စစ်တွေ မေလတ်ဇံ
ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက် ပေါ်ပေါက်လာခြင်း
ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်ဖြစ်လာမည့် အဆောက်အဦသည် ကမ္ဘာအေးကုန်းမြေမဟာပါသာဏလိုဏ်ဂူတော်ဝင်းအတွင်းရှိ ဓမ္မာရုံအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသော နှစ်ထပ်အဆောက်အဦဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးစီးသည့် ၁၉၅၆ ခုနှစ်မှစ၍ ရေတွက်လျှင် ၄၄ နှစ် အကြာ ၂၀၀၀ ပြည့်နှစ်တွင် ဆဋ္ဌသင်္ဂါယနာ မော်ကွန်းပြတိုက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြတိုက်ပေါ်ပေါက်လာပုံအစ
၂၀၀၀ ပြည့်နှစ်အတွင်း တစ်ခုသော တနင်္လာနေ့ဝယ် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော မိမိသည်ထိုစဉ်က သာသနာရေးဝန်ကြီးဖြစ်သူ၏ ခေါ်ယူတွေ့ဆုံပြောကြားချက်အရ ကမ္ဘာအေးကုန်းမြေရှိ ဓမ္မာရုံအဖြစ်အသုံးပြုရန် ရည်ရွယ်ဆောက်လုပ်ထားသော နှစ်ထပ်အဆောက်အဦကို ဆဋ္ဌသင်္ဂါယနာ မော်ကွန်းပြတိုက်အဖြစ် ပြောင်းလဲခင်းကျင်းရန်တာဝန်ရှိသူက တာဝန်ပေးအပ်ကြောင်း သိရှိရသည်။
မိမိမှာခေါ်၍သာ လာခဲ့ရသော်လည်း ဆဋ္ဌသင်္ဂါယနာအကြောင်း ဘာမျှ ထဲထဲဝင်ဝင် မလေ့လာရသေးချိန်ဖြစ်သည်။ အမှန်က ပြတိုက်တစ်ခုခင်းကျင်းမည်ဆိုလျှင် အဆိုပါပြတိုက်သည် မည်သည့်ရည်ရွယ်ချက်(Theme)ဖြင့် ခင်းကျင်းမလဲ၊ တစ်နည်းအားဖြင့် ဘာပြတိုက်အမျိုးအစားလဲ အရင်သိရန် လိုအပ်သည်။ ပြီးမှခင်းကျင်းမည့် ပြကွက်များကို စဉ်းစားရသည်။ ခင်းကျင်းမည့် အဆောက်အဦကိုလည်း အသေးစိတ် ကြိုတင် လေ့လာရသည်။ အလျား၊ အနံ၊ အမြင့် သာမက ကြမ်းခင်း၊ မျက်နှာကြက်၊ ပြတင်းပေါက်၊ ဝင်ပေါက် ထွက်ပေါက်တံခါး စသည်တို့ကို မှတ်သားပြီးမှ ခင်းကျင်းမည့်ဧရိယာသတ်မှတ်ရသည်။ ပြသမည့် ပစ္စည်းမည်မျှစုဆောင်းထားသည်ကိုလည်း ကြိုတင်မှတ်သားရသည်။
ယခု အဆိုပါလုပ်ငန်းစဉ်များ တစ်ခုမျှမရှိခင် သာသနာရေးဝန်ကြီးက ဓမ္မာရုံနှစ်ထပ်ဆောင် အလွတ်ကြီးကို ခေါ်ပြပြီး “ဘာခင်းကျင်းမလဲ” မေးသည်။ မိမိလည်း ရုတ်တရက်စဉ်းစား၍ မရသေး။ သို့သော် နှစ်ပေါင်းများစွာအတွင်း ပြတိုက်များ ခင်းကျင်းခဲ့ဖူးသော အတွေ့အကြုံကမနေပါ။ ဆဋ္ဌသင်္ဂါယနာဆိုတော့ ခြောက်ကြိမ်မြောက်၊ သူ့ထက်စော၍ ငါးကြိမ်သင်္ဂါယနာတင်ခဲ့ပြီးပြီ။ ဒီငါးကြိမ်သည် ပြကွက်များပင်ဖြစ်ရမည်ဟု တွေးသည်။ သင်္ဂါယနာဆိုတာ ဘာလဲဟူသော အဓိပ္ပာယ်ကို လူတိုင်းမသိချေ။ ဒါကိုလည်း ရှင်းပြ ရမည်ဟုတွေးသည်။ ပြတိုက်က နှစ်ထပ်ဆိုတော့ ဝင်ဝင်ချင်း မြေညီထပ်ပြသမည့်အခန်းကို အရင်ရောက်မည်။ ထိုအခန်းတွင် စစချင်း ပြကွက်အဖြစ် သင်္ဂါယနာ၏ အဓိပ္ပာယ်ကို အရင်ရှင်းပြပြီး ပထမသင်္ဂါယနာမှသည် ပဉ္စမ သင်္ဂါယနာထိ သင်္ဂါယနာ ငါးကြိမ်တင်ခဲ့ပုံကို ပြကွက် ငါးခုအဖြစ်ပြသမည် ဟုဖြေကြားရာ ဤအဖြေသည် ယုတ္တိတန်သဖြင့် လက်ခံသွားသည်။ ပြီးတော့ နှစ်ထပ်ဖြစ်သည့် အားလျော်စွာ အပေါ်ထပ်တစ်ထပ်လုံးကို ယခုအထူး ပြသလိုသော ဆဋ္ဌသင်္ဂါယနာပြကွက်ကြီးတစ်ခုအဖြစ် ခင်းကျင်းပြသပေးနိုင်ကြောင်း တင်ပြလိုက်ပါသည်။
ဟုတ်ပြီ။ ဒါဆို အပေါ်ထပ်တက်ကြည့်ကြပြီး ဆဋ္ဌသင်္ဂါယနာပြကွက်တွင် ဘာတွေခင်းကျင်းမလဲ ထပ်မေးပြန်သည်။ ရုတ်တရက်မဖြေနိုင်ပြန်။ မိမိမှာ ဘာဝမ်းစာမျှမရှိ၍ဖြစ်ပါသည်။ ဝန်ကြီးကလည်း အထက်လူကြီးထံ ချက်ချင်းတင်ပြရန် လိုနေသလားမသိပါ။ မိမိအဖြေကို စောင့်ဆိုင်းပြီး စဉ်းစားခိုင်းသော်လည်း ဆဋ္ဌသင်္ဂါယနာဆိုတာ ဝန်ကြီးချုပ်ဦးနု ဦးစီး၍တင်ကြောင်း၊ ဆဋ္ဌသင်္ဂါယနာတင်သော လိုဏ်ဂူတော်တွင် တင်ကြောင်းမှလွဲ၍ ပိုမသိသေးသော မိမိအဖို့ ချက်ချင်းပြကွက်စီစဉ်ရန် ခက်နေ သည်။ ဝန်ကြီးကလည်း မိမိအကျပ်အတည်းကို ရိပ်မိပုံရသည်။ “ကဲ ကဲ ဒီဓမ္မာရုံအလွတ်ကြီးထဲ စဉ်းစားမရရင် လိုဏ်ဂူကြီးကို သွားကြည့်လိုက်တော့ တစ်ခုခုစဉ်းစားမိရင် စဉ်းစားမိလာမှာပေါ့”ဟု ပြောကာ လိုဏ်ဂူကြီးဆီ သွားကြပါတော့သည်။
လိုဏ်ဂူကြီးထဲ ဝင်ရောက်ပြီးချိန်တွင် မိမိမှာ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုရင်း
ပြကွက်ရှာနေချိန် လိုဏ်ဂူတော်ကြီးအတွင်း ဘေးနံရံပေါ်တွင် ထွင်းထုထားသောကျောက်စာများကို
မြင်မိပြီး အနီးကပ်သွားရောက် ဖတ်ရှုမိရာမှ ဝမ်းသာအားရဖြင့် ပြကွက်တွေ့ပြီဖြစ်ကြောင်း
တင်ပြနိုင်ခဲ့ပါသည်။ အဆိုပါကျောက်စာများမှာ ဆဋ္ဌသင်္ဂါယနာတင် လိုဏ်ဂူတော်ကြီးအတွင်း
ဆဋ္ဌသင်္ဂါယနာတင် အစည်းအဝေးငါးကြိမ်ခွဲ၍ ကျင်းပခဲ့သည့် သန္နိပါတခေါ် အစည်းအဝေးများကို
မှတ်တမ်းတင်ရေးထိုးထားသော ကျောက်စာများဖြစ်သော်လည်း ကြီးမားထည်ဝါလွန်းလှသော လိုဏ်ဂူတော်ကြီးအတွင်း
ဖြစ်၍ ဧည့်ပရိသတ်အများစု သတိမထားမိကြချေ။
ထိုသို့ အများပြည်သူသတိမမူမိသော ကျောက်စာမှတ်တမ်းမော်ကွန်းချပ်များကို ပြတိုက် အပေါ်ထပ်ဆဋ္ဌသင်္ဂါယနာပြကွက်တွင် ခင်းကျင်းလိုက်ရပါက လိုဏ်ဂူတော်အတွင်း သေးငယ်သယောင်ဖြစ်နေသော ကျောက်စာချပ်များသည် ပြတိုက်နံရံပေါ် ဝင့်ဝင့်ကြွားကြွားရှိလာပြီး ဖတ်ရှုရန် အနေတော်အရွယ်အစားဖြစ်ပေလိမ့်မည်ဟု တွေးမိသွားသဖြင့်ဖြစ်သည်။ ကျန်ပြသပစ္စည်းများမှာ ဆဋ္ဌသင်္ဂါယနာတင်စဉ်က အသုံးပြုခဲ့သောပစ္စည်းများ မည်မျှစုဆောင်းထိန်းသိမ်းထားသည်ကိုမူတည်၍ ခင်းကျင်းပြသနိုင်ကြောင်းနှင့် ဆဋ္ဌသင်္ဂါယနာတင်ပုံပြကွက်ကို လိုဏ်ဂူတော်ကြီးအတွင်း အမေးအဖြေဆရာတော်နှစ်ပါး မေးနေ ဖြေနေဟန်ရုပ်တုနှင့်တကွ Miniature Replica Model (အရွယ်ငယ်ပုံစံတူ) တည်ဆောက်ပြသနိုင်ကြောင်း ရှင်းပြနိုင်သောအခါ ပြကွက်အကြမ်းထည်ပုံပေါ်လာပြီဖြစ်ပါ၏။
ပြကွက်များ လျာထားခင်းကျင်းခြင်း
ပြတိုက်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့သော အဆောက်အဦမဟုတ်သဖြင့် ပြတင်းပေါက် များပြားစွာပါရှိသော နှစ်ထပ်အဆောက်အဦ ပုံမှန် ဓမ္မာရုံပုံစံပင်ဖြစ်ရာ ပြင်ပမှ အလင်းရောင် များပြားစွာဝင်ရောက်နေသဖြင့် ပြတင်းပေါက်များ ကို ပိတ်လျက်ခင်းကျင်းမှသာ ပြတိုက်နှင့်တူမည် ဟု ဦးစွာတွေးမိပါသည်။ ပြတင်းပေါက်များကို ပိတ်လိုက်ပြန်တော့ ပူအိုက်မှုဒဏ်ကို ခံရမည့်ဒုက္ခမှာ ပြတိုက်ကြည့်ပရိသတ်သာမက ခင်းကျင်းထားသော ပြသပစ္စည်းများကိုပါ ပိုမိုထိခိုက်စေမည်ဖြစ်သဖြင့် လေအေးပေးစက်တပ်ရန် လိုအပ်မည်ဖြစ်သော်လည်း မျက်နှာကြက်ပန်ကာနှင့်သာ ကျေနပ်ခဲ့ရသည်။
ပြကွက်များ လျာထားခင်းကျင်းရာတွင် မြေညီထပ်၌ မူရင်းအမည်ဖြစ်သော သံဂါယနာ (နောက်ပိုင်းတွင် သင်္ဂါယနာဟုသုံးလာသည်)၏ အဓိပ္ပာယ်ဖွင့်ဆို ချက်ပြကွက်၊ ပထမသင်္ဂါယနာတင်ခြင်းပြကွက်၊ ဒုတိယသင်္ဂါယနာတင်ခြင်းပြကွက်၊ တတိယ သင်္ဂါယနာတင်ခြင်းပြကွက်၊ စတုတ္ထသင်္ဂါယနာတင်ခြင်း ပြကွက်မှသည် ပဉ္စမသင်္ဂါယနာတင်ခြင်း ပြကွက်အထိ ပြကွက်ခြောက်ကွက် ခင်းကျင်းပြသရန်နှင့် အပေါ်ထပ်တွင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းပြကွက် တစ်ခုတည်းကို အထူးပြုခင်းကျင်းပြသမည်ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်ပွဲတစ်ခုလုံးကို ပေါ်လွင်စေသည့် ပြကွက်များအမျိုးမျိုးကို ခင်းကျင်းပြသရန် လျာထားခဲ့ပါသည်။
မြေညီထပ်ပြကွက်များ
ပြကွက် (၁) ဖြစ်သော သံဂါယနာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် လည်းကောင်း၊
ပြတိုက်အမည် ဆိုင်းဘုတ်တပ်ဆင်ရန်အတွက် လည်းကောင်း၊ စာအုပ်စာတမ်းအထောက်အထားများကို ဖတ်ရှုလေ့လာသောအခါ
၁၉၅၀ ကျော်ကာလက ထုတ်ဝေသော စာအုပ်စာတမ်းများတွင် သံဂါယနာဟူ၍ အသုံးများကြောင်းတွေ့ရပြီး
နောက်ပိုင်းထုတ်ဝေသော စာအုပ်များတွင်မူ သင်္ဂါယနာဟူ၍ ပြောင်းလဲသုံးစွဲကြောင်း သတိပြုမိလာသည်။
မြန်မာ့စွယ်စုံ ကျမ်းတွင်လည်း သင်္ဂါယနာဟူ၍ သုံးထားသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ နှစ်မူကွဲနေသော စာလုံးပေါင်းအနက် ပြတိုက်အမည်နှင့် ပြကွက်(၁)အဓိပ္ပာယ်ဖွင့်ဆိုချက် တို့အတွက် သံဂါယနာဟုသုံးရမည်လား၊ သင်္ဂါယနာဟု သုံးရမည်လား ကိုယ်တိုင်မဆုံးဖြတ်တတ်တော့၍ ဆရာတော်သံဃာတော်ကြီးများထံ မေးလျှောက်ကြည့်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက်ဆိုလျှင် သံ = ညီညာစွာစုပေါင်း၍၊ ဂါယနာ = ရွတ်ဆိုခြင်းဟု အဓိပ္ပာယ်ရကြောင်း ပြန်လည်မိန့်ကြားပါသည်။ ထို့ကြောင့် မိမိအနေဖြင့် မြန်မာမှုပြုထားသည့် ရေးထုံးအတိုင်း သံဂါယနာဟု သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် ပါဠိသဒ္ဒါစည်းမျဉ်းများနှင့်အညီ သင်္ဂါယနာဟု သုံးစွဲစေလိုသော ဆရာတော်ဘုရားများ၏ ဩဝါဒအတိုင်း သင်္ဂါယနာဟုသုံးစွဲလာသည် ဟု သိရှိမှတ်သားရပေသည်။
ထို့နောက် ပထမသင်္ဂါယနာမှသည် စတုတ္ထသင်္ဂါယနာအထိ ကျင်းပခဲ့ပုံများကို ပန်းချီကားများ ရေးဆွဲသရုပ်ဖော်ရရာ ပထမသင်္ဂါယနာမှသည် တတိယသင်္ဂါယနာအထိ ကျင်းပခဲ့သော အိန္ဒိယနှင့် စတုတ္ထ သင်္ဂါယနာ ကျင်းပခဲ့သော သီရိလင်္ကာနိုင်ငံတို့မှ သင်္ဂါယနာတင်ပွဲများကို သရုပ်ဖော်ခြင်းဖြစ်သော်လည်း ထိုကာလက နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဘုရင်များဝတ်စားဆင်ယင်ပုံကို မြန်မာဘုရင်များ ဝတ်စားဆင်ယင်ပုံကဲ့သို့လည်းကောင်း၊ ထိုဒေသများမှ အဆောက်အဦများကိုလည်း မြန်မာကနုတ်ပန်း လက်ရာစုလစ် မွမ်းချွန်များဖြင့် လည်းကောင်းရေးဆွဲ၍ သင်္ဂါယနာတင်ပုံအဆင့်ဆင့်ကို သရုပ်ဖော်ရေးဆွဲရန် မြန်မာနိုင်ငံ ပန်းပညာရှင်အစည်းအရုံးသို့ လုပ်ငန်းအပ်နှံခြင်းဖြစ်သည်။
အဆိုပါ ပန်းချီကားများ တပ်ဆင်ထားသော ဘောင်(Frame)ကို ဇလားပုံဖော်ထားပြီး ဇလား ပုံဘောင် ဝဲယာတစ်ဖက်တစ်ချက်စီတွင် သင်္ဂါယနာတင်ခဲ့သော နေရာပြမြေပုံနှင့် သင်္ဂါယနာတင်ပွဲဆိုင်ရာ အချက်အလက်များကို ဖော်ပြထားခြင်းနှင့် စာဆိုတော်ဦးယာ၏ ပထမသင်္ဂါယနာမှသည် စတုတ္ထသင်္ဂါယနာအထိ စပ်ဆိုထားသော အဏ်ချင်းများကိုဖော်ပြမှ ပြည့်စုံသောရှင်းလင်းချက်ကို ရတော့သည်။
ပဉ္စမသင်္ဂါယနာတင်ပြကွက်မှာ မြန်မာနိုင်ငံမန္တလေးမြို့၌ မင်းတုန်းမင်းကြီးလက်ထက်
ကျောက်ထက်အက္ခရာတင်ခဲ့သည့် ကုသိုလ်တော် ဓမ္မစေတီများဖြစ်ပေါ်လာရန် သာသနာ့ဒါယိကာ မင်းတရားကြီးကိုယ်တိုင်
စာတတ်အကျော် ရဟန်းတော်များက လူပညာရှိများနှင့်အတူ ကျောက်စာများရေးထွင်းနေမှုကို မှန်၊
မမှန် စစ်ဆေးသည့်နေရာ သို့ကြွရောက်အားပေးနေပုံကို နောက်ခံပန်းချီနှင့် ပန်းပုတွဲစပ်လျက်
ပြသသည့်ပြကွက်ဖြစ်ပေသည်။
အလားတူမြေညီထပ်တွင် ဆဋ္ဌသင်္ဂါယနာတင်စဉ်က အတူပါဝင်ခဲ့ကြသော အိမ်နီးချင်း ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ပေးပို့လှူဒါန်းထားသည့် သာသနိကလက်ဆောင်ပစ္စည်းများကိုလည်း ဗီရိုများဖြင့် ခင်းကျင်းပြသထားပါသေးသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ဒိယနိုင်ငံမှ ထင်ရှားသောဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုး စေတီတော်များ၏ ဓာတ်ပုံများကိုလည်း ညွှန်ကြားရေးမှူးချုပ်ကြီး၏ ဆန္ဒအရ ခင်းကျင်းချိတ်ဆွဲခဲ့ရပါသည်။
ပထမထပ်ပြကွက်များ
ပထမထပ်၏ ဘုရားကျောင်းဆောင်ထားရှိရန် ပြုလုပ်ထားသော ချိုင့်နေရာတွင် ဆဋ္ဌသင်္ဂါယနာ တင်နေပုံပြကွက်ကို မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း ရဟန်းပရိသတ်များက ဘေးနှစ်ဖက်ရှိ သံဃာစင်များပေါ် သတ်မှတ်နေရာအသီးသီး၌ သီတင်းသုံးလျက် ကြည်ညိုနေဟန်၊ ခန်းမအလယ်၌ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်အစရှိသည့် အကြီးအကဲများနှင့် ဧည့်သည်တော် လူပရိသတ်များက လက်အုပ်ချီကြည်ညိုနေဟန်နှင့် သံဃာစင်ပေါ်တွင် သံဃနာယက ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်ဆရာတော်များ ဦးစီးလျက် ဆဋ္ဌသင်္ဂါယနာ အမေးအဖြေဆောင်ရွက်တော်မူကြသည့် ပုစ္ဆကနှင့် ဝိသဇ္ဇကဆရာတော်နှစ်ပါးဖြစ်သည့် မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်း ဆရာတော်ဘုရားကြီးတို့ မိုက်ခရိုဖုန်းကိုယ်စီဖြင့် အမေးအဖြေ ဆောင်ရွက်တော်မူနေဟန်တို့ကို နောက်ခံပန်းချီတွင် ပန်းပုရုပ်လုံးရုပ်ကြွငယ်များ တွဲဖက်လျက်မူရင်းမှတ်တမ်းဓာတ်ပုံပါအတိုင်း ထုဆစ်ခင်းကျင်းထားသည်မှာ တကယ့်ဆဋ္ဌသင်္ဂါ ယနာတင်ပွဲသို့ ရောက်ရှိသွားသလို ခံစားရစေနိုင် သည့်ပြကွက်ဖြစ်သည်။
ယင်းပြကွက်ရှေ့တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများပြကွက်ကို ခင်းကျင်းပြသရာဝယ် ဆဋ္ဌသင်္ဂါယနာတင်ပွဲ ဖိတ်ကြားစာ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲလာ ဆရာတော် သံဃာတော်များအား ဆွမ်းစားပင့်လွှာ၊ ဆွမ်းဘုဉ်းပေးရန်လက်မှတ်စသည့် တကယ့်အရေးပါသော မှတ်တမ်းမှတ်ရာအစစ်များမှာ ပစ္စည်းစုဆောင်း ထိန်းသိမ်းတတ်သော ညွှန်ကြားရေးမှူးချုပ်၏ ကျေးဇူးဖြင့် ရရှိခင်းကျင်းပြသနိုင်ပါ၏။
ထို့ပြင် မဟာစည်ဆရာတော်ကြီးနှင့် မင်းကွန်း ဆရာတော်ကြီးနှစ်ပါးတို့၏
အမေးအဖြေဆောင်ရွက် တော်မူနေကြဟန် လူအရွယ်ရုပ်လုံးနှစ်ခုမှာ ဆဋ္ဌသင်္ဂါယနာတင်စဉ်ကရှိသော
အသက်အရွယ် အတိုင်း ထုဆစ်ထားခြင်းဖြစ်ပြီး ဆရာတော်နှစ်ပါး၏ ရှေ့တွင်ချထားသော မိုက်ခရိုဖုန်းများမှာ
ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် အမှန်တကယ် အသုံးပြုခဲ့သော မိုက်ခရိုဖုန်းအစစ်များဖြစ်လေရာ
အလွန်ပီပြင်ပါ၏။ ယင်းကို မြန်မာ့အသံမှ ထိန်းသိမ်းထားသော ဆရာတော်ဘုရားနှစ်ပါး၏ အမေးအဖြေမူရင်း
အသံပါထွက်ပေါ်အောင် ဆောင်ရွက်ထားခြင်းဖြင့် အသက်ဝင်လှုပ်ရှားနေသယောင် ခံစားမိစေပါ၏။
မိမိကလည်းခင်းကျင်းရာတွင် ပိုမိုအသက်ဝင်စေရန် ဆရာတော် နှစ်ပါးထိုင်သော စမ္မခဏ်မှအစ
ကတ္တီပါရွှေအိုရောင် နီညိုရောင်အကွပ်ဖြင့် ထည့်သွင်းခြင်းနှင့် ဆရာတော်ကြီးများ လက်ထဲဝယ်ယပ်တော်များ
ကိုင်ဆောင်စေခြင်းမှအစ အသေးစိတ်ဂရုတစိုက် ထည့်သွင်းခင်းကျင်းခဲ့ပါသည်။ ရှေးက အမေးအဖြေဆောင်ရွက်တော်မူဟန်
ဓာတ်ပုံအစစ်ကိုလည်း နှိုင်းယှဉ်ကြည့်ရှုနိုင်အောင် ပြသထားခဲ့ပါ၏။
ဆရာတော်နှစ်ပါး၏ ရုပ်တုမလှမ်းမကမ်းတွင် ဆရာတော်များ၏ အသုံးအဆောင်ပစ္စည်းများကိုပြသသော ခြောက်မြှောင့်ဗီရိုများကို ခင်းကျင်းထားရာ ညောင်ရမ်းဆရာတော်၏ အသုံးအဆောင်ပစ္စည်းများ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့၏ အသုံးအဆောင်ပစ္စည်းပြဗီရိုတို့မှာ စိတ်ဝင် စားဖွယ်ကောင်းလှပါသည်။ ဆရာတော်ကြီးများ ဝတ်ရုံခဲ့သောသင်္ကန်းသင်းပိုင်များ၊ နေကထိုင်များ ပါဝင်သလို သုံးစွဲခဲ့ကြသော မျက်မှန်၊ ဖောင်တိန် စသည့်ပစ္စည်းများလည်း ပါဝင်သည်ကို တွေ့ရပါသည်။
အထူးသဖြင့် မင်းကွန်းဆရာတော်ကြီးကိုယ်တိုင် ရိုက်နှိပ်ရန် အသုံးပြုခဲ့သော လက်နှိပ်စက်မှာ လက်နှိပ်စက်မမြင်ဖူးသော ယခုခေတ်လူငယ်များ မဆိုထားနှင့်၊ ကွန်ပျူတာမပေါ်ခင်ခေတ်ကပင် လုပ်ငန်းခွင်ထဲရောက်၍ လက်နှိပ်စက်ဖြင့်ကျင်လည် ခဲ့ဖူးသောမိမိတို့ အသက် ၇၀ ကျော်အရွယ်ပင်လျှင် မမြင်ဖူးတော့သည့်ပုံစံမျိုးဖြစ်၍ ထိန်းသိမ်းထားပေးခဲ့ကြသည့် ဆရာတော်ကြီး၏ ကပ္ပိယတပည့် ဒကာများကို ကျေးဇူးအထူးတင်ရပါသည်။
အခြားအထူးပြကွက်တစ်ခုမှာ မင်းကွန်းဆရာတော်ကြီးအား နိုင်ငံတော်က တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ထူးကို ဆွတ်ခူးတော်မူနိုင်သဖြင့် အထူးဆက်ကပ်သော ဆင်စွယ်ဖြင့် ပြုလုပ်ထား သည့် “ဆင်စွယ်ယပ်ဝန်း” အစစ်ကို ခင်းကျင်းပြသ ခြင်းပင်ဖြစ်သည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် အသုံးပြုခဲ့သော တံဆိပ်များပြကွက်နှင့် ဆဋ္ဌသင်္ဂါယနာပွဲသို့ ကြွရောက်တော်မူလာကြသည့် ရဟန်းသံဃာတော်များကို ဆွမ်းဆက်ကပ်ရာတွင် အသုံးပြုရန်အင်္ဂလန်မှ သီးသန့်အော်ဒါမှာယူထားသည့် Made In ENGLAND စာသားပါ ပန်းကန်ခွက်ယောက်များ၊ ဇွန်း၊ ခက်ရင်းများပြကွက်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ဤပန်းကန်ခွက်ယောက်များ စုဆောင်းရရှိပုံမှာလည်း စိတ်ဝင်စားစရာကောင်းပါ၏။ ပြတိုက် ခင်းကျင်းစဉ်ကာလက မိမိအားရေနွေးကြမ်း လာတိုက်သောအခါ ရေနွေးကြမ်းထည့်သည့်ခွက်မှာ မြင်ဖူးနေကျပုံစံမဟုတ်ဘဲ လှပနေ၍ ဂရုတစိုက်ကြည့်မိရာမှခွက်တွင် ရေးထိုးထားသော ဆဋ္ဌသင်္ဂါယနာတင်ပွဲ လိုဂို(Logo)ကို သတိပြုမိကာ ဝန်ထမ်းအမျိုးသမီးများကို မေးမြန်းကြည့်မိသည်။ ဤလိုဂိုမျိုးပါသော ပန်းကန်ခွက်ယောက်များ များစွာရှိကြောင်း၊ ဌာနသုံးအနေဖြင့် အစဉ်အဆက် သုံးစွဲလာကြောင်းပြောပြမှ မိမိလည်း အထိတ်တလန့်ဖြင့် ညွှန်ကြားရေးမှူးချုပ်အား သတင်းပို့ပြီး မော်ကွန်းဝင်ပစ္စည်းများဖြစ်၍ ဆက်လက်အသုံးမပြု စေဘဲ သိမ်းဆည်းရန်နှင့် အကောင်းဆုံး၊ အပြည့်စုံဆုံး ပန်းကန်ခွက်ယောက်တစ်စုံနှင့် ဇွန်း၊ ခက်ရင်း အရွယ်စုံ တစ်စုံစီကို ခင်းကျင်းပြသရန် တောင်းခံခဲ့ပါသည်။ ယခု နှစ် ၇၀ ပြည့် အထူးပြပွဲကြီးကျင်းပမည်ဟု သိရှိရချိန် အဆိုပါပန်းကန်ခွက်ယောက်များ၊ ဇွန်း၊ ခက်ရင်းများကို စတိုတွင် စနစ်တကျထိန်းသိမ်းထားကြောင်း တွေ့ရ၍ ဝမ်းသာကြည်နူးမိပါသည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံစသည့် ဆဋ္ဌသင်္ဂါယနာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများမှ လှူဒါန်းကြသည့် သာသနိက အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်း ဗီရိုအသီးသီးဖြင့် ခင်းကျင်းပြသခွင့်ရခဲ့သည်။
ပြတိုက်က ကျဉ်းမြောင်းလှသဖြင့် ခင်းကျင်းပြသမှုဒီဇိုင်းရေးဆွဲရာတွင် အကန့်အသတ်များလှ ပါသည်။ ပစ္စည်းစုံစုံလင်လင်လည်းပြချင်၊ နေရာအကန့်အသတ်ဖြင့်လည်း ခင်းကျင်းရ၍ တော်တော်စိတ်ပင်ပန်းခဲ့ကာ စဉ်းစားရပါသည်။ ပြတိုက်ခင်းကျင်းရေးအတွေ့အကြုံရှိသူများ နားလည်စာနာ နိုင်ပါမည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာတင်ရန် ရည်ရွယ်ချက်ဖြင့် သီးသန့်အထူးတည်ဆောက်ခဲ့သော မဟာပါသာဏလိုဏ်ဂူတော်ကြီးအား တည်ဆောက်မှု မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ငယ်စာအုပ်ကို ညွှန်ကြားရေးမှူးချုပ်က လာပေးကာ “ပရိသတ် စိတ်ဝင်စားအောင် ပြပေးပါ” ဟု ပြောလာပါသည်။
ထိုအခါ အဖြူအမည်းဓာတ်ပုံများချည်း ဖြစ်ရုံသာမက တည်ဆောက်ဆဲမှတ်တမ်းပုံများဖြစ်၍ ဆင်တူရိုးမှားဖြစ်နေသဖြင့် သာမန်ပရိသတ် စိတ်ဝင်စားမည်မဟုတ်ဟု တွေးမိ၍ အများစိတ်ဝင် စားအောင် မည်သို့ခင်းကျင်းပြသရမည်ကို အကြံထုတ်ရပါသည်။ ထိုအခါ ဓာတ်ပုံအယ်လ်ဘမ်စာအုပ်ငယ်ကို သူ့ပုံစံအတိုင်း အယ်လ်ဘမ်စာအုပ်ကြီး အဖြစ်အဆချဲ့လိုက်သည့်ဒီဇိုင်းဖြင့် ခင်းကျင်းပါက လူအများစိတ်ဝင်စားလိမ့်မည်ဟု အတွေးရကာ လက်သမားနှင့် ညှိနှိုင်းပြီးအယ်လ်ဘမ်စာအုပ်ကြီး ပုံစံခင်းကျင်းခဲ့သည်မှာ ထိုစဉ်က အထူးလူကြိုက်များသော ဒီဇိုင်းဖြစ်သွားခဲ့ပါသည်။
ထို့နောက် အရေးအပါဆုံးပြကွက်များဖြစ်သော လိုဏ်ဂူတော်ကြီးနံရံထက်မှ ကျောက်စာချပ်များကို ကြည့်မြင်တိုင် ပန်းတဉ်းတန်းသို့ လုပ်ငန်းအပ်နှံကာ စကျင်ကျောက်ပုံစံဖော်ထားသည့် ထုံးကျောက် သားပေါ် ကျောက်စာပုံစာလုံးများရေးထိုးကာ သစ်သားကနုတ်ဘောင်ကွပ်၍ သန္တိပါတငါးခုကို မှတ်တမ်းတင် ခင်းကျင်းပြသနိုင်ခဲ့ပါသည်။ အလားတူ အရေးအကြီးဆုံးပြကွက်အဖြစ် ဆဋ္ဌသင်္ဂါယနာတင် ပွဲ၏ရလဒ်ဖြစ်သော ပုံနှိပ်အက္ခရာတင်နိုင်ခဲ့သည့် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာစာအုပ်ပေါင်း ၄၈ အုပ်ကို တစ်အုပ်မကျန်စေရဘဲ ခင်းကျင်းပြသပေးရန် ညွှန်ကြားရေးမှူးချုပ်၏ မှာကြားချက်အတိုင်း ကြီးမားလှသော သင်္ဘောဦးပုံဗီရိုကြီးဖြင့် ခင်းကျင်းခဲ့ရသည်မှာလည်း မမေ့နိုင်စရာပင်။
ဤပြတိုက်ကြီးပြီးစီး၍ ဖွင့်လှစ်ခဲ့သော ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှသည် နှစ်ပေါင်း၂၅ နှစ်ကျော်ကြာမြင့်လာချိန်၊ ဆဋ္ဌသင်္ဂါ ယနာတင်ပွဲကြီးကလည်း နှစ် ၇၀ ပြည့်မြောက်သည့် အခမ်းအနားကျင်းပရန် ပြင်ဆင်ချိန်ဖြစ်၍ ယခုအခါ အထူးပြခန်းခင်းကျင်းပြသရန် ပြင်ဆင်လျက်ရှိကြပေပြီ။
အထူးပြခန်းတွင် ဆဋ္ဌသင်္ဂါယနာမော်ကွန်း ပြတိုက်မှ ခင်းကျင်းပြသထားသည့် ပြကွက်များအပြင် နိဒါန်းအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင် ဘုရားလောင်းအဖြစ် မယ်တော်မာယာဝမ်းတွင် ပဋိသန္ဓေ ယူခြင်းပြကွက်၊ ဘုရားလောင်းဖွားတော်မူခြင်း ပြကွက်၊ ဘုရားအဖြစ် ပွင့်တော်မူခြင်းပြကွက်၊ ဓမ္မစကြာတရားဦး ဟောတော်မူခြင်းပြကွက်နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းပြကွက်များကို ရွှေတိဂုံစေတီတော်သမိုင်းပြတိုက်မှ ရယူလျက် Light Box များ ပြုလုပ်ခင်းကျင်းပြသသွားမည်ဖြစ်သည်။
အထူးပြခန်းအဖြစ် မဟာပါသာဏလိုဏ်ဂူ တော်ကြီး၏ ဝင်ပေါက်မုခ်လေးမုခ်မှ ဝင်ရောက် သည်နှင့် စစချင်းတွေ့ရသော လိုဏ်ဂူတော်တစ်ပတ် လျှောက်လမ်းဘေးတွင် Panel များ ပြုလုပ်ခင်းကျင်း မည်ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်မှ ပြကွက်များကို ပစ္စည်းအစစ် ပြောင်းရွှေ့ခင်းကျင်းမှုပါဝင်မည်ဖြစ်သလို သယ်ရရွှေ့ရခက်ခဲသည့်ပစ္စည်းများကို မူလဓာတ်ပုံ မှတ်တမ်းအထောက်အထားဖြင့် Light Box ပြုလုပ်ပြသမည်ဖြစ်သည်။
ထို့အတူ မူလပြတိုက်တွင် ခင်းကျင်းထားသော ဆဋ္ဌသင်္ဂါယနာတင်ပွဲအပြီး ထွက်ပေါ်လာသည့်ရလဒ်အဖြစ် ပိဋကသုံးပုံစာအုပ်တော်များကို စက်တင်ပုံနှိပ်ခဲ့သည့် ပုံနှိပ်စက်များကိုလည်း ဆဋ္ဌသင်္ဂါယနာတင် လိုဏ်ဂူတော်၏ ဖွားဖက်တော်အဆောက်အဦ ကိုးလုံးစာရင်းဝင်ပုံနှိပ်တိုက်မှ ထုတ်ယူလျက် ရှေးခဲစာလုံးမူ ပိဋကသုံးပုံစာအုပ်နမူနာများ၊ ပျံလွန်တော်မူလေပြီးသော ရွှေသုဝဏ်ဆရာတော် ဘဒ္ဒန္တသန္ဒိယဆရာတော်ကြီး ကြိုးပမ်းအားထုတ်ခဲ့သည့် ပထမဦးဆုံးကွန်ပျူတာမူ စာအုပ်နမူနာများနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ကြိုးပမ်းခဲ့သည့် ပုံနှိပ်မူ စာအုပ်နမူနာများကိုပါ မြင်တွေ့ရမည် ဖြစ်ပါသည်။
ရွှေသုဝဏ်ဆရာတော်ကြီး၏ ဓာတ်ပုံနှင့် ထေရုပ္ပတ္တိအကျဉ်းကိုလည်း Light Box ဖြင့် ကြည်ညိုစဖွယ် ဖူးမြော်နိုင်ကြပါမည်။
ထို့အတူ သာသနာတော်ထွန်းကားပြန့်ပွားခြင်း ပြယုဂ်အဖြစ် ရှေးမင်းကောင်းမင်းမြတ်များ လက်ထက်ကပင် အစဉ်အဆက်တည်ထားကိုးကွယ် ပူဇော်လာခဲ့ကြသည့် ရွှေတိဂုံစေတီတော်၊ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတို့သာမက နေပြည်တော်ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတို့ကိုလည်း Light Box များဖြင့် ကြည်ညိုဖွယ်ရာ ပြသသွားမည်ဖြစ်ကာ မာရဝိဇယ ဘုရားရှိ ဓမ္မစေတီပါဠိ-ရိုမန် ကျောက်စာတိုင်များကို နမူနာအဖြစ် ပြသမည့်ပြကွက်ကိုလည်း လေ့လာ ကြည့်ရှုနိုင်ကြမည်ဖြစ်ပါသည်။
ပြပွဲခင်းကျင်းမှုကို လေ့လာကြည့်ရှုအပြီးတွင် စိတ်ဝင်စားသူ လူကြီးလူငယ် ကျားမမရွေး အထူးသဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များကို ရည်ရွယ်ကာ ဆဋ္ဌသင်္ဂါယနာဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွှဲလျက် ဆုရယူကြရန်နှင့် ရောင်းချမည့်အထိမ်းအမှတ် ပစ္စည်းများ၊ စာအုပ်စာစောင်များကိုလည်း ဝယ်ယူ အားပေးနိုင်ကြောင်း အသိပေးတင်ပြရင်း ဧပြီလ ၃၀ ရက်မှသည် မေလ ၂ ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ဝင်းအတွင်း ကျင်းပမည့် နှစ်(၇၀)ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အထိမ်းအမှတ်ပွဲတော်ကြီးကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။ ။


No comments:
Post a Comment