Monday, May 25, 2026

ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်



နေပြည်တော် မေ ၂၄

တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများစုဖွဲ့၍ နယ်မြေဒေသများအရောက် သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ပြုပြင်တည်ဆောက်ရမည့် လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ နေရပ်များသို့ ပြန်လည်ဝင်နေထိုင်သည့် ပြည်သူများသို့ ထောက်ပံ့မည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ လိုအပ်သော သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပေးပို့ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဒေသ၏လိုအပ်ချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)

No comments:

Post a Comment