Thursday, April 2, 2026

ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်


မြိတ် ဧပြီ ၁

ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ရက် မှ စတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက ငါးမဖမ်းရကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်း ရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ရတဲ့ အဓိကအကြောင်းရင်းက ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊ ငါးသယံဇာတတွေ တိုးပွားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ငါးတွေ ပေါက်ပွားနိုင်တဲ့ ရာသီမှာ ထိန်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာက သုတေသနရလဒ်တွေအပေါ်မှာ အခြေခံ ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

 မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း ရေယာဉ်များအားလုံးကို ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးဖမ်းဆီး ခြင်းမပြုလုပ်ရန် တားမြစ်ထားရှိပြီး မတ် ၃၁ ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားခဲ့သည်။

ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ စတင်သတ်မှတ်ချက်များကို ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်းအပေါ် ငါးဖမ်းလှေ များအနေဖြင့် ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အကယ်၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက စည်းကမ်းပျက်သည့်ငါးဖမ်းလှေများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းလှေများကို VMS ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့်လျက်ရှိရာ ယနေ့တွင် ပင်လယ်ပြင်၌ ငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။

ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း သည် ငါးများပေါက်ပွားနိုင်သည့် ရာသီတွင် ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရန် သုတေသနရလဒ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေများနှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာတည်ရှိစေရန် သုတေသနပညာရှင်များဖြင့် သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီတွင် မီတာ ၂၀ အောက် တနင်္သာရီကမ်းရိုးတန်းရေပြင်၌ ရက်ပေါင်း ၃၀ ကြာ ငါး သယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်အခြေပြု ကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းရေယာဉ် ၁၁၈၆ စင်းရှိကာ ရေလုပ်သားဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ငါးသယံဇာတများကို ယခင်က မိရိုးဖလာဖမ်းဆီးရောင်းချခြင်း၊ စားသောက်ခြင်းများသာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ခေတ်စနစ်များ ပြောင်းလဲလာ၍ နည်းပညာများတိုးတက်လာကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကို ခေတ်မီနည်းပညာများ ဖြင့် ဖမ်းဆီးကြကာ ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချခြင်း၊ ရေပေါ်ရေအောက် ငါးသယံဇာတများ မွေးမြူထုတ်လုပ်ခြင်း၊ အအေးခန်းစက်ရုံ များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

No comments:

Post a Comment