မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံရေးပယောဂဖြစ်စဉ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ခေတ်အဆက်ဆက်အစိုးရများနှင့် တစ်ခုတည်းသော ခိုင်ခိုင်မာမာဖွဲ့စည်းထားသည့် တပ်မတော်အနေဖြင့် တိုင်းပြည်အပေါ်ကျရောက်လာမည့် အန္တရာယ်အမျိုးမျိုးတို့ကို တွန်းလှန်ဖယ်ရှားကာကွယ်ခဲ့ရသည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံရေး လှိုင်းဂယက်အမျိုးမျိုးကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ဖြစ်ပေါ်ခဲ့သောအခြေအနေများကို သင်ခန်းစာယူ၍ တိုင်းပြည်တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို မေ ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
“မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင်ခန်းစာယူ၍
နောင်အနာဂတ်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင် ဆောင်ရွက်ရမည်၊ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများ
ချုပ်ငြိမ်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” သုံးသပ်ပြောကြားသွားခဲ့သည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းအနှစ်ချုပ်ကို
ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့အချိန်ကာလအထိ
ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို အကြောင်းခံ၍ ဖြစ်ပေါ်လာခဲ့သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်ကို အကြောင်းပြု၍ ပြည်နယ်များခွဲထွက်ခွင့်ဖြစ်ပေါ်လာရာမှ
နိုင်ငံရေးပဋိပက္ခများ ကြီးမားကျယ်ပြန့်လာခဲ့သည်။ အာဏာရပါတီအတွင်း၌လည်း အုပ်စုကွဲများဖြစ်ပေါ်လာခြင်းသည်
ညီညွတ်မှုပျက်ပြားစေသောအကြောင်း ဖြစ်လာခဲ့သည်။ နိုင်ငံရေး၊ လုံခြုံရေး တည်ငြိမ်မှုမရှိခဲ့သောကြောင့်
တပ်မတော်သည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်ကို ထိန်းသိမ်းတာဝန်ယူခဲ့သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဆိုရှယ်လစ်စီးပွားရေးမူဝါဒဖော်ဆောင်ခဲ့ရာ တိုင်းပြည်စီးပွားရေးကျပ်တည်းခက်ခဲမှုများ
ဖြစ်ပေါ်ခဲ့ရသည်။ ထိုအချိန်ကာလများတွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ
တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်အသိများရှိထားကြပြီးဖြစ်သည်။ ထိုအချိန်တွင် ဒီမိုကရေစီစနစ်၊
အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ် ကြိုက်သူများအနေဖြင့် နိုင်ငံရေးထွက်ပေါက်မရှိသဖြင့် ဆူပူအုံကြွဆန္ဒပြမှုများ
မကြာခဏဖန်တီးခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး
တစ်ချိန်တည်း၌ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာခဲ့သည်။ ထိုအချိန်၌ ကမ္ဘာပေါ်တွင်
နိုင်ငံရေးလမ်းစဉ်များနှင့်ပတ်သက်၍ အားပြိုင်မှုပြင်းထန်နေသောအချိန်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို
လျှောက်လှမ်းရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် NGO ၊ INGO များသည် နိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့ပြီး
ပြည်ပနိုင်ငံများ၏ အထောက်အပံ့များကိုရယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး
ဆူပူအုံကြွမှုများဖြစ်ခဲ့ ပြီးနောက် တပ်မတော်အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီစနစ်ကို
စတင်လမ်းခင်းပုံဖော်ပေးခဲ့သည်။ ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်ချိန်၌ အနောက်အင်အားကြီးနိုင်ငံများနှင့်
အဖွဲ့အစည်းများက နိုင်ငံတော်တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များကို ပြန်လည်လှုံ့ဆော်ပေးသလို
၎င်းတို့အလိုကျ ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောက်ရွက်ခဲ့သည်။
ထိုအချိန်တွင် NGO ၊ INGO များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခဲ့ပြီး ပြည်တွင်းရေး၌
ဝင်ရောက်စွက်ဖက်လာကြသည်။
မြန်မာနိုင်ငံ၏
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာတွင် နိုင်ငံတကာဖိအားများဖြင့်လည်းကောင်း၊ သံတမန်ရေးနည်းလမ်းများဖြင့်လည်းကောင်း၊
NGO ၊ INGO အဖွဲ့အစည်းများ ဝင်ရောက်စွက်မှုများဖြင့်လည်းကောင်း နယ်ပယ်ကဏ္ဍအသီးသီးတွင်
အချိန်ယူဝင်ရောက်ထိုးဖောက်လာခဲ့သည်။ တစ်ဖက်တွင် ပြည်တွင်းနိုင်ငံရေးနှင့် ပြည်သူများကြား၌
စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်လာအောင် ပြည်တွင်းမီဒီယာများကို စည်းရုံးလှုံ့ဆော်ပေးပြီး
ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာများဖြင့် အချိန်ပြည့် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
၎င်းတို့နှင့် အပေါင်းပါများကို အားပေးကူညီပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ
စိတ်ဝမ်းကွဲပြားအောင်၊ အင်အားချည့်နဲ့အောင် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို
သေချာစွာလေ့လာသုံးသပ်ပြီး ဖြစ်ပေါ်ခဲ့ရသည်များကို သင်ခန်းစာယူ၍ နောင်တွင် ထိုသို့မဖြစ်ပွားရေး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးတို့အတွက် အဖျက်အမှောင့်အနှောင့်အယှက်မှန်သမျှကို
အထူးသတိချပ် ကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment