Sunday, April 26, 2026

သင်္ဂါယနာသမိုင်း

 


မောင်ပုည

ပထမသင်္ဂါယနာသမိုင်း ပရိနိဗ္ဗာန်စံတော်မူမည့်အကြောင်း မိန့်ကြားတော်မူခြင်း

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သဗ္ဗညုဘုရားဖြစ်တော်မူပြီးနောက် ၄၅ ဝါကာလပတ်လုံး ကျွတ်ထိုက်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါဝေနေယျတို့အား သစ္စာလေးပါးတရားကို လှည့်လည်ဟောကြားတော်မူခဲ့ကာ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လတိုင်း၊ ကုသိနာရုံမြို့အနီး အင်ကြင်းဥယျာဉ်တော်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူလေသည်။

ဘုရားရှင်နောက်ဆုံးသြဝါဒ မိန့်ကြားတော်မူခြင်း

မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်ဝင်စံတော်မမူမီ ရဟန်းသံဃာအား နောက်ဆုံးသြဝါဒ မိန့်ကြားတော်မူလေသည်။ အရှင်အာနန္ဒာမထေရ်အား “ချစ်သား အာနန္ဒာ… သင်ချစ်သားတို့၏ စိတ်သန္တာန်မှာ ‘တရားစကားတော်သည်ဟောကြားသော ဆရာဘုရားမှ ကင်းကွာခဲ့လေပြီ၊ ငါတို့၏ ဆရာဘုရားသည် မရှိတော့ပြီ’ဟု ဤသို့သော ထင်မှတ်မှုအားငယ်မှုဖြစ်သော်မူ ဖြစ်လေရာ၏။ ချစ်သားအာနန္ဒာ… ဤအရာကို ဤသို့မထင်မှတ်ထိုက်ပေ၊ ချစ်သားအာနန္ဒာ… ၄၅ ဝါကာလကြာအောင် ငါဘုရားဟောကြားအပ်သော တရားတော်တို့သည် ငါဘုရားကွယ်လွန်သောအခါ၌ သင်ချစ်သားတို့၏ ဆရာဘုရားပင်ဖြစ်ပေ၏”ဟုမိန့်ကြားတော်မူ၍ “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေနသမ္ပာဒေထ” “ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြကုန်၏၊ မမေ့သောသတိတရားဖြင့် သင်ချစ်သားတို့သည် အားထုတ်ကြကုန်လော့” ဟု နောက်ဆုံးသြဝါဒကိုပေးတော်မူပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့လေသည်။

သာသနာဖျက်မည့်သူ

အရှင်မဟာကဿပသည် ပါဝါပြည်မှကုသိနာရုံပြည်သို့ ရဟန်းငါးရာ ခြံရံ၍ ကြွလာတော်မူရာလမ်းခရီး၌ မန္ဒာရဝနတ်ပန်းကြီးကို ထီးကဲ့သို့ဆောင်းမိုး၍ ပါဝါပြည်သို့လာနေသော တက္ကတွန်းတစ်ယောက်ကို မြင်သဖြင့် ဘုရားပရိနိဗ္ဗာန်စံလွန်တော်မူကြောင်း သိတော်မူသည်။ ထိုထဲတွင် အာတုမပြည်မှ လိုက်လာသော (တောထွက်) ရဟန်းကြီးသုဘဒ္ဒလည်းပါလာသည်။ သုဘဒ္ဒသည် ငိုနေသောရဟန်းတော်တို့အား “ငါ့ရှင်တို့… ငိုကြွေးဖို့မသင့်၊ တန်ကြလော့၊ မစိုးရိမ်မငိုကြွေးကြကုန်လင့်၊ ငါတို့သည် ရဟန်းဂေါတမလက်မှ ကောင်းစွာလွတ်မြောက်ခဲ့ကြလေပြီ၊ ရဟန်းဂေါတမသည် သင်တို့အား ဤအရာသည်အပ်၏၊ ဤအရာသည် မအပ်ဟုချုပ်ချယ်ခဲ့၏။ ယခုအခါ ငါတို့အလိုရှိရာ လုပ်ခွင့်ရပေပြီ”ဟု ပြောဆိုလေသည်။ ဘုရားပရိနိဗ္ဗာန်စံ၍ ခုနစ်ရက်မျှသာ ရှိသေးသောအချိန်တွင် မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်များကို မျက်ကွယ်ပြု၍ သာသနာဖျက်မည့်သူ ပေါ်လာလေပြီ။

အရှင်မဟာကဿပ၏ စိတ်အကြံ

ဤသို့ တောထွက်ရဟန်းကြီးသုဘဒ္ဒ၏ စကားကိုကြားရသောအခါ အရှင်မဟာကဿပသည် “ယုတ်မာသောရဟန်းတို့သည် ဘုရားမရှိတော့ပြီ၊ ဘုရားလွန်ခဲ့လေပြီဟု မှတ်ထင်ကာ အသင်းအပင်းကိုရခဲ့လျှင် မကြာမြင့်မီ သူတော်ကောင်းတရားကွယ်ပျောက်ကုန်ရာ၏။ အကြင်မျှလောက်သော ကာလပတ်လုံး သုတ်၊ အဘိဓမ္မာ၊ ဝိနည်းသည်တည်၏။ ထိုမျှလောက်သော ကာလပတ်လုံး ဘုရားစကားတော်သည် မလွန်သေးပေ။ မြတ်စွာဘုရားကိုယ်တော်တိုင် “ယောဝေါ အာနန္ဒမယာဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊ သောဝေါ မမစ္စယေန သတ္ထာ” “အာနန္ဒာ… ငါဘုရားသည် အကြင်သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတော်တို့ကို ဟောလည်းဟောတော်မူအပ်ပြီ၊ ပညတ်လည်း ပညတ်တော်မူအပ်ပြီ၊ ထိုဓမ္မဝိနယသည် ငါဘုရားပရိနိဗ္ဗာန် စံသောအခါ သင်တို့၏ဆရာဖြစ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။ သို့ဖြစ်၍ “ငါတို့သည် ဓမ္မ၊ ဝိနယကို သင်္ဂါယနာတင်ရမူ ဤသာသနာတော်သည် အရှည်ခန့်၍ တည်တံ့ရာ၏”ဟု စိတ်အကြံဖြစ်တော်မူသည်။

အရှင်မဟာကဿပ မိန့်ခွန်း

ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသဖြင့် ကုသိနာရုံမြို့တွင် အရှင်မဟာကဿပသည် သံဃာတော် ခုနစ်သိန်းတို့ကို စည်းဝေးစေလျက် အောက်ပါမိန့်ခွန်းစကားတော်ကို မြွက်ကြားတော်မူသည်။ အကြင်မျှလောက် ကာလပတ်လုံး မြတ်စွာဘုရားဟောကြားတော် မူအပ်သောဓမ္မဝိနယတည်ရှိ၏။ ထိုမျှလောက်သော ကာလပတ်လုံး ဘုရားစကားတော်လွန်ပြီဟုမဆိုနိုင်ပါ။ ဘုရားရှင်ကိုယ်တော်တိုင်က “ငါ့ရှင်တို့... မသူတော်တို့တရား မပြန့်ပွားမထွန်းကားမီ၊ သူတော်ကောင်းတို့တရား တားမြစ်ပိတ်ပင်ခံရခြင်း မဖြစ်မီ၊ ဝိနည်းမဟုတ်သော အဝိနယဓမ္မမပြန့်ပွားမီ၊ ဝိနည်းတရား တားမြစ်ခြင်းမခံရမီ၊ အဓမ္မဝါဒီတို့ အားမကြီးမီ၊ ဓမ္မဝါဒီလဇ္ဇီ သူတော်ကောင်းတို့ အားမနည်းမီ၊ အဝိနယဝါဒီတို့ အားမကြီးမီ၊ ဝိနယဝါဒီတို့ အားမနည်းမီ သုတ်၊ဝိနည်း၊ အဘိဓမ္မာတို့ကို သင်္ဂါယနာတင်ကြပါကုန်အံ့”ဟု မိန့်တော်မူသည်။

ရာဇဂြိုဟ်ပြည်မှာ စုံညီစွာ

ထို့နောက် အရှင်မဟာကဿပသည် ပိဋကတ်သုံးပုံကို ဆောင်စွမ်းနိုင်သော ပဋိသမ္ဘိဒါပတ္တဖြစ်၍ ဧတဒဂ်ဘွဲ့ထူးရ ရဟန္တာအရှင်မြတ် ၅၀၀ တို့ကို ရွေးကောက်တော်မူသည်။ ရာဇဂြိုဟ်ပြည်သည် ကျယ်ဝန်းသော ဆွမ်းခံရာအရပ်ရှိပြီး နေထိုင်ရန်ကျောင်းများလည်းများသည်။ ဤအချက်များနှင့် ပြည့်စုံ၍ ရာဇဂြိုဟ်ပြည်ကို သင်္ဂါယနာတင်ရန်ရွေးချယ်တော်မူကြသည်။ မထေရ်မြတ်တို့သည် ပထမလပတ်လုံး ပျက်စီးနေသောကျောင်းများကိုပြုပြင်ကြမည်။ ဒုတိယလပတ်လုံး သင်္ဂါယနာတင်ကြမည်ဟု တိုင်ပင်ဆုံးဖြတ်တော်မူကြသည်။

မထေရ်မြတ်တို့က သင်္ဂါယနာတင်ရန် မိန့်ကြားသောအခါ အဇာတသတ်မင်းက “အရှင်ဘုရားတို့… ကောင်းပါပြီ၊ သင်္ဂါယနာတင်တော်မူကြပါ၊ ဒကာတော်၏ အာဏာစက်သည်ဖြစ်ပါစေ၊ အရှင်ဘုရားတို့၏ ဓမ္မစက်သည်ဖြစ်ပါစေ အရှင်မြတ်တို့ဘုရား… စေခိုင်းတော်မူကြပါ” ဟု လျှောက်ထားလေသည်။ သာသနာပြုရာ၌ အာဏာစက်၊ ဓမ္မစက်စုံမှသာ သန့်ရှင်းသော သာသနာဖြစ်နိုင်သည်ကို သတိပြုသင့်သည်။

ပထမသင်္ဂါယနာတင် ဓမ္မသဘင်

မဟာသက္ကရာဇ် ၁၄၈ ခု၊ ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် သင်္ဂါယနာတင်မည့် မထေရ်မြတ်များဓမ္မာရုံ၌ စုံညီစွာကြွရောက်တော်မူကြသည်။ အရှင်မဟာကဿပသည် ဓမ္မာရုံအလယ်၌ရှိသော ဓမ္မာသနပလ္လင်သို့ တက်ရောက်တော်မူပြီး ဆင်စွယ်ယပ်ကို ကိုင်တော်မူ၍ သီတင်းသုံးတော်မူပြီး ရဟန်းတော်တို့ကို “ငါ့ရှင်တို့…အဘယ်ကို ရှေးဦးစွာသင်္ဂါယနာတင်ကြမည်နည်း၊ ဓမ္မကိုရှေးဦးစွာ သင်္ဂါယနာ တင်မည်လော၊ ဝိနည်းကို ရှေးဦးစွာ သင်္ဂါယနာတင်မည်လော”ဟု မေးတော်မူသည်။ သံဃာတော်များက “အရှင်ဘုရား မဟာကဿပ… ဝိနည်းသည် ဗုဒ္ဓသာသနာတော်၏ အသက်ဖြစ်ပါသည်။ ဝိနည်းတည်လျှင် သာသနာတည်ပါသည်။ ထို့ကြောင့် ဝိနည်းကို ရှေးဦးစွာ သင်္ဂါယနာတင်ကြပါကုန်စို့”ဟု လျှောက်ထားကြလေသည်။ ဤသို့လျှင် ဝိနည်း တရားတော်မှစ၍ သင်္ဂါယနာတင်တော်မူကြရာ ဝါခေါင်လမှသည် တပို့တွဲလအထိ ခုနစ်လကြာမှ ပြီးဆုံးလေတော့သည်။ သင်္ဂါယနာတင်ပြီးသော ပါဠိတော်များကို သက်ဆိုင်ရာအရှင်မြတ်များက တာဝန်အသီးသီးခွဲဝေကာ အာဂုံဆောင်ကြရသည်။

ထို့ပြင် (၁) မြတ်ဗုဒ္ဓပညတ်တော်မမူခဲ့သည်တို့ကို ထပ်မံပညတ်ခြင်းမပြုရန်၊ (၂)ပညတ်တော်မူပြီးသော သိက္ခာပုဒ်များကို ပယ်နုတ်ခြင်းမပြုရန်၊ (၃)ပညတ်တော်မူခဲ့သည့်အတိုင်း ကျင့်သုံးနေထိုင်ရန်ဟူသော မူဝါဒသုံးရပ်ချမှတ်ကာ မူရင်းအတိုင်း သံဃာတော်များမှ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု သဘောတူညီမှု ယူခဲ့ကြသည်။

ပိဋကသုံးပုံနှင့် သာသနာတော်နှစ်သတ်မှတ်ခြင်း

ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မသည်လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများစုဖွဲ့ခြင်း (ဓမ္မက္ခန္ဓာဖွဲ့ခြင်း)ဖြင့် ဓမ္မက္ခန္ဓာပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းတို့ကိုထပ်မံပြီး သဘောတရား တူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စုသုံးစုရရှိပြီး ပိဋကသုံးပုံဟုခေါ်တွင်သည်။ ၎င်းပိဋကသုံးပုံအနက် ဝိနယပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁၀၀၀၊ သုတ္တန္တပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁၀၀၀၊ အဘိဓမ္မ ပိဋကတွင် ဓမ္မက္ခန္ဓာ ၄၂၀၀၀ ဟု သဘောတူခဲ့ကြပြီး ပိဋကသုံးပုံ စတင်သတ်မှတ် စီစဉ်တော်မူခဲ့ကြသည်။

မဟာသက္ကရာဇ် ၁၄၈ ခုနှစ်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ အဇာတသတ်မင်း နန်းစံနှစ်ရှစ်နှစ်ရှိလေပြီ။ အဇာတသတ်မင်းသည် ဘုရားပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ၁၄၈ ကို ချေပြီးလျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော ကဆုန်လပြည့်နေ့ကို အစထား၍ သာသနာတော်နှစ် တစ်နှစ်ဟုသတ်မှတ်ခဲ့လေသည်။

ဒုတိယသင်္ဂါယနာသမိုင်း

လောက၌ အကောင်းဆုံးဟုသတ်မှတ်ထားသော ပစ္စည်း၊ ဝတ္ထုများသည် ရိုရိုသေသေသုံးစွဲ၍ ပြုပြင်ပေးသူရှိမှသာ အကောင်းပကတိရပ်တည်နိုင်သည်။ ပြုပြင်သူ၊ စောင့်ရှောက်သူကင်းမဲ့လာသောအခါ ပျက်စီးရသည်။ အရှင်မဟာကဿပစသော မထေရ်မြတ်များဦးဆောင်၍ ပထမသင်္ဂါယနာတင်ခဲ့သဖြင့် သာသနာတော်သည် သန့်ရှင်းသောသာသနာတော်ဖြစ်လာသည်။

ဝဇ္ဇီတိုင်းသားရဟန်းများ၏ အယူအဆအသစ်

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူချိန်မှစ၍ သာသနာတော်နှစ် ၁၀၀ ခန့်ကြာသောအခါ သာသနာတော်ညစ်နွမ်းမှေးမှိန်ရန်အကြောင်း ပေါ်လာပါတော့သည်။ ဝေသာလီပြည်၌နေကြကုန်သော ဝဇ္ဇီတိုင်းသား ရဟန်းများသည် ဝိနည်းဒေသနာတော်နှင့် ဆန့်ကျင်သော ထိုအဓမ္မဝတ္ထု ၁၀ ပါးကို ပြောဟောပြီး ကျင့်သုံးနေကြသည်။ ကာလာသောကမင်းသည် ထိုရဟန်းများ၏ အသင်းအပင်းဘက်တော်သားဖြစ်သည်။

အရှင်ယသမထေရ် ဝေသာလီပြည်သို့ ကြွတော်မူခြင်း

ထိုအခါ၌ အရှင်ယသသည် ဝဇ္ဇီတိုင်းသို့ ဒေသစာရီလှည့်လည်တော်မူသည်။ ဝေသာလီပြည်၌ ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏တပည့်များ) သည် အဓမ္မဝတ္ထု ၁၀ ပါးကို ဟောပြောပြီး ကျင့်သုံးနေထိုင်ကြသည်ဟု သတင်းစကားကို ကြားရသောအခါ အရှင်ယသသည် ‘ငါသည် မြတ်စွာဘုရား၏ သာသနာတော်ပျက်စီးခြင်းကိုကြားရပါလျက် ကြောင့်ကြမဲ့နေခြင်းငှာမသင့်ပေ။ ငါသည် ယခုပင်သွား၍ အဓမ္မဝါဒီ အလဇ္ဇီတို့ကို နှိမ်နင်းပြီး ဝိနယဓမ္မကို ပြပေအံ့ဟု ကြံလျက် ဝေသာလီပြည်သို့ ကြွလေသည်။ ဝဇ္ဇီတိုင်းသားရဟန်းတို့သည် ဥပုသ်နေ့၌ ကြေးဖလားကို ရေအပြည့်ထည့်၍ ရဟန်းတို့အလယ်၌ထားပြီးလျှင် “ဒါယကာတို့၊ သံဃာတော်အား သင်္ကန်း၊ သပိတ်စသော ပရိက္ခရာလိုအပ်သောအခါ အသုံးပြုရန် တစ်ကျပ်ဖြစ်စေ၊ ငါးမူးဖြစ်စေ၊ တစ်မတ်ဖြစ်စေ၊ တစ်ပဲဖြစ်စေပေးလှူကြပါ”ဟု ပြောဆိုကာ အလှူခံလေသည်။

ထိုသို့ ငွေအလှူခံသည်ကို အရှင်ယသမထေရ်မြင်တော်မူ၍ “ဒါယကာတို့ မပေးလှူကြနှင့် ရွှေငွေသည် ရဟန်းများအားမအပ်၊ ရဟန်းသည် ရွှေငွေကိုမသာယာကောင်း၊ အလှူမခံကောင်း”ဟု တားမြစ်တော်မူသည်။ အလှူခံရသော အနာမာသဝတ္ထုတို့ကို နောက်တစ်နေ့၌ ရဟန်းများအား ဝေပုံကျ ခွဲဝေ၍ပေးသည်။ အရှင်ယသအတွက် ဝေပုံကျပေးရာ အရှင်ယသက “ငါ့ရှင်တို့... ငါ့အတွက် ငွေဖြင့် အစုအဖို့ မရှိပါ။ ငါသည် ငွေကို မသာယာပါ”ဟု မိန့်တော်မူပြီး လက်မခံ။

အရှင်ယသကို ပဋိသာရဏီယကံ၊ ဥက္ခေပနီယကံတို့ပြုကြခြင်း

ဝေသာလီပြည်သား ဝဇ္ဇီတိုင်းသားရဟန်းတို့သည် စည်းဝေးကြပြီးလျှင် “ငါ့ရှင်တို့... အရှင်ယသသည် သဒ္ဓါတရားနှင့်ပြည့်စုံသော ဒါယကာများကို ဆဲရေးရေရွတ်သည်။ မကြည်ညိုအောင် ပြုလုပ်သည်။ ယခုအရှင်ယသကို ပဋိသာရဏီယကံပြုကြကုန်အံ့”ဟု ပြောဆို တိုင်ပင်ပြီး ပဋိသာရဏီယကံ ပြုကြသည်။

အရှင်ယသက ဒါယကာများအား ဓမ္မဝိနယကို ရှင်းလင်းပြောကြားသဖြင့် ဝဇ္ဇီတိုင်းသားရဟန်းတို့သည် “အရှင်ယသသည် သံဃာကမသမုတ်ဘဲ၊ သံဃာ၏အပြစ်ကိုပြောသည်။ အရှင်ယသကို ဥက္ခေပနီယကံ ပြုကြစို့”ဟု ပြောဆိုစီစဉ်နေကြစဉ် အရှင်ယသသည် ကောင်းကင်သို့ပျံတက်၍ ကောသမ္ဗီပြည်သို့ ကြွတော်မူသည်။

ထို့နောက် အရှင်ယသသည် ပါဝါပြည်နှင့် အဝန္တိဒက္ခိဏပထတိုင်းတို့၌ သီတင်းသုံးတော်မူကြသော သံဃာများထံ တမန်စေလွှတ်၍ “အရှင်ဘုရားတို့၊ ကြွလာတော်မူကြပါ၊ အဓိကရုဏ်းကို ငြိမ်းအေးအောင် ဆောင်ရွက်တော်မူကြပါ၊ အရှင်ဘုရားတို့… ယခု တပည့်တော်တို့သည် မသူတော်တရား မထွန်းကားမီ၊ သူတော်ကောင်းတရားမကွယ်ပမီ၊ ဝိနည်းမဟုတ်သောတရား မထွန်းကားမီ၊ ဝိနည်းတရားမကွယ်ပမီ၊ အဓမ္မဝါဒီပုဂ္ဂိုလ်တို့ အားမရှိကုန်မီ၊ ဓမ္မဝါဒီပုဂ္ဂိုလ်တို့ အားမနည်းကုန်မီ၊ အဝိနယဝါဒီပုဂ္ဂိုလ်တို့ အားမရှိကုန်မီ၊ ဝိနယဝါဒီပုဂ္ဂိုလ်တို့ အားမနည်းကုန်မီ ဤအဓိကရုဏ်းကို ဖြေရှင်းကြပါကုန်စို့”စသည့် တိုက်တွန်း ချက်များနှင့်အတူ အဓိကရုဏ်းဖြစ်ပုံအလုံးစုံကို လျှောက်ထားစေသည်။

အဓိကရုဏ်းဖြစ်ပုံသတင်းကိုကြားရသဖြင့် ပါဝေယျကတိုင်းသား ဓုတင်ဆောင် ရဟန္တာခြောက်ကျိပ်၊ အဝန္တိဒက္ခိဏပထတိုင်းသား ရဟန္တာရှစ်ကျိပ်ရှစ်ပါးတို့ ကြွရောက်၍ စုဝေးမိသောအခါ “ဤအဓိကရုဏ်းသည် အလွန်ခက်ထန် ရဲရင့်လှသည်။ မိမိတို့ဘက်ကအားရှိအောင် အဘယ်ပုဂ္ဂိုလ်ကို ရှာကြဦးမည်နည်း”ဟု တိုင်ပင်တော်မူကြသည်။ ပိဋကသုံးပုံ နှုတ်ငုံဆောင် ရဟန္တာအရှင်ရေဝတမထေရ်ကို ပင့်ရန် သဘောတူတော်မူကြသည်။ သောရေယျမြို့၌ အရှင်ရေဝတသည် သံဃာတော်များ တိုင်ပင်ပြောဆိုသံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားတော်မူသဖြင့် ရဟန္တာအများ ဆုံမိလောက်ရာ သဟဇာတိမြို့တိုင်အောင် ကြွတော်မူသည်။ အရှင်ယသတို့လည်း သဟဇာတိမြို့သို့ ရောက်လာကြ၍ အရှင်ရေဝတအား ဝဇ္ဇီတိုင်းသား ရဟန်းများ၏ အဓမ္မဝတ္ထု ၁ဝ ပါး အကြောင်းကို လျှောက်ထားရာ အရှင်မြတ်က ဝိနည်းတော်နှင့် မညီကြောင်း မိန့်ကြားတော်မူသည်။ အရှင်ယသက ထိုအဓိကရုဏ်းကို ငြိမ်းအောင် ဆောင်ရွက်ကြပါစို့ဟု လျှောက်ထားရာ အရှင်ရေဝတက သဘောတူတော်မူသဖြင့် အဓိကရုဏ်းစ၍ ဖြစ်ရာဌာန၌ ဆုံးဖြတ်မှသာ ဤအဓိကရုဏ်း ပြီးပြတ်မည်ဟု တိုင်ပင်၍ ဝေသာလီပြည်သို့ ကြွတော်မူကြသည်။

အရှင်သဗ္ဗကာမိမဟာထေရ်ထံသို့

ထိုအချိန်က ဝေသာလီပြည်၌ အရှင်အာနန္ဒာ၏ အတူနေတပည့် ဘုရားရှင်ကို ဖူးတွေ့လိုက်ရသော ဝါတော် ၁၂၀ ရှိသော သံဃာ့ဦးစီးအရှင်သဗ္ဗကာမိမဟာထေရ်ကြီး သီတင်းသုံးတော်မူသည်။ အရှင်ရေဝတ၊ အရှင်သမ္ဘူတထေရ်တို့သည် အရှင်သဗ္ဗကာမိ မဟာထေရ်ကြီးထံ ကြွရောက်၍ ဝဇ္ဇီတိုင်းသားရဟန်းများ၏ အဓမ္မဝတ္ထု ၁၀ ပါး ဟောပြောကျင့်သုံးပုံအလုံးစုံကို လျှောက်ထားကြသည်။ အရှင်သဗ္ဗကာမိ မဟာထေရ်က ဝဇ္ဇီတိုင်းသား ရဟန်းတို့ဝါဒသည် ဝိနည်းနှင့်ဆန့်ကျင်သော အဓမ္မဝါဒသာဖြစ်ကြောင်း မိန့်တော်မူသည်။ ထို့နောက် အဓိကရုဏ်းဆုံးဖြတ်ရန်အတွက် ရဟန္တာမထေရ် ရှစ်ပါးတို့ကို ရွေးချယ်တော်မူကြသည်။ ထိုအရှင်မြတ်တို့သည် ဗုဒ္ဓမြတ်စွာကို မီလိုက်၊ ဖူးတွေ့လိုက်ကြရသော အရှင်မြတ်များဖြစ်သည်။

ဤသို့အားဖြင့် အရှင်ရေဝတသည် ဝဇ္ဇီတိုင်းသားတို့၏ အယူအဆ ၁၀ မျိုးကို တစ်ခုချင်းမေးလျှောက်ရာ အရှင်သဗ္ဗကာမိမထေရ်က တစ်ခုချင်းဖြေရှင်းတော်မူ၍ သံဃာတော်အရှင်မြတ်များက အဓမ္မဝတ္ထု၊ အဝိနယသာဖြစ်ကြောင်း ဆုံးဖြတ်တော်မူကြသည်။ ဤသို့ ဝဇ္ဇီတိုင်းသားရဟန်းများ၏ အဓိကရုဏ်းကို ဆုံးဖြတ်တော်မူကြပြီး ဓမ္မဝိနယဒေသနာတော်ကို သင်္ဂါယနာတင်ရန်အတွက် တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တရဟန္တာအရှင်မြတ် ၇၀၀ ကို ရွေးချယ်တော်မူကြသည်။

ဒုတိယသင်္ဂါယနာတင်ချိန်

ရဟန္တာအရှင်မြတ် ၇၀၀ တို့သည် ဝေသာလီပြည် ဝါလိကာရုံကျောင်း၌ သာသနာတော် နှစ် ၁၀၀ ပြည့် ကဆုန်လပြည့်နေ့မှစ၍ နတ်တော်လတိုင်အောင် ရှစ်လပတ်လုံး အရှင်ယသထေရ် အမှူးပြု၍ ဓမ္မဝိနယတို့ကို သင်္ဂါယနာတင်တော်မူကြသည်။ သင်္ဂါယနာတင်ရာ၌ သာသနာ့ဒါယကာမှာ ကာလာသောကမင်းဖြစ်သည်။ ကာလာသောက မင်းသည်မူလက အဓမ္မဝါဒီတို့ကို ကြည်ညိုကိုးကွယ်သော်လည်း နောက်တွင် ဓမ္မဝါဒီ ရဟန်းတော်တို့ကို ကြည်ညိုကာ ဒုတိယသင်္ဂါယနာ၏ ဒါယကာဖြစ်လာခြင်းဖြစ်သည်။

စင်ပြိုင်သင်္ဂါယနာ

အရှင်ယသအမှူးပြုသော ရဟန္တာအရှင်မြတ်များသည် (၁)မြတ်ဗုဒ္ဓ ပညတ်တော်မမူခဲ့သည်တို့ကို ထပ်မံပညတ်ခြင်း မပြုရန်၊ (၂) ပညတ်တော်မူပြီးသော သိက္ခာပုဒ်များကို ပယ်နုတ်ခြင်းမပြုရန်၊ (၃) ပညတ် တော်မူခဲ့သည့်အတိုင်း ကျင့်သုံးနေထိုင်ရန်ဟူသော ပထမသင်္ဂါယနာတင် မထေရ်မြတ်တို့၏ မူဝါဒသုံးရပ်အတိုင်း ဒုတိယသင်္ဂါယနာတင်တော်မူခဲ့ပြီး ဓမ္မစက်၊ အာဏာစက်ဖြင့် ဝဇ္ဇီတိုင်းသား ရဟန်းများကို နှင်ထုတ်နိုင်ခဲ့သည်။ ဝဇ္ဇီတိုင်းသားရဟန်းတို့သည် မိမိတို့နှင့် သဘောတူသောအသင်းအပင်းကို စုပေါင်း၍ ကောသမ္ဗီပြည်၌ ပထမသင်္ဂါယနာတင်၍ အတည်ပြုထားသော ဘုရားဟော ပါဠိတော်တို့ကို သူတို့အလိုကျ ပြုပြင်၍ စင်ပြိုင်သင်္ဂါယနာတင်ခြင်းဖြစ်သည်။ သံဃာ ၁၀၀၀၀ (တစ်သောင်း)ဖြင့် သင်္ဂါယနာတင်သဖြင့် “မဟာသင်္ဂီတိသင်္ဂါယနာ”ဟု အမည်ကိုခံယူကြ၍ မဟာသံဃိကဂိုဏ်းဟူ၍လည်းကောင်း၊ မဟာသင်္ဂီတိဂိုဏ်းဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ပထမ သင်္ဂါယနာတင် သံဃာတော်များ အဆက်အနွှယ်ကို ထေရဝါဒဂိုဏ်းဟုခေါ်သည်။ ဒုတိယသင်္ဂါယနာတင်သောအခါ ထေရဝါဒမှခွဲထွက်၍ မဟာသံဃိကဂိုဏ်း (မဟာသင်္ဂီတိ) ဂိုဏ်းဟုကွဲပြားလာသည်။ ထေရဝါဒဂိုဏ်း၊ မဟာသံဃိကဂိုဏ်း (မဟာသင်္ဂီတိဂိုဏ်း)ဟု ဂိုဏ်းကြီးနှစ်ဂိုဏ်းဖြစ်လာသည်။

No comments:

Post a Comment