နေပြည်တော် ဧပြီ ၁၄
အားကစားရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားရေးရာဝန်ကြီးဌာန မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ယိမ်းအဖွဲ့ဝင်များကစုပေါင်း၍ သံပြိုင်ညီညာ ကပြဖျော်ဖြေခြင်း၊ တာဝန်ရှိသူများက ယိမ်းအဖွဲ့လှပျိုဖြူများနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် အားကစားရေးရာ ဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ရှိ ဌာနခွဲအသီးသီးမှ ဧည့်ခံကျွေးမွေးသည့် စတုဒိသာ မြန်မာ့ရိုးရာ အစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု ဝင်များနှင့်အတူသုံးဆောင်ကာ ဌာနခွဲများမှ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အတာရေအပြန်အလှန် ပက်ဖျန်းခြင်း၊ ဌာနခွဲများမှ ဝန်ထမ်းယိမ်းအဖွဲ့များနှင့် Fitness Dance အဖွဲ့၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment