နေပြည်တော် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရုံးအမှတ် (၃၈) ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ပါဝင်ဆင်နွှဲကြသည်။
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ရေကစားမဏ္ဍပ်သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့များ စုံလင်စွာတက်ရောက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ဆက်အမှာစကား ပြောကြားကာ ပြည်ထဲရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပိတ်သိမ်းကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု သင်္ကြန်ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဦးဆောင်သောအဖွဲ့က သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြပြီး ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment