မော်လမြိုင် ဧပြီ ၂၄
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က
နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို
အခြေခံစားကုန်ထောက်ပံ့ခြင်းနှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးခြင်းဖြစ်ကာ
မွန်ပြည်နယ်အတွင်း ယခုလက်ရှိအနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၀,၂၁၁) ဦးရှိပြီး
မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် သမားတော်ကြီး၊ ခွဲစိတ်နှင့် အရိုးအထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့မှ
ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် (၈၅၃) ဦး၊ ၂ဝ၂၅ ခုနှစ်တွင်
(၉၂၂) ဦး၊ ၂ဝ၂၆ ခုနှစ် မတ်လတွင် (၁၂၆) ဦး၊ စုစုပေါင်း (၁၉၀၁) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊
နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထားစီမံဆောင်ရွက်လျက်ရှိရာ
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ယခုအခါပင်စင်ခံစားနေကြတဲ့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား
အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိပြီး အသက်ရှည်စွာနေထိုင်နိုင်ရန်အတွက်
လစဉ်ပြည်သူ့ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခမဲ့ဆေးဝါးများ ထောက်ပံ့ခြင်း၊
အခြေခံစားကုန်များထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားကုန်ထောက်ပံ့ပေးရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသော အထူးကုဆရာဝန်ကြီးများ၊
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့်
စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က
မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက
အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံသို့ရောက်ရှိပြီး
ဦးစွာရှင်းလင်းဆောင်တွင် စက်ရုံမှူး ဦးတင်မင်းက မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ
ခွင့်ပြုထားသော အမေရိကန်ဒေါ်လာ ၂.၃၂ သန်း ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်
Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံလည်ပတ်မှုအခြေအနေများအား power point ဖြင့်
ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံလည်ပတ်မှုအတွက်
မွန်ပြည်နယ်အတွင်း ကုန်ကြမ်းရရှိစေရေး၊ လျှပ်စစ်မီးရရှိမှုအခြေအနေနှင့် ရော်ဘာပင်အိုများအား
ခုတ်လှဲပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ
ထုတ်လုပ်စေရေး၊ စက်ရုံ၏ ရင်းနှီးမြှပ်နှံမှုကာလမှာ နှစ် (၅၀) ဖြစ်၍ နှစ် (၅၀) အတွက်
ကုန်ကြမ်းရရှိနိုင်မှု အခြေအနေများ၊ စက်ရုံ၌ ရေရရှိမှုအခြေအနေ၊ အလုပ်သမားရရှိမှုအခြေအနေတို့ကို
မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ
စက်ရုံမှူး ဦးတင်မင်းမှ စက်ရုံလည်ပတ်မှုနှင့် ရာဘာသစ်ခွဲသား အဆင့်ဆင့်ထုတ်လုပ်မှုအခြေအနေတို့အား
လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)






No comments:
Post a Comment