မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလသည် ဒီမိုကရေစီကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်း ဆောင်ရွက်သည့်ကာလဖြစ်ပြီး ယခုငါးနှစ်တာကာလသည် ဒီမိုကရေစီစနစ်ကို စတင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့်ကာလဖြစ်သည်။ ဒီမိုကရေစီမျက်နှာစာသစ် တစ်နည်းအားဖြင့်ဆိုလျှင် ဒုတိယစာမျက်နှာသစ်ကို ရေးဆွဲကြဖို့ အစပြုနေသောကာလဖြစ်သည်။
ဧပြီ ၁၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာ၌ “ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီး ‘သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု’ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဗဟိုအဆင့်ဌာနဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ အောင်မြင်အောင်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ချို့ယွင်းအားနည်းမှုမရှိစေဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြဖို့” မှာကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလအတွင်း အားသာမှုများစွာရှိသလို အားနည်းချက်များလည်းရှိခဲ့သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများစွာတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်သို့ ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီစနစ်ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသစ်အနေဖြင့် စိန်ခေါ်မှုများစွာ စောင့်ကြိုနေသည်ကို ကောင်းစွာသိရှိနားလည်ထားပြီးဖြစ်၍ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခက်အခဲများအပါအဝင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုများအား အစိုးရနှင့်ပြည်သူလူထု အတူတကွလက်တွဲညီညီပူးပေါင်း၍ ရင်ဆိုင်ကျော်လွှားသွားမည်ဟု သန္နိဋ္ဌာန်ချထားသည်။
နိုင်ငံတော်အစိုးရသစ်အနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက်လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေလိုအပ်သည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ရှိသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများကို ဘက်စုံလွှမ်းခြုံ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားသည်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကကျသည့်အခြေခံအုတ်မြစ်အဖြစ် မဖြစ်မနေလိုအပ်သည်။ နိုင်ငံတွင် တွေ့ကြုံနေရသည့် အခြေအနေအများစုတွင် တည်ဆဲဥပဒေများအား နားလည်မှုနည်းပါးခြင်း၊ အလေးဂရုမပြုခြင်းစသည်တို့ကြောင့် တရားဥပဒေစိုးမိုးရေးတွင် အားနည်းမှုများရှိလာခဲ့သည်။ ပြည်သူများအားလုံးအနေဖြင့် ဥပဒေများကို သိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီး တိုင်းပြည်အေးချမ်းသာယာ ဝပြောလာမည်ဖြစ်သည်။ အဖွဲ့အစည်းများကို တာဝန်ယူကြသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လိုအပ်ချက်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချို့ယွင်းအားနည်းမှုမရှိစေဘဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အရေးကြီးသည့်အချက်တစ်ခုမှာ အားလုံးအဂတိလိုက်စားမှုကင်းရှင်းအောင် ကျင့်ကြံလုပ်ကိုင်ကြဖို့လိုသည်။ အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်းပျက်စီးစေသည်။ အများမိုးခါးရေသောက်၍ သောက်ရပါသည်ဆိုပြီး တစ်စတစ်စအမြစ်တွယ်လာကာ အကျင့်ပျက်ခြစားမှု များပြားလာခြင်းမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကမှာ နိုင်ငံတော်သမ္မတလမ်းညွှန်ချက်နှင့်အညီ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူများအားလုံး စိတ်ထားမှန်ကန်ပြီး စိတ်ကောင်းစေတနာကောင်းထားရှိရေးကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အခြေခံကောင်းကောင်းနှင့် ခိုင်မာအားကောင်းအောင် အစိုးရသစ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ရာ အတိတ်ကကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူပြီး “သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု”ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်၍ ချို့ယွင်းအားနည်းမှုကင်းရှင်းစွာဖြင့် ခိုင်မာအားကောင်းသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အောင်မြင်အောင်ဆက်လက်တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment