လူ့ဘောင်အဖွဲ့အစည်း ရှင်သန်တည်ရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလုပ်သမားတို့၏ အခန်းကဏ္ဍမှာ လွန်စွာကြီးမားသည်။ မျက်မှောက်ခေတ် စျေးကွက်စီးပွားရေးစနစ်တွင် အလုပ်ရှင်များက ငွေကြေးစိုက်ထုတ်ရင်းနှီးမြှုပ်နှံကြပြီး ကော်လာဖြူ၊ ကော်လာပြာ အလုပ်သမားများက ကျွမ်းကျင်မှုနှင့် လုပ်အားတို့ကို စိုက်ထုတ်ကြကာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့ ပြုလုပ်ကြခြင်းဖြင့် လူမှုစီးပွားယန္တရားကြီးကို လည်ပတ်လှုပ်ရှားစေခြင်းဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်တွင်
အလုပ်ရှင်နှင့် အလုပ်သမားတို့မှာ အပြန်အလှန်အကျိုးပြုကြရသည့် စီးပွားဖက်များဖြစ်ကြသော်လည်း
ရာစုခေတ်ဟောင်းကာလများမှ အရင်းရှင်စီးပွားရေးစနစ် တွင်မူ အလုပ်ရှင်သည် ၎င်း၏အကျိုးအမြတ်
ပိုမိုရရှိရေးအတွက် အလုပ်သမားများထံမှ လုပ်အားနှင့် လုပ်ခတို့ကို နည်းအမျိုးမျိုးဖြင့်
ခေါင်းပုံဖြတ်သူများဖြစ်ကြသည်။ အလုပ်ရှင်အရင်းရှင်တို့က အလုပ် သမားတို့အား ပေးရမည့်
လုပ်အားခကို နည်းနိုင်သမျှ နည်းလိုသလောက် လုပ်အားကိုမူ များနိုင်သမျှ များများလိုချင်ကြရာ
လောဘကို အတောမသတ်နိုင်ကြသည့်အလျောက် လွန်လွန်ကျူးကျူးများ ဖြစ်ခဲ့ကြသည်။ လုပ်အားကိုအသုံးပြု၍
အသက်မွေးနေကြရသည့် အလုပ်သမားများမှာ မခံမရပ်နိုင်သည့်အဆုံး မိမိတို့၏ ရသင့်ရထိုက်သည့်
အခွင့်အရေးအတွက် အသက်ပေး၍ တိုက်ပွဲဝင်ကြတော့သည်။
မေလ ၁ ရက်နေ့သည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများကို
ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ ၁၈၉၀ ပြည့်နှစ်၊
မေလ ၁ ရက်နေ့မှ စ၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ကို
ကမ္ဘာ့အလုပ်သမားများ၏ လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို
သင့်လျော်စွာ ခံစားရသောနေ့၊ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့်
နေ့အဖြစ် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်သည် ၁၃၆ နှစ်မြောက်ဖြစ်သည်။ မိမိတို့နိုင်ငံတွင်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို နယ်ချဲ့ဗြိတိသျှအစိုးရအုပ်ချုပ်မှုအောက် ၁၉၃၈ ခုနှစ်မှ
စတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၈၈ နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံသည်
ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာစေရေးအတွက်
ကုန်ထုတ်လုပ်မှု ကဏ္ဍကို အားပေးမြှင့်တင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနှင့်
မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ရာတွင် ဒေသအလိုက် ထွက်ကုန်များကို
အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ထူထောင်လုပ်ကိုင်ရန်
အားပေးလျက်ရှိသကဲ့သို့ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်လာစေရန် ဆောင်ရွက်လျက်
ရှိသည်။ MSME လုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ
ပေါများလာခြင်း၊ အလုပ်လက်မဲ့နှုန်း ကျဆင်းလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားလာခြင်း၊
ပြည်ပသွင်းကုန်လျှော့ချနိုင်ခြင်း၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့ခြင်းဖြင့်
နိုင်ငံခြားဝင်ငွေတိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများဖြစ်ထွန်းလာမည်ဖြစ်ရာ ကုန်ထုတ်စွမ်းအားမြင့်မားရေးမှာ
အလုပ်သမားအင်အားစုကြီး၏ စွမ်းပကားအပေါ်တွင် မူတည်နေသည်။
မိမိတို့နိုင်ငံသည်
သယံဇာတအရင်းအမြစ်များနှင့် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားရာ ယင်းအခွင့်အလမ်းကောင်းများကို
ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချ၍ နိုင်ငံ့စီးပွားတိုးတက်မြင့်မားအောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည့်
အလုပ်သမားကြီးများ၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင်
အလုပ်သမားများ၏ကျွမ်းကျင်မှုများ တိုးတက်စေရေး၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား
ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ အငြင်းပွားမှုများ အား တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်သမားများ၏ လူမှုဘဝလုံခြုံရေးတို့ကို နိုင်ငံတော်က
အလေးထား ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံသည်
ဒီမိုကရေစီအစိုးရသစ်၏ ဦးဆောင်မှုဖြင့် သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့်အချိန်အခါဖြစ်သည်။
နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက် ရာတွင် အဓိကအားနည်းချက်ဖြစ်နေသော
ကုန်ထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် မြန်မာအလုပ်သမားတို့၏
ကာယ၊ ဉာဏ စွမ်းပကားဖြင့် အားသွန်ခွန်စိုက်မြှင့်တင်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment