Monday, May 25, 2026

တရားဥပဒေစိုးမိုးရေးအထောက်အကူပြု စံနမူနာရှေ့ပြေးဥပဒေရုံး

ဥပဒေအရာရှိတစ်ဦး

ဥပဒေရေးရာဝန်ကြီးဌာန (ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံး) နှင့် ဥပဒေရုံးအဆင့်ဆင့်သည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရပါသည်။

နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာမူဝါဒများ ပိုမိုခိုင်မာအားကောင်းစေရန်နှင့် ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်စေရန် “တရားဥပဒေစိုးမိုးရေး ဆီသို့”ဟူသည့် ရည်မှန်းချက်ကို ခိုင်မာစွာကိုင်စွဲလျက် ရှေ့ပြေးဥပဒေရုံး (Pilot Law Office) များကို သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများက ရာဇဝတ်မှုများနှင့် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင် အဖြစ်ပါဝင်သော တရားမမှုများတွင် တရားစွဲမတင်မီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါခြင်းများကို ဆောင်ရွက်ရပါသည်။ ခေတ်နှင့်လျော်ညီသည့် တရားစွဲနှင့်အမှုလိုက်လုပ်ငန်းဆိုင်ရာများတွင် ပြည်သူများက ပိုမိုယုံကြည်မှုရှိစေရေးအတွက် တရားစွဲမတင်မီဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ခရိုင်ဥပဒေရုံးများက အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်စေရန်နှင့် ကြီးကြပ်မှုပိုမိုအားကောင်း စေရန် ဖော်ဆောင်လျက်ရှိပါသည်။

ရှေ့ပြေးဥပဒေရုံးဆိုတာ ဘာလဲ

“ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” (Building Legal Trust for the People)ဟူသည့် ဆောင်ပုဒ်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း(၂၀၂၅-၂၀၂၉) အရ ရှေ့ပြေးဥပဒေရုံးများ တိုးချဲ့တည်ထောင်ခြင်းနှင့် နစ်နာသူနှင့် သက်သေများကို တရားခွင်အကြိုတွေ့ဆုံမေးမြန်းခြင်းစသည့် လုပ်ငန်းများကို ပထမဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထားရှိသောကြောင့် “ရှေ့ပြေးဥပဒေရုံးဆိုတာဘာလဲ၊ ရှေ့ပြေးဥပဒေရုံးတွေမှာ ဘာတွေ ဆောင်ရွက်နေကြတာလဲ”ဆိုသည်များကို သိရှိလိုသောအများပြည်သူ၊ ရှေ့နေရှေ့ရပ်၊ တရားစွဲအဖွဲ့အစည်း၊ သက်ဆိုင်ရာဥပဒေရုံးများနှင့် လုပ်ငန်းသဘာဝအရ ပတ်သက်ဆက်နွှယ်နေသူများ သိရှိစေရန် တင်ပြလိုခြင်းဖြစ်ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ်စီမံခန့်ခွဲမှုစနစ်များ ပိုမိုကောင်းမွန်စေရန် စံနမူနာပြု ကနဦးအကောင်အထည်ဖော်မည့် ရှေ့ပြေးဥပဒေရုံးများ ရွေးချယ်ပြီး အောက်ပါအစီအစဉ်များ စမ်းသပ်ဆောင်ရွက်ခဲ့ပါသည် - 

(က) ရှေ့ပြေးဥပဒေရုံးအင်္ဂါရပ်နှင့်လျော်ညီအောင် ပြင်ဆင်ခြင်း၊

() ရှေ့ပြေးဥပဒေရုံးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊

() တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ စံပြုနမူနာဖြစ်ရန် ဆောင်ရွက်ခြင်း။

(က) ရှေ့ပြေးဥပဒေရုံးအင်္ဂါရပ်နှင့် လျော်ညီအောင် ပြင်ဆင်မည့် ကိစ္စရပ်တွင် -

- အမှုတွဲလက်ခံခြင်းနှင့် စုံစမ်းရေးဌာနထားရှိခြင်း၊

- နစ်နာသူများ၊ သက်သေများနှင့် တွေ့ဆုံဆွေးနွေးခန်း ထားရှိခြင်း၊

- တာဝန်ခံဥပဒေအရာရှိရုံးခန်း ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အမှုလိုက်ဥပဒေအရာရှိများအတွက် အခန်းဖွဲ့စည်းခြင်း၊

- ဖိုင်တင်စင်အပါအဝင် ရုံးသုံးပရိဘောဂများ၏ အရည် အသွေးနှင့် စနစ်ကျမှု မြှင့်တင်ခြင်း၊

- စာကြည့်တိုက်ထားရှိခြင်းနှင့်

- အစည်းအဝေးခန်းထားရှိခြင်းတို့ ဖြစ်ပါသည်။

(ခ) ရှေ့ပြေးဥပဒေရုံးအတွက် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့မည့်ကိစ္စရပ်တွင် -

- အလိုအလျောက် ဆက်သွယ်ဆောင်ရွက်ခြင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ရှေ့ပြေးဥပဒေရုံးများရှိ ဥပဒေအရာရှိများနှင့် ဝန်ထမ်း များကို ကွန်ပျူတာပညာရပ် သင်ကြားပေးခြင်း၊

- ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊

- ရုံးလုပ်ငန်းဆောင်ရွက်ချက်များ မှတ်တမ်းတင်ခြင်းကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် Software ရေးဆွဲခြင်း၊

- အမှုလိုက်ဥပဒေအရာရှိများက Software အသုံးပြု ဆောင်ရွက်နိုင်ရန် Tablet များ ထောက်ပံ့ခြင်း၊

- အမှုလိုက်ဥပဒေအရာရှိများက အဆိုပါ Software အား အသုံးပြုဆောင်ရွက်ခြင်း ရှိ၊ မရှိကို အဆင့်မြင့်ရုံး တာဝန်ရှိသူများနှင့် တာဝန်ခံဥပဒေအရာရှိတို့က ကြီးကြပ်ခြင်း၊

- သက်ဆိုင်ရာရှေ့ပြေးတရားရုံးများက အကောင်အထည်ဖော်သည့်စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။

(ဂ) တရားစွဲနှင့် အမှုလိုက်လုပ်ငန်းပိုင်းဆိုင်ရာများ စံပြုနမူနာ ဖြစ်ရန် ဆောင်ရွက်ရမည့် ကိစ္စရပ်တွင်-

- ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပြုချက် တောင်းခံသည့်အဆင့်တွင် နစ်နာသူ အမှုသည်များနှင့် တွေ့ဆုံမေးမြန်းကြားနာခြင်း၊

- ရဲစက္ကူတွင် မပြည့်စုံ၊ မလုံလောက်သည့်အကြောင်းအချက်များကို အမှုစစ်ရဲအရာရှိထံ ဖုန်းဆက်မေးမြန်း ခြင်း၊

- အမှုများအား လျင်မြန်စွာ ပြီးပြတ်အောင် ဆောင်ရွက် ခြင်း၊

-  သေးငယ်သော ပြစ်မှုများကို တရားရုံးသို့ မရောက်ရှိစေဘဲ ပြီးပြတ်စေခြင်း၊

- စုံစမ်းထောက်လှမ်းသည့်ကာလအတွင်း တရားစွဲအဖွဲ့အစည်းများနှင့် ဥပဒေရုံးများ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းနှင့်

- နစ်နာသူများ၊ သက်သေများကို တရားခွင်အကြို တွေ့ဆုံဆွေးနွေးခြင်း (Pre-Trial Interview) တို့ ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

စံပြုနမူနာရှေ့ပြေးဥပဒေရုံး

ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ၏ အဓိကလုပ်ငန်းတာဝန်တွင် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း ပါဝင်ပါသည်။ အထက်အပိုဒ် (ဂ) ပါ အချက်များကို တစ်ချက်ချင်း ရှင်းလင်းလိုပါသည်။ စံပြုနမူနာရှေ့ပြေးဥပဒေရုံးများက ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပြုချက်တောင်းခံသည့်အဆင့်တွင် နစ်နာသူအမှုသည်များနှင့် တွေ့ဆုံမေးမြန်းကြားနာခြင်းသည် ပြီးပြည့်စုံသော ဥပဒေအကြံပြုချက် ဖြစ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

သာဓကအားဖြင့် စင်ကာပူနိုင်ငံအခြေစိုက် စားသုံးကုန်လုပ်ငန်းစု၏ လုပ်ငန်းအမည်အား Franchise ရရှိခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအနက် တစ်ဦးက ကျန်တစ်ဦးအပေါ် ကုန်အမှတ်တံဆိပ်လိမ်လည် အတုပြုမှုဖြင့် သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းသောအမှုတွင် ထိုသူနှစ်ဦး၏ Franchise Agreement များကို Notary Public ၏ ဘာသာပြန်ဆိုချက်ရယူဆောင်ရွက်ပေးနိုင်ရန် ပြောကြားချက်အပေါ် သက်ဆိုင်ရာအမှုသည်က ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မှန်ကန်ပြည့်စုံသောဥပဒေအကြံပြုချက် ပြန်ကြားနိုင်ခဲ့ပါသည်။ ယင်းသို့ ပြန်ကြားနိုင်ခြင်းသည် တရားရုံးသို့ တရားမစွဲတင်မီ အမှုသည်များနှင့် တွေ့ဆုံမေးမြန်းခြင်း အကျိုးရလဒ်ဖြစ်ပါသည်။

ရဲစက္ကူတွင် Computer Error နှင့် စာလုံးပေါင်းသတ်ပုံမှားယွင်းခြင်းတို့ကြောင့် သက်သေထွက်ဆိုချက်ပါဖော်ပြချက် ရှင်းလင်းမှုမရှိသော ကိစ္စရပ်မျိုးတွင် ရဲစက္ကူအမှုတွဲအား သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းသို့ တရားဝင်စာလမ်းကြောင်းဖြင့် ပြန်လည်ပေးပို့ခြင်းမပြုဘဲ မပြည့်စုံ၊ မလုံလောက်သည့် အကြောင်းအချက်များကို အမှုစစ်ရဲအရာရှိ ထံ ဖုန်းဆက်မေးမြန်းခြင်းဖြင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ ဆောလျင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အမှုများအား လျင်မြန်စွာ ပြီးပြတ်အောင်ဆောင်ရွက်စေခြင်းတွင် ဥပဒေအကြံပြုချက် တောင်းခံသည့်အမှု၌ ဥပဒေနှင့် ပုဒ်မပြောင်းလဲခြင်း ဖြစ်ပေါ်စေနိုင်သော လိုအပ်ချက်၊ စွပ်စွဲခံရသူက ပြစ်မှုကျူးလွန်ကြောင်း ခိုင်မာစေမည့် လိုအပ်ချက်များဖြစ်မှသာ ရဲစက္ကူအမှုတွဲကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ပြန်လည်ပေးပို့ဆောင်ရွက်စေပြီး သာမန်လိုအပ်ချက်မျှသာဖြစ်ပါက အမှုတွဲပြန်လည်ပေးပို့ခြင်းမပြုဘဲ ဥပဒေအကြံပြုချက် ပြန်ကြားပြီး ထပ်မံဆောင်ရွက်ရန် ညွှန်ပြ ခြင်းဖြင့် မြန်ဆန်စွာ ဆောင်ရွက်စေခြင်း၊ တရားစွဲဆိုတင်ပို့ပြီးနောက် သက်ဆိုင်ရာတရားရုံးတွင် အရေးပါသည့်သက်သေကို ဦးစားပေးဆင့်ခေါ်စစ်ဆေးနိုင်ရေး၊ တရားရုံးသို့ ရဲတပ်ဖွဲ့ဝင်သက်သေများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာဝန်သက်သေများက ရုံးချိန်းမပျက်မကွက် လာရောက်စေရေးတို့အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်စေခြင်းကို အခြားဥပဒေရုံးများက စံနမူနာယူနိုင်သည်အထိ ပြသအကောင်အထည်ဖော်ရန်ဖြစ်ပါ သည်။

တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်

သေးငယ်သောပြစ်မှုများကို တရားရုံးသို့ မရောက်ရှိစေဘဲ ပြီးပြတ်စေခြင်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေအရ အချို့သောပြစ်မှုများကို နစ်နာသူက ကျေအေးလိုက တရားစွဲဆိုတင်ပို့ခြင်းမပြုဘဲ ကျေအေး ပြီးပြတ်နိုင်ရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ကျေအေးပပျောက်စေဟူသော သဘောတရားကို ဖော်ဆောင်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်ရန် ဖြစ်ပါသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အရေးယူသော ပြစ်မှုများတွင် သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေရဲစခန်းနှင့် ဥပဒေရုံးတို့သည် အမှုစတင်တည်ဆောက်ချိန်မှစ၍ သက်ဆိုင်ရာတရားရုံး၏ အပြီးသတ်အမိန့် ရရှိပြီးသည့်အချိန်ကာလအထိ ပူးပေါင်းဆောင်ရွက်ရာတွင် ရရှိခဲ့သော ရလဒ်ကောင်းများကို မူတည်၍ အခြားသောရာဇဝတ်မှုများတွင်လည်း ယင်းကဲ့သို့ စုံစမ်းထောက်လှမ်းသည့်ကာလအတွင်း တရားစွဲအဖွဲ့အစည်းနှင့် ဥပဒေရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုကို စံနမူနာအဖြစ် မြှင့်တင်ဆောင် ရွက်မည်ဖြစ်ပါသည်။

အမှုများတွင် နစ်နာသူ (များ) နှင့် သက်သေအများစုသည်တရားရုံးသို့ ရောက်ရှိဖူးသူများ မဟုတ်ကြ၍ ရုံးသဘောသဘာဝ၊ ရုံးကျင့်စဉ် တို့ကို နားလည်နိုင်မှုမရှိပါ။ ထို့ပြင် နိုင်ငံတော်အတွက် လိုက်ပါဆောင် ရွက်သော ဥပဒေအရာရှိများနှင့် ပြင်ပရှေ့နေများ၏ အခန်းကဏ္ဍကို သိကျွမ်းနားလည်မှုမရှိပါ။ ထို့ကြောင့် တရားခွင်တွင် သက်သေခံရာ၌ အမျိုးမျိုးသောဖိအားကြောင့် မိမိကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကို တရားရုံးနားလည်လက်ခံနိုင်အောင် ထွက်ဆိုနိုင်ခြင်းမရှိပါ။ ထိုကဲ့သို့သော နစ်နာသူနှင့် သက်သေတို့ကို တရားရုံး၏ သဘောသဘာဝ၊ တရားခွင်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် သက်သေစစ်မေးမှုအစီအစဉ်၊ တစ်ဖက်အမှုသည်က ပြန်လှန်မေးမြန်း ဖွယ်ရှိနိုင်သောကိစ္စတို့ကို ကြိုတင်ရှင်းပြခြင်း၊ ၎င်းကြုံတွေ့ခဲ့ရသည့်အမှုဖြစ်စဉ်ကို ပြန်ပြောင်းအောက်မေ့သတိရစေရန် မေးမြန်းခြင်းဖြင့် တရားရုံးအတွေ့အကြုံမရှိသည့် နစ်နာသူနှင့် သက်သေ၏ စိတ်ဖိစီး မှုကို လျော့ကျစေနိုင်ရန်အလို့ငှာ တရားခွင်အကြိုတွေ့ဆုံမေးမြန်းခြင်း (Pre-Trial Interview) လမ်းညွှန်ချက်ထုတ်ပြန်၍ ရှေ့ပြေးဥပဒေရုံးများတွင် ဆောင်ရွက်ခြင်းသည် ထူးခြားသော ဝိသေသလက္ခဏာရပ် တစ်ခုလည်း ဖြစ်ပါသည်။

တရားခွင်အကြို တွေ့ဆုံမေးမြန်းရာတွင် အဓိကအရေးကြီးဆုံးအချက်မှာ ဥပဒေအရာရှိများအနေဖြင့် နစ်နာသူ (များ) နှင့် သက်သေ (များ) ကို တရားခွင်တွင် မည်သို့မည်ပုံထွက်ဆိုရမည်ဖြစ်ကြောင်း သင်ကြားခြင်းမပြုလုပ်ရန်ဖြစ်ပါသည်။ ၎င်း၏မှတ်ဉာဏ်ကို ပြန်လည် နှိုးဆွခြင်းသာဖြစ်ရပါမည်။ ရှေ့ပြေးဥပဒေရုံးများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအနေဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသော Pre-Trial Interview Guideline နှင့်အညီ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။

ကနဦးစမ်းသပ်ခဲ့သည့် ရှေ့ပြေးဥပဒေရုံး သုံးရုံး၏ အကောင်အထည် ဖော်နိုင်မှု ရလဒ်များအရ ၂၀၁၉ ခုနှစ်တွင် ခရိုင်ဥပဒေရုံး ငါးရုံးကိုလည်း ကောင်း၊ ၂၀၂၁ ခုနှစ်တွင် နောက်ထပ် ၁၀ ရုံးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ခရိုင်ဥပဒေရုံး ငါးရုံးနှင့် မြို့နယ်ဥပဒေရုံးငါးရုံးကိုလည်းကောင်း ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သောကြောင့် ရှေ့ပြေးဥပဒေရုံး ၂၈ရုံး ရှိခဲ့ပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို ရှေ့ပြေးဥပဒေရုံးများအဖြစ် တိုးချဲ့သတ်မှတ် ၍ ၂၀၂၆ ခုနှစ် မေ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ မြို့နယ်ဥပဒေရုံး လေးရုံးကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်ဆောင်ရွက်စေခဲ့ပါသည်။ ယခုအခါ ရှေ့ပြေးဥပဒေရုံး စုစုပေါင်း ၃၈ ရုံးရှိပြီဖြစ်ပါသည်။ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်သော တရားစွဲနှင့် အမှုလိုက်လုပ်ငန်း ဆောင်ရွက်ချက်အသစ်များကို လိုအပ်သလိုပေါင်းစပ် ကျင့်သုံးဆောင်ရွက်ရန် ရည်ရွယ်၍ သတ်မှတ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပြီး ယင်းရှေ့ပြေးဥပဒေရုံးများ၏ အတွေ့အကြုံများအပေါ်အခြေခံကာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရှေ့ပြေးဥပဒေရုံးများ တိုးချဲ့သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ရှေ့ပြေးဥပဒေရုံးများအစီအစဉ်သည် ဥပဒေရုံးများ၏ ဥပဓိရုပ်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေပြီး နည်းပညာအသုံးပြုဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းမြန်ဆန်မှုရှိကာ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေပါသည်။ ထို့ပြင် အရေးကြီးသော အမှုများမှ နစ်နာသူနှင့် သက်သေများက တရားရုံးရှေ့သက်သေမခံမီ တရားခွင်နှင့် ရင်းနှီးကျွမ်းဝင်စေပြီး အမှုအဖြစ်အပျက်ကို ပြန်လည်အမှတ်ရစေရန် ကြိုတင်ပြင်ဆင်ပေးခြင်းကြောင့် တရားရုံးရှေ့တွင် ပြည့်စုံမှန်ကန်စွာ ထွက်ဆိုခြင်းဖြင့် တရားစီရင်မှုနှင့် တရားဥပဒေစိုးမိုး ရေးကို အထောက်အကူ ဖြစ်စေပါသည်။

ရှေ့ပြေးဥပဒေရုံးများအစီအစဉ်အရ အမှုမှ နစ်နာသူ၊ တရားလိုနှင့် သက်သေတို့က အမှုကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလိုသည့်ကိစ္စ၊ သိရှိလိုသည့်ကိစ္စတို့ကို တင်ပြမေးမြန်းနိုင်ရန် စုံစမ်းရေးဌာနများဖွင့်လှစ်၍ လက်ခံဆောင်ရွက်ပေးခြင်းကြောင့် အများပြည်သူက ဥပဒေရေးရာ အကြံဉာဏ်နှင့် အကူအညီရရှိရန် လက်လှမ်းမီသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာန၊ အဆင့်ဆင့်သောဥပဒေရုံးများ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ် ယုံကြည်ကိုးစားမှုတည်ဆောက်ခြင်းဖြင့် အများပြည်သူကို ဥပဒေ၏အကာအကွယ် အညီအမျှရရှိစေနိုင်ပြီး တရားဥပဒေစိုးမိုးရေးကို အဓိကအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment