Monday, May 25, 2026

အီဘိုလာဗိုင်းရပ်စ်နှင့် ကမ္ဘာ့ကျန်းမာရေးလုံခြုံမှု

ဒေါက်တာဇေယျာဝင်း

အီဘိုလာဗိုင်းရပ်စ်ဟာ လူနဲ့ တိရစ္ဆာန်တွေမှာ ပြင်းထန်သော သွေးယိုဖျားနာရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး သေဆုံးနှုန်းမြင့်မားတဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ယခုအခါ အာဖရိကတိုက်အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ယင်းအီဘိုလာဗိုင်းရပ်စ် (Ebola virus) ကူးစက်ပြန့်ပွားမှုကြောင့် လူပေါင်း ၈၈ ဦးသေဆုံးခဲ့ပြီး သံသယလူနာ ၃၃၆ ဦး ရှိလာခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနိုင်ခြေရှိကြောင်း အပြင်းဆုံးသတိပေးနှိုးဆော်ချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ်အခြေအနေ (Public Health Emergency of International Concern-PHEIC) အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် သတ်မှတ်ကြေညာလိုက်ပါတယ်။

PHEIC သတိပေးသတ်မှတ်ကြေညာချက်ကို ၂၀၀၅ ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး ယခုအချိန်ထိ ရှစ်ကြိမ်တိုင် သတ်မှတ်အသုံးပြု ကြေညာခဲ့ရပြီးဖြစ်ပါတယ်။ PHEIC သတ်မှတ်ကြေညာခဲ့ရတဲ့ ရောဂါတွေကတော့ ၂၀၀၉-၂၀၁၀ မှာ ဝက်တုပ်ကွေးလို့ခေါ်တဲ့ H1N1 အအေးမိတုပ်ကွေးရောဂါ၊ ၂၀၁၄ မှာ ပိုလီယိုရောဂါ၊ ၂၀၁၄-၂၀၁၆ မှာ အီဘိုလာရောဂါ (အနောက်အာဖရိက)၊ ၂၀၁၆ မှာ ဇီကာ(Zika) ရောဂါ၊ ၂၀၁၈-၂၀၂၀ မှာ အီဘိုလာရောဂါ (ကွန်ဂို)၊ ၂၀၂၀-၂၀၂၃ မှာ ကိုဗစ်-၁၉ ရောဂါ၊ ၂၀၂၂-၂၀၂၄ မှာ M-pox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါနဲ့ ယခု ကွန်ဂိုမှာ တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါတို့ ဖြစ်ပါတယ်။ ယင်းတို့အနက် ကိုဗစ်-၁၉ ကတော့ ကမ္ဘာ့ကပ်ရောဂါအဆင့်ထိ ဝမ်းနည်းဖွယ်ရောက်ရှိသွားခဲ့ပြီး အသေအပျောက်နဲ့ ထိခိုက်မှုအများဆုံးဖြစ်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

အီဘိုလာဘယ်ကစ

အသီးစားလင်းနို့တွေကို အီဘိုလာဗိုင်းရပ်စ်ရဲ့ သဘာဝပိုးမွှားလက်ခံသယ်ဆောင်သူတွေအဖြစ် သတ်မှတ်ထားပါတယ်။ ပထမဆုံးရောဂါဖြစ်ပွားမှုက ၁၉၇၆ ခုနှစ်မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အီဘိုလာ (Ebola) မြစ်အနီးရှိ ယမ်ဘူကူ (Yambuku) ရွာမှာ ဖြစ်ပွားခဲ့ပြီး ထိုမြစ်အမည်ကို ယူကာ “အီဘိုလာ”လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၁၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၈၀ ရှိကာ သေဆုံးနှုန်းက ခန့်မှန်း ၈၈ ရာခိုင်နှုန်းခန့် ရှိခဲ့ပါတယ်။ ရောဂါပိုးဟာ အဓိကအားဖြင့် ဖော်ပြပါ လင်းနို့လို တောရိုင်းတိရစ္ဆာန် တွေကတစ်ဆင့် လူကိုကူးစက်လာပြီး နောက်ပိုင်းမှာ လူအချင်းချင်း ဆက်လက်ကူးစက်လာပါတယ်။ အဲဒီရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာ မကြာခဏဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ယူဂန္ဓာနိုင်ငံတို့မှာ အများဆုံးဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။

၂၀၁၄–၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိက အီဘိုလာကပ်ရောဂါဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အီဘိုလာဖြစ်ပွားမှုအဖြစ် မှတ်တမ်းဝင်ထားကာ ကူးစက်ခံရသူ အရေအတွက် သောင်းနဲ့ချီရှိခဲ့ပြီး သေဆုံးသူအရေအတွက် ၁၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။ ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကွန်ဂိုအရှေ့ပိုင်း ကီဗူး(Kivu) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါကလည်း ရောဂါဖြစ်ပွားသူ ၃၄၇၀ နဲ့ သေဆုံးသူ ၂၂၀၀ ကျော်ရှိခဲ့ပြီး ဒုတိယအကြီးဆုံးဖြစ်ပွားမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၂–၂၀၂၃ ခုနှစ် ဆူဒန် အီဘိုလာကပ်ရောဂါအတွင်း ရောဂါဖြစ်ပွားသူ ၁၆၄ ဦးနဲ့ သေဆုံးသူ ၇၇ ဦး ရှိခဲ့ ပါတယ်။

လက်ရှိဖြစ်ပွားမှုအခြေအနေ

အီဘိုလာရောဂါဟာ ယနေ့အထိ အာဖရိကရဲ့ အချို့ဒေသတွေမှာ အခါအားလျော်စွာ ဖြစ်ပွားလျက် ရှိပြီး ယခုအခါကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ယူဂန္ဓာနိုင်ငံမှာ အဓိကဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ WHO ရဲ့ အဆိုအရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ အရှေ့ မြောက်ပိုင်း အီတူရီစီရင်စု (Ituri Province) မှာ သေဆုံးနှုန်းမြင့်မားသော မသိရသေးတဲ့ ရောဂါ တစ်မျိုးဖြစ်ပွားနေကြောင်းနဲ့ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှာတော့ ဓာတ်ခွဲခန်းအတည်ပြုချက်အရ “ဘွန်ဒီဘူဂျို” (Bundibugyo strain) လို့ ခေါ်တဲ့ အီဘိုလာမျိုးကွဲသစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ ပါတယ်။ ရောဂါဖြစ်ပွားမှုက လျင်မြန်စွာ တိုးပွားလာနေခဲ့ပြီး ကွန်ဂိုအရှေ့ပိုင်းနဲ့ ယူဂန္ဓာနိုင်ငံတို့မှာ မေလ ၁၉ ရက်နေ့အထိ သံသယလူနာ ၆၀၀ ကျော် နဲ့ သေဆုံးသူ ၁၃၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေမှာ သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရှိရပါတယ်။ လက်ရှိရောဂါဖြစ်ပွား မှုဟာ အထူးစိုးရိမ်ဖွယ်ဖြစ်လာရတဲ့ အကြောင်းရင်းတွေက ယခုဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ သစ် “ဘွန်ဒီဘူဂျို”အတွက် အသိအမှတ်ပြုကာကွယ်ဆေးမရှိသေးခြင်း၊ အီဘိုလာဗိုင်းရပ်စ်ရောဂါအတွက် တိကျတဲ့ ကုသဆေးမရှိသေးခြင်း၊ မြို့ပြဒေသတွေအထိ ပျံ့နှံ့လာခြင်း၊ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရခြင်းနဲ့ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ အဓိက ဖြစ်ပွားနေလို့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ခက်ခဲနေခြင်းတို့ပဲ ဖြစ်ပါတယ်။ ကွန်ဂိုနိုင်ငံမှာ သမိုင်းတစ်လျှောက် အီဘိုလာကူးစက်မှုဖြစ်ပွားမှုဟာ ယခုအကြိမ်အပါအဝင် ၁၇ ကြိမ်ရှိပြီဖြစ်ပြီး ယခု အကြိမ်ဟာ ကနဦးတွေ့ရှိထားတာထက် ပိုမိုကျယ်ပြန့်တဲ့ဒေသတွင်း ကူးစက်မှုဖြစ်လာနိုင်ခြေ ရှိကြောင်း WHO က သတိပေးထားပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဆိုင်ရာ အချက်အလက်များ

အီဘိုလာဗိုင်းရပ်စ်ရောဂါရဲ့ ကူးစက်ပုံနည်းလမ်းတွေအနေနဲ့ အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ တိရစ္ဆာန် တွေကို ထိတွေ့ကိုင်တွယ်မိခြင်း၊ ရောဂါရှိသူရဲ့ သွေး၊ ခန္ဓာကိုယ်အရည်တွေနဲ့ ထိတွေ့မိခြင်း၊ ရောဂါပိုး ကပ်ညှိနေတဲ့ အရာဝတ္ထုတွေ၊ ရောဂါကြောင့် သေဆုံးတဲ့ ရုပ်အလောင်းတွေကို ထိတွေ့ကိုင်တွယ် မိခြင်း၊ ရောဂါပြုစုကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုံလောက်တဲ့ အကာအကွယ်အသုံးမပြုခြင်းတို့ကြောင့် ကူးစက်ခံရနိုင်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ရောဂါရဲ့ ရောဂါပျိုးကာလမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာတဲ့အထိ ပုံမှန်အားဖြင့် နှစ်ရက် မှ ၂၁ ရက်အတွင်း ကြာမြင့်နိုင်ပါတယ်။ အများအားဖြင့် ရှစ်ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ အစပိုင်းမှာ သာမန်ဗိုင်းရပ်စ်ဖျားနာရောဂါများနဲ့ ဆင်တူနိုင်ပေ မယ့် နောက်ပိုင်းမှာ ပြင်းထန်တဲ့ သွေးယိုဖျားနာ အခြေအနေအထိ ရောက်ရှိလာနိုင်ပါတယ်။ အစော ပိုင်း ရောဂါလက္ခဏာတွေမှာ အဖျားမြင့်တက်ခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမျက်တွေ ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်ပြီး နောက်ပိုင်းမှာ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အစာမဝင်ခြင်း၊ အရေပြားအဖုအပိမ့်တွေ ဖြစ်ပေါ်ခြင်း၊ အသည်းနဲ့ ကျောက်ကပ်လုပ်ငန်းတွေ ထိခိုက်ပျက်စီးခြင်း၊ ပါးစပ်၊ နှာခေါင်းနဲ့ အစာအိမ် အူလမ်းကြောင်းကနေ သွေးယိုခြင်း၊ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်း နဲ့ သွေးလန့်ခြင်း စတာတွေ ဖြစ်ပွားတတ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ အလွန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်ရောဂါအမျိုးအစားဖြစ်ပြီး သေဆုံးမှုနှုန်း မြင့်မားပါတယ်။

ကာကွယ်ရန်နည်းလမ်းများ

အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ တစ်ဦးနဲ့ တစ်ဦး တိုက်ရိုက်ထိတွေ့မှုကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် အရေးကြီးတဲ့ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကတော့ ကူးစက်ခံရတဲ့ တိရစ္ဆာန်တွေကို ထိတွေ့မှုမှ ရှောင်ရှားခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး လိုက်နာဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့မှုရှောင်ကြဉ်ခြင်း စသဖြင့် သတိထားဆောင်ရွက်ဖို့ လိုပါတယ်။ တခြား သော အီဘိုလာမျိုးကွဲတွေအတွက် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေရှိပေ မယ့် လက်ရှိဖြစ်ပွားနေတဲ့ “ဘွန်ဒီဘူဂျို” မျိုးကွဲသစ်အတွက်ကတော့ ကာကွယ်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီမျိုးကွဲသစ်အတွက် ကာကွယ်ဆေးအသစ်ထုတ်လုပ်ရန်ကလည်း လအတန်ကြာ ကြာမြင့်နိုင် ကြောင်း သိရပါတယ်။

တုံ့ပြန်ဆောင်ရွက်ချက်များ

ရောဂါစောင့်ကြည့်ရေးစနစ်တွေ အားကောင်းစေဖို့၊ ဓာတ်ခွဲခန်းစွမ်းရည်မြှင့်တင်ဖို့၊ သီးခြားကုသ ရေးဌာနတွေ ပြင်ဆင်ထားဖို့၊ တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) နဲ့ ပိုးသတ်ဆေးတွေ လုံလောက်စွာ သိုလှောင်ထားဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့ လိုအပ် ကြောင်း WHO က အကြံပြုထားပါတယ်။ ဒါ့အပြင် အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ အာဖရိကနိုင်ငံတွေမှာ အဓိကဖြစ်ပွားတဲ့ ပြင်းထန်ကူးစက်ရောဂါဖြစ်ပေမယ့် နိုင်ငံတကာခရီးသွားလာမှုနဲ့ ဆက်သွယ်မှုတွေကတစ်ဆင့် တခြားသော ကမ္ဘာ့ဒေသတွေကို ကူးစက်ပျံ့နှံ့နိုင်ခြေများတာကြောင့် စောင့်ကြည့်ဆောင်ရွက်ဖို့လည်း အရေးကြီးကြောင်း အကြံပြု ထားပါတယ်။

အချုပ်ဆိုရပါမူ အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ သေဆုံးမှုနှုန်းမြင့်မားတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာ ရေးလုံခြုံမှုကို ကြီးမားစွာ ခြိမ်းခြောက်နိုင်တဲ့ ရောဂါ တစ်မျိုးအဖြစ် သတ်မှတ်နိုင်ပါတယ်။ ယခုအခါ အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ အာဖရိကတိုက် (အထူးသဖြင့် အနောက်အာဖရိကနဲ့ ကွန်ဂိုဒေသ) မှာ အဓိကဖြစ်ပွားလျက်ရှိပေမယ့် ယနေ့ခေတ်လို ကမ္ဘာလှည့်ခရီးသွားလာမှု လွယ်ကူမြန်ဆန်လာတဲ့ အခြေအနေမှာ ဘယ်နိုင်ငံကိုမဆို ကူးစက်ပြန့်ပွား လာနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုလို့မရတော့ပါ။ ဒါကြောင့် လူသားတို့ရဲ့ ကျန်းမာရေးလုံခြုံမှုကို ကာကွယ်ရန်မှာ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုတည်းရဲ့ တာဝန်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ကြိုးပမ်းမှုက အရေးကြီးပါကြောင်း ရေးသားလိုက်ရပါတယ်။ ။

No comments:

Post a Comment