Sunday, May 3, 2026

အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော် မေ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာယနေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများအားတွေ့ဆုံသည်။

တွေ့ဆုံစဉ် မွေးမြူရေးဇုန်ဖွံ့ဖြိုးရေးနှင့် စံပြမွေးမြူရေးဇုန် ဖြစ်ပေါ်စေရေးအတွက် မိရိုးဖလာမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်သို့ ပြောင်းလဲကြရန်၊ တိရစ္ဆာန်အမျိုးအစားအလိုက် အစားအစာများ စနစ်တကျ စီမံဆောင်ရွက်ကြရန်၊ မွေးမြူရေးဇုန် ရေရှည်တည်တံ့စေရန်ဌာနနှင့် ပုဂ္ဂလိကတို့အကြား ဟန်ချက်ညီညီ ဆောင်ရွက်ကြရန်၊ ဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ ဇုန်အတွင်း ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိရန်၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချော ထုတ်လုပ်မှုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးတောင်သူ ဦးမြတ်စံ၏ ဥစားကြက်အကောင် ၂၈၀၀၀ မွေးမြူထားရှိမှု၊ မွေးမြူရေးတောင်သူ ဦးမြတ်မင်းလတ်၏ ဒေသဆိတ်(ထိန်စမ်း) ၁၀၆ ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှု အားပေးပြီး ပြည်သူများ၏အသားစားသုံးမှု တိုးတက်လာခြင်းအပေါ် အသားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေမှု၊ လက်ရှိထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းသက်သာစေမည့် နည်းစနစ်များကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရေး အကြံပြုဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သို့ရောက်ရှိပြီး မွေးမြူရေးအထူးပြု ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း တက်ရောက်လျက်ရှိကြသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် မွေးမြူရေးဘာသာရပ် သင်ကြားပေးကြမည့် ဆရာဆရာမ ၁၂၅ ဦးအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment