နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်းကောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်ကွက်များအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယနေ့ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်ပုန်းခိုနေသည့် တရားမဝင်တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link ၁ လုံး၊ Wifi စက် ၆ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မူဆယ်မြို့အတွင်း၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ထပ်မံစစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိအွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။








No comments:
Post a Comment