေ့လာရတဲ့အတွက် မျိုးချစ်စိတ်ဓာတ်၊ ဇာတိမာန်တွေလည်း အများကြီးတက်ကြွစေခဲ့ပါတယ်။ ဒီလူငယ်တွေအနေနဲ့ ဆရာတော်ကြီးတွေ ချမှတ်ထားတဲ့ ဆုံးမဩဝါဒတွေကို ခံယူပြီးတော့ ဘာသာသာသနာ တိုးပွားစေမယ့်နေရာတွေကိုလည်း ပိုမိုပြီးတော့ လေ့လာသင့်တယ်။ ကိုယ်တိုင်ကနေစပြီးတော့ ဒီဘာသာရေး ကောင်းမွန်အောင်လို့ ကြိုးစားပြီးတော့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်တွေကိုလည်း ဖြည်းဖြည်းချင်း လက်ဆင့်ကမ်းသွားသင့်တယ်လို့ ထင်ပါတယ်။

သင်တန်းမှာကတည်းက စည်းရုံးရေးမှာဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ အမိန့်နာခံတတ်ခြင်းဆိုတာကို သင်ကြားပေးပြီးသား ဖြစ်ပါတယ်။ ကလေးတွေအကုန်လုံးမှာ စည်းကမ်းတကျနဲ့ လုပ်ဆောင်တတ်တဲ့ စွမ်းရည်ရှိပြီးသားဖြစ်တဲ့အတွက် နည်းလမ်းတကျဖြစ်သွားဖို့အတွက် အကူအညီလမ်းပြပေးဖို့ပဲ လုပ်ပေးရုံပါပဲ။ အခုဆို လို့ရှိရင် ကလေးတွေအနေနဲ့ မရောက်ဖူးတဲ့နေရာတွေလည်း ရောက်ရတယ်။ ဒီလို ဒေသန္တရဗဟုသုတတွေလည်း အများကြီးရတဲ့နေရာတွေ ပြသခွင့်ပေးတဲ့ လူကြီးတွေကို များစွာကျေးဇူးတင်ရှိရပါတယ်။

၃။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပတဲ့နေရာက ထေရဝါဒဗုဒ္ဓသာသနာရဲ့ သမိုင်းဝင်လိုဏ်ဂူတော်ကြီးလည်းဖြစ်ပါတယ်။ အဲဒီလိုဏ်ဂူတော်ကြီးကို လာရောက်လေ့လာရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပြတိုက်ကြီးမှာ မင်းကွန်းဆရာတော်ကြီးသုံးဆောင်ခဲ့တဲ့ အသုံးအဆောင်တွေကို သဘောကျပါတယ်။ ပြီးတော့ ဒီလိုကြီးမားတဲ့ လိုဏ်ဂူတော်ကြီးနဲ့ သင်္ဂါယနာတင်ပွဲကြီးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ရှေးလူကြီးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှု တွေကို စိတ်ဝင်တစားနဲ့ လေ့လာရပါတယ်။ အခုလေ့လာရေးကနေရတဲ့ ဗဟုသုတတွေကနေတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာသာသနာကို လူငယ်တစ်ယောက်အနေနဲ့ ဆက်လက်ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။

၄။ ကျွန်တော်တို့ကိုယ်တိုင် ဒီလိုသာသနာ့နယ်မြေထဲကို လာရောက်လေ့လာခွင့်ရတဲ့အတွက် အများကြီးကို ဂုဏ်ယူမိပြီးတော့ ပျော်ရွှင်ဝမ်းသာမိပါတယ်။ အလွန်ပဲကျေးဇူးတင်မိပါတယ်။ မဟာပါသာဏ လိုဏ်ဂူတော်ကြီးထဲမှာ မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ သီဟိုဠ် ဆရာတော်ဘုရားကြီးတို့ ဓမ္မဆိုင်ရာ၊ သာသနာဆိုင်ရာမေးခွန်းများကို ပြန်လည်မေးမြန်းနေကြတဲ့ မြင်ကွင်းတွေကိုတွေ့ရတဲ့အတွက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲကြီး နှစ် (၇၀) ပြည့်အခမ်းအနားကို လာရောက်လေ့လာခွင့်ရမှုအပေါ် ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ လေကြောင်းလူငယ်တွေအနေနဲ့ ဆက်လက်ပြီး ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ့မယ်။ ရှေးအစဉ်အဆက်က ပြုလုပ်ပေးခဲ့တဲ့ ရှေးလူကြီးတွေ၊ သမ္မတကြီးတွေကိုလည်း ကျေးဇူးအများကြီးတင်မိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်မသွားရအောင် တာဝန်ရှိသလို ကျရာကဏ္ဍကနေ တာဝန်ထမ်းဆောင်ပြီး ညီငယ်၊ ညီမငယ်လေးတွေ၊ လူငယ်လေးတွေ၊ မျိုးဆက်သစ်တွေကို ထိန်းသိမ်းနိုင်အောင် လက်ဆင့်ကမ်းသွားပါ့မယ်။

သတင်းစဉ်

 

No comments:

Post a Comment