ဆောင်းလေပြေ
IMEI ဆိုတာ ဘာလဲ
International Mobile Equipment Identity-IMEI ဆိုသည်မှာ မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခုစီအတွက် သီးခြားသတ်မှတ်ထားသော ယေဘုယျအားဖြင့် နံပါတ် ၁၅ လုံးပါ ကုတ်တစ်ခုဖြစ်ပါသည်။ IMEI ကို မိုဘိုင်းအော်ပရေတာကွန်ရက်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်းအပါအဝင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုပစ္စည်းများ အချင်းချင်းဆက်သွယ်ရာတွင် အသုံးပြုပါသည်။
ဆိုလိုသည်မှာ
မိုဘိုင်းအော်ပရေတာများ၏ စနစ်တွင် မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးစီကို IMEI နှင့် SIM ကတ်တွဲလျက်သိရှိပြီးဖြစ်ပါသည်။ IMEI ကိုသိရှိရုံနှင့်
မိုဘိုင်းလက်ကိုင်ဖုန်းထဲမှ အချက်အလက်များ ရယူသွားမည်ဆိုသည့် အထောက်အထားမရှိပါ။
မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခု၏ IMEI မှ ၎င်းဖုန်း၏
စံသတ်မှတ်ချက်ဖြစ်သည့် (ဖုန်းအမျိုးအစား/ ထုတ်လုပ်သည့် Brand / Model Code နံပါတ်) များကိုသာ သိရှိနိုင်မည်ဖြစ်ပါသည်။
တစ်နည်းအားဖြင့်
IMEI နံပါတ်များသတ်မှတ်ရခြင်း၏
ရည်ရွယ်ချက်မှာ စံချိန်စံညွှန်းနှင့်ကိုက်ညီသော မိုဘိုင်းဟန်းဆက်များနှင့်သက်ဆိုင်သည့်
အချက်အလက်များကို မိုဘိုင်းဟန်းဆက်ကုမ္ပဏီ/ ထုတ်လုပ်သူ (Maker)၊ အမှတ်တံဆိပ် (Brand)၊ မော်ဒယ် (Model)၊ ထုတ်လုပ်သည့်နိုင်ငံ စသည့် အချက်များကိုသိရှိနိုင်ရန်
ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပါသည်။ IMEI နံပါတ်သည်
မိုဘိုင်းလက်ကိုင်ဖုန်း ထုတ်လုပ်သည့်အချိန်ကတည်းက ထည့်သွင်းထားသော အချက်အလက်များဖြစ်ပြီး
ဖုန်းပိုင်ရှင်၏ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် SIM
ကတ်/ဖုန်းနံပါတ်အစရှိသော အသုံးပြုသူနှင့်သက်ဆိုင်သည့် အချက်အလက်များ
ပါဝင်ခြင်းမရှိပါ။
IMEI ကိုဘယ်လို သိနိုင်သလဲ
IMEI ဂဏန်း ၁၅ လုံးအနက် ပထမ ၈ လုံး သည် မိုဘိုင်းလက်ကိုင်ဖုန်း၏ အမျိုးအစားနှင့်
မော်ဒယ်ကို ဖော်ပြပါသည်။ ၉ လုံးမြောက်ဂဏန်း အပါအဝင် ၆ လုံးသည် မိုဘိုင်းလက်ကိုင်ဖုန်း
ထုတ်လုပ်သူမှ သတ်မှတ်သော Serial နံပါတ်များဖြစ်ပြီး ကျန်ဂဏန်းများသည်
နည်းပညာအရ စစ်ဆေးခြင်း လုပ်ငန်းအတွက် နံပါတ်များဖြစ်ပါ သည်။
မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးအတွက် IMEI သီးခြား
သတ်မှတ်ထားမှုကို *#06# နှိပ်၍ ဖုန်းခေါ်ဆို
ခြင်းဖြင့်လည်းကောင်း၊ မိုဘိုင်းလက်ကိုင်ဖုန်း Setting တွင် ကြည့်ရှု၍လည်းကောင်း၊
စတင်ဝယ်ယူစဉ်က ဘူးခွံပါ Barcode တွင်လည်းကောင်း
သိရှိနိုင်ပါသည်။
IMEI မှတ်ပုံတင်ခြင်းကြောင့် သုံးစွဲသူများ အကျိုးရှိစေမှာလား
IMEI မှတ်ပုံတင်ခြင်းဆိုသည်မှာ
အစိုးရဌာနတစ်ခုခုမှ မိုဘိုင်းလက်ကိုင်ဖုန်းတစ်ခုချင်းစီအတွက် IMEI မှတ်ပုံတင်ရန်
ဆောင်ရွက်ထားခြင်းကိုဆိုလိုပြီး မိုဘိုင်းလက်ကိုင်ဖုန်း ခိုးယူခံရခြင်း၊
ပျောက်ဆုံးခြင်း နှင့် သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီခြင်းမရှိသော
ဖုန်းအတုများကို မှတ်ပုံတင်ထားသည့် IMEI ကို စီမံခန့်ခွဲခြင်းဖြင့် မိုဘိုင်းအော်ပရေတာကွန်ရက်အတွင်း
သုံးစွဲခြင်းမှ တားဆီးနိုင်ပါသည်။
မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင်
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းသူများသည် တင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းကို
IMEI မှတ်ပုံတင်စနစ်သို့
တစ်ဦးချင်းဖြစ်စေ၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်း သူများမှဖြစ်စေ၊
အော်ပရေတာမှဖြစ်စေ စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ပြုလုပ်ကြပါသည်။ မှတ်ပုံတင်
ပြုလုပ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းများကို အရောင်းဆိုင်များမှ ဝယ်ယူသုံးစွဲခြင်းဖြင့်
စံချိန်စံညွှန်းမပြည့်မီသော မိုဘိုင်းလက်ကိုင်ဖုန်းအတုများကို
သုံးစွဲခြင်းမှကာကွယ်နိုင်ခြင်း၊ တရားဝင်ဝယ်ယူထားကြောင်း အထောက်အထားပြ၍ မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးမှုနှင့်
ခိုးယူခံရပါက နိုင်ငံအတွင်း အခြားသူများမှ သုံးစွဲမှုမရှိစေရေးတို့ကို
ဆောင်ရွက်နိုင်ပါသည်။
မိုဘိုင်းငွေချေစနစ်ဆော့ဝဲများတွင်
IMEI နှင့်
တွဲဖက်ထားပါက အွန်လိုင်းငွေကြေးလိမ်လည်မှု တားဆီးခြင်းကို
အထောက်အကူပြုစေနိုင်ပါသည်။ နိုင်ငံတကာတွင် အသုံးပြုသကဲ့သို့ အွန်လိုင်းငွေချေခြင်း
Application များအတွက် IMEI များဖြင့်
ထည့်သွင်းအသုံးပြုနိုင်ပါက ငွေကြေးလိမ်လည်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတကာတွင် မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း
ပျောက်ဆုံးမှုအား သက်ဆိုင်ရာဌာနများမှ ဝန်ဆောင်မှုပေးရာတွင်သော်လည်းကောင်း၊ စံချိန်စံညွှန်းမပြည့်မီသော
တရားမဝင် ဝင်ရောက်လာသော မိုဘိုင်းလက်ကိုင်ဖုန်းအတုများကို သုံးစွဲခြင်းမှ
ကာကွယ်ရန်လည်းကောင်း၊ ငွေကြေးလိမ်လည်မှုများ မဖြစ်ပေါ်စေရန်လည်းကောင်း အသုံးပြုနေ
သော မိုဘိုင်းလက်ကိုင်ဖုန်း၏ IMEI မှတ်ပုံတင်ခြင်းကို
ဆောင်ရွက်ကြရပါသည်။
IMEI မှတ်ပုံတင်ခြင်းကို နိုင်ငံတကာတွင် ဘယ်လိုလုပ်သလဲ
နိုင်ငံအတွင်းသို့
မိုဘိုင်းဟန်းဆက်များအား တရားမဝင်တင်သွင်းမှုကြောင့် နိုင်ငံတော်အတွက်
ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းနေမှု၊ နိုင်ငံအတွင်း တွင်ကျယ်စွာ
အသုံးပြုလျက်ရှိသည့် မိုဘိုင်းဟန်းဆက်များကို တရားဝင်မှတ်ပုံတင်ရန်
လိုအပ်လျက်ရှိမှု၊ ပျောက်ဆုံးမိုဘိုင်းလက်ကိုင်ဖုန်း များ မူရင်းပိုင်ရှင်က
အသိပေးတိုင်ကြားနိုင်မှု၊ အွန်လိုင်းလိမ်လည်မှုအပေါ် သတင်းအချက်အလက် ရယူရန် လိုအပ်မှုစသည်တို့ကို
ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေးကွန်ရက်အခြေပြု စိစစ်နိုင်သည့် စနစ်တစ်ခုတည်ထောင်ရန်
လိုအပ်ပါသည်။
နိုင်ငံအတွင်း
တွင်ကျယ်စွာအသုံးပြုလျက် ရှိသော မိုဘိုင်းဟန်းဆက် IMEI ကို မှတ်တမ်းတင်၍
ထိန်းချုပ်နိုင်သည့် စနစ်တစ်ခုကို ကမ္ဘာ့နိုင်ငံအများစုနှင့်
အိမ်နီးချင်းနိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။
တရားဝင် တင်သွင်းထားသော မိုဘိုင်းလက်ကိုင်ဖုန်းကို စံချိန်စံညွှန်း၊ အကောက်ခွန်
လုပ်ထုံးလုပ်နည်း နှင့် IMEI နံပါတ်မှန်ကန်မှု ရှိ၊ မရှိ
အများပြည်သူမှ အွန်လိုင်းစစ်ဆေးနိုင်ရန် အချို့နိုင်ငံများတွင်
ဆောင်ရွက်ထားရှိပါသည်။
မိုဘိုင်းလက်ကိုင်ဖုန်းများ IMEI စစ်ဆေးသည့်
အလားတူစနစ်များကို အမေရိကန်၊ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံ
တော်တော်များများတွင် အသုံးပြုကြပါသည်။ အာရှ နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့်
အင်ဒိုနီးရှားနိုင်ငံတို့သည် IMEI မှတ်ပုံတင်ရန်
တင်းကျပ်စွာပြဋ္ဌာန်းထားပြီး အရေးယူမှုများကို တင်းကျပ်စွာဆောင်ရွက်ကြောင်း
တွေ့ရှိရပါသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင်
မိုဘိုင်းလက်ကိုင်ဖုန်းများ ကွန်ရက်အတွင်းသုံးစွဲနိုင်မှုကို ကြီးကြပ်ခြင်းဖြင့် တရားမဝင်တင်သွင်းမှုကို
ကြီးကြပ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးခြင်းနှင့် ခိုးယူခံရခြင်းတို့အတွက်
ပြည်သူ့ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပါသည်။
မိုဘိုင်းလက်ကိုင်ဖုန်း
တရားဝင်တင်သွင်းမှုလုပ်ငန်းစဉ်ကို မိုဘိုင်ဖုန်းတင်သွင်းသူများအတွက်
ရိုးရှင်းလွယ်ကူလျင်မြန်စွာဆောင်ရွက်၍ သုံးစွဲသူက သီးခြားမှတ်ပုံတင်ရန်မလိုသော နိုင်ငံများမှာ
မလေးရှားနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ စင်ကာပူ၊ တောင်ကိုရီးယားနှင့်
ဂျပန်နိုင်ငံတို့တွင် အော်ပရေတာများအချင်းချင်း IMEI စောင့်ကြည့်စီမံခန့်ခွဲခြင်းကို
ဆောင်ရွက်ပြီး အများပြည်သူက IMEI ကို သီးခြား
မှတ်ပုံတင်ရန်မလိုအပ်ပါ။ အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊
မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် IMEI မှတ်ပုံတင်ခြင်း၊ မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊
ပိတ်သိမ်းခြင်းနှင့် ကြီးကြပ်စစ်ဆေး ခြင်းတို့ ဆောင်ရွက်မှုများကို
အကျဉ်းချုပ်ဖော်ပြအပ်ပါသည်-
အိန္ဒိယနိုင်ငံတွင်
IMEI မှတ်ပုံတင်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဥပဒေ နှင့်အညီ
ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆက်သွယ်ရေးဌာနကကြီးကြပ်သော အော်ပရေတာများနှင့် IMEI
မှတ်ပုံတင်ဗဟိုဌာနတို့က ဆောင်ရွက်ပါသည်။ တင်သွင်းခွင့်ပြုထားသည့် IMEI
များနှင့် ကုန်သွယ်ရေးက အသိအမှတ်ပြုလက်မှတ်ရရှိမှသာ နိုင်ငံအတွင်း
သုံးစွဲခွင့်ရရှိမည်ဖြစ်ပါသည်။ တရားမဝင် တင်သွင်းအသုံးပြုမှုကို တားမြစ်ထားပြီး
သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်းကို လုံခြုံစွာသုံးစွဲနိုင်စေရန်နှင့်
ခိုးယူခံရပါကလည်း ပိတ်သိမ်းနိုင်စေရန် ဆောင်ရွက်ထားပါသည်။ အိန္ဒိယနိုင်ငံတွင်
ဗဟိုမှတ်ပုံတင်စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင်စတင်ကာ မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်း/
ခိုးယူခံရခြင်းနှင့်စပ်လျဉ်း၍ ဗဟိုမှတ်ပုံတင်စနစ်မှ ပိတ်သိမ်းခြင်းကို
ဆောင်ရွက်ပါသည်။ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုခွင့် ရှိ၊
မရှိကို https://www.ceir.gov.in တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်
IMEI မှတ်ပုံတင်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းတို့ကို
စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အကောက်ခွန်ဌာန အပါအဝင် အော်ပရေတာများနှင့်ပူးပေါင်းကာ
ဆောင်ရွက်ပါသည်။ နိုင်ငံအတွင်း သုံးစွဲလျက်ရှိသော မိုဘိုင်းလက်ကိုင်ဖုန်း IMEI
များသည် မှန်ကန်ရန် လိုအပ်ပြီး စက်မှုနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော အမျိုးအစားဖြစ်ရန်လိုပါသည်။
အော်ပရေတာများမှ
ကွန်ရက်အတွင်း အသုံးပြုသော IMEI များကိုလည်းကောင်း၊ အတု၊ တရားမဝင် နှင့်ခိုးယူခံရသော
ဖုန်းများစာရင်းကိုလည်းကောင်း စုပေါင်းထိန်းသိမ်းထားရှိပါသည်။ တရုတ်ပြည်သူ့
သမ္မတနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်း တရားမဝင် တင်သွင်းခြင်း၊ အသုံးပြုခြင်းကို
တင်းကျပ်စွာ ထိန်းချုပ်ထားပြီး နိုင်ငံအတွင်း အသုံးပြုခွင့်လက်မှတ် (China
Compulsory Certification-CCC) နှင့် စက်မှုနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာနက အတည်ပြုထားသော အမျိုးအစားသတ်မှတ်ချက်ဖြင့် ကန့်သတ်ထားပါသည်။
မိုဘိုင်းလက်ကိုင်ဖုန်းပျောက်ဆုံးခြင်းအတွက်
သတင်းပို့ပါက အော်ပရေတာများက ခိုးယူခံရသော ဖုန်းအဖြစ် နိုင်ငံတကာစာရင်းသွင်းကာ လုံးဝသုံးစွဲမရနိုင်အောင်
ဆောင်ရွက်ပါသည်။ သုံးစွဲသူ တစ်ဦးချင်းအနေဖြင့် မှတ်ပုံတင်ရန် မလိုအပ်ပါ။
အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းကို အင်တာနက် စာမျက်နှာမှ
စစ်ဆေးနိုင်ခြင်းမရှိပါ။ ပြည်ပနိုင်ငံ သားများအနေဖြင့်
ပြည်တွင်းဆင်းကတ်သုံးစွဲမှုမပြု ပါက ကာလတစ်ခုအထိ ယာယီအသုံးပြုခွင့်ပေးထားပါသည်။
မိုဘိုင်းလက်ကိုင်ဖုန်း ရောင်းချသူများသည် ရောင်းချခြင်းမပြုမီ စက်မှုနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အကောက်ခွန်ဌာနတို့တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ဆင်းကတ်သုံးစွဲသူ မှတ်ပုံတင်နှင့်မိုဘိုင်းလက်ကိုင်ဖုန်း
IMEI တို့
တွဲလျက်ထားရှိခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်
ပိုမိုတင်းကျပ်သော စည်းမျဉ်းများဖြင့် လုံခြုံရေးပိုမိုကောင်းမွန်အောင်ဆောင်ရွက်ထားပါသည်။
ထိုင်းနိုင်ငံတွင်
IMEI မှတ်ပုံတင်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊
ကြီးကြပ်စစ်ဆေးခြင်းကို ထိုင်းအမျိုးသား ရုပ်သံနှင့်ဆက်သွယ်ရေးကော်မရှင်က သုံးစွဲသူတစ်ဦးချင်း
မှတ်ပုံတင်ခြင်းထက် မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းသူများကို အသိအမှတ်ပြုလက်မှတ်
ထုတ်ပေးကာ ဈေးကွက်ထိန်းချုပ်ခြင်းကို ဆောင်ရွက်ပါသည်။ သုံးစွဲသူများက IMEI မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရန်မလိုအပ်ပါ။
မိုဘိုင်းလက်ကိုင်ဖုန်း
တင်သွင်းဖြန့်ဖြူးခွင့် လိုင်စင်ရရှိသူများမှတစ်ဆင့်သာ တင်သွင်းရပါသည်။
တင်သွင်းခွင့်ရရှိထားသော မိုဘိုင်းလက်ကိုင်ဖုန်းများသည်
ထိုင်းအမျိုးသားရုပ်သံနှင့် ဆက်သွယ် ရေးကော်မရှင်က အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးသား
ဖြစ်ရပါမည်။ တရားမဝင် သို့မဟုတ် အသိအမှတ်ပြုထားခြင်းမရှိသော
မိုဘိုင်းလက်ကိုင်ဖုန်းများကို ဈေးကွက်အတွင်းတွေ့ရှိပါက သိမ်းယူခွင့်ရှိပါသည်။
ကော်မရှင်သည် မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်း/ခိုးယူခံရခြင်းနှင့် စပ်လျဉ်း၍
အော်ပရေတာနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်း အား နိုင်ငံအတွင်း
သုံးစွဲမှုမရရှိစေရန် ပိတ်သိမ်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ IMEI မှတ်ပုံတင်ခြင်းကို
အများပြည်သူဆောင်ရွက်ရန် ခွင့်မပြုထားသော်လည်း အော်ပရေတာများက IMEI သုံးစွဲမှုကိုတင်ပြရန် လိုအပ်ပါသည်။
မလေးရှားနိုင်ငံတွင်
IMEI မှတ်ပုံတင်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်းမှုကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊ ဥပဒေနှင့်အညီ
ကြီးကြပ်စစ်ဆေးခြင်းတို့ကို မလေးရှားဆက်သွယ်ရေးနှင့် သတင်းမီဒီယာကော်မရှင်က အကောက်ခွန်ဌာနအပါအဝင်
အော်ပရေတာများနှင့်ပူးပေါင်းကာ မိုဘိုင်းလက်ကိုင်ဖုန်းနှင့် သက်ဆိုင်သောမူဝါဒကို
ရေးဆွဲထုတ်ပြန် ဆောင်ရွက်ပါသည်။
မလေးရှားနိုင်ငံတွင်းအသုံးပြုသော
မိုဘိုင်းလက်ကိုင်ဖုန်းများသည် SIRIM (Standards and Industrial Research Institute of Malaysia) စံချိန်စံညွှန်းနှင့် စက်မှုသုတေသနသိပ္ပံဆိုင်ရာ
စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် လိုအပ်ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း
တစ်ဦးချင်းတင်သွင်းမှုအတွက် SIRIM approval online (https://ecomm.sirim.my/) တွင် အွန်လိုင်းလျှောက်ထားနိုင်ပြီး IMEI မှတ်ပုံတင်ခြင်းကိုလည်း
တစ်ပါတည်းဆောင်ရွက်နိုင်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် မိုဘိုင်းလက်ကိုင်ဖုန်း
နှစ်လုံးအထိ မှတ်ပုံတင်နိုင်ပါသည်။
အော်ပရေတာများက
ကွန်ရက်အတွင်းအသုံးပြုသော IMEI
များကိုလည်းကောင်း၊ အတု၊ တရားမဝင်နှင့် ခိုးယူခံရသော ဖုန်းများစာရင်းကိုလည်းကောင်း
စုပေါင်းထိန်းသိမ်းထားရှိပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်း ပျောက်ဆုံးခြင်းအတွက်
မိုဘိုင်းအော်ပရေတာသို့ သတင်းပို့ပါက အော်ပရေတာ များက ခိုးယူခံရသောဖုန်းအဖြစ်
စာရင်းသွင်းကာ နိုင်ငံအတွင်း လုံးဝသုံးစွဲမရနိုင်အောင် ဆောင်ရွက်ထားပါသည်။
မလေးရှားနိုင်ငံတွင် IMEI မှတ်ပုံတင်ခြင်းကို တင်သွင်းမှုကဏ္ဍ၊
အကောက်ခွန်ကဏ္ဍ၊ အော်ပရေတာများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြင့်
အားဖြည့်ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်တွင်
IMEI မှတ်ပုံတင်ခြင်းကို
ဘင်္ဂလားဒေ့ရှ် အမျိုးသားဆက်သွယ်ရေးကော်မရှင် Bangladesh Telecommunication
Regulatory Commision-BTRC က ကြီးကြပ်ဆောင်ရွက်ပါသည်။
မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူတိုင်းသည် အမျိုးသား မိုဘိုင်းလက်ကိုင်ဖုန်း
မှတ်ပုံတင်စနစ်သို့ မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အတုပြုလုပ်ထားသော မိုဘိုင်းလက်ကိုင်ဖုန်း၊
ခိုးယူထားသော မိုဘိုင်းလက်ကိုင်ဖုန်းနှင့် တရားမဝင်တင်သွင်းလာသော
မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အတွင်း ဝင်ရောက်ခြင်းမှ
ပိတ်ပင်ထားပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသုံးပြုသူများအနေဖြင့် www.neir.btrc.gov.bd
တွင် အသုံးပြုသော မိုဘိုင်းလက်ကိုင်ဖုန်းများကို သုံးစွဲခွင့် ရှိ၊
မရှိ စစ်ဆေးနိုင်ပါသည်။
ပြည်ပမှ
ယူဆောင်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော မိုဘိုင်း
လက်ကိုင်ဖုန်းများကို ကင်းလွတ်ခွင့်ပြုသော အချိန်ကာလအတွင်း ရွေးယူဒဏ်ကြေးပေးဆောင်ကာ
မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် မိုဘိုင်းလက်ကိုင်ဖုန်း
တင်သွင်း ရောင်းချသူများအနေဖြင့် တင်သွင်းမည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို BTRC တွင်
ကြိုတင်မှတ်ပုံတင် ထားရန် လိုအပ်ပါသည်။ တရားမဝင်တင်သွင်းခြင်းအတွက်
သက်ဆိုင်ရာအကောက်ခွန်ဌာန၏ သိမ်းယူ ခြင်းခံရမည်ဖြစ်ပါသည်။ BTRC သည် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများနှင့်ပူးပေါင်းကာ IMEI ကြီးကြပ်ခြင်းကို ဆောင်ရွက်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း
ခိုးယူခံရခြင်း၊ IMEI အတုပြုလုပ်ခြင်းနှင့် ပွားယူခြင်းအပြင်
တရားမဝင်မိုဘိုင်းလက်ကိုင်ဖုန်း တင်သွင်း ခြင်းကို တားဆီးကာကွယ်နိုင်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင်
IMEI မှတ်ပုံတင်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှု ကြီးကြပ်ခြင်း၊ ပိတ်သိမ်းခြင်း၊
ကြီးကြပ်စစ်ဆေးခြင်းတို့ကို စက်မှုဝန်ကြီးဌာနနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က
ဆောင်ရွက်ပါသည်။ နိုင်ငံအတွင်း မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI များကို အမျိုးသားမှတ်တမ်းတွင် ထည့်သွင်းရန်လိုအပ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်းကို တင်းကျပ်စွာထိန်းချုပ်ထားပြီး
သယ်ဆောင်/ တင်သွင်းလာသော မိုဘိုင်းဖုန်းများအား အစိုးရ၏အင်တာနက်စာမျက်နှာတွင် မှတ်ပုံတင်ခြင်းကို
၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ကျင့်သုံးခဲ့ပါသည်။ နိုင်ငံခြားသားများအနေဖြင့်
ပြည်တွင်းဆင်းကတ်နှင့် သုံးစွဲနိုင်ရန် မိုဘိုင်းလက်ကိုင်ဖုန်းကို မှတ်ပုံတင်ရန်လိုအပ်ပါသည်။
မှတ်ပုံတင်ထားခြင်းမရှိသော IMEI များသည်
အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက်များသို့ ဝင်ရောက်သုံးစွဲခွင့်
ရှိမည်မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်းမှတ်ပုံတင်ထားခြင်း
ရှိ/မရှိနှင့် အသုံးပြုခွင့် ရှိ/မရှိကို https://imei.kemenperin.go.id တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
IMEI မှတ်ပုံတင်ခြင်းဖြင့် လူမှုအဖွဲ့အစည်းကို ဘယ်လိုအကျိုးရှိစေမှာလဲ
မြန်မာနိုင်ငံတွင်
ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက် မှုကြောင့်
မိုဘိုင်းဖုန်းသုံးစွဲမှုတစ်ဟုန်ထိုး တိုးတက်များပြားလာပါသည်။ မြန်မာနိုင်ငံ၏
ဆက်သွယ်ရေးကဏ္ဍသည် တိုးတက်မှုများရှိခဲ့သော်လည်း မိုဘိုင်းနည်းပညာ၊ အင်တာနက်နှင့်
ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် နည်းပညာလုံခြုံရေးနှင့် ဝန်ဆောင်မှု
အရည်အသွေးမြှင့်တင်ရေး၊ မိုဘိုင်းဟန်းဆက်များကို တရားမဝင်တင်သွင်းမှုကြောင့်
နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းနေမှုနှင့်
မိုဘိုင်းဟန်းဆက်များကိုအသုံးပြု၍ တရားမဝင် လုပ်ငန်းများကိုလည်း သတိပြုထိန်းချုပ်ဆောင်ရွက်ရန်
လိုအပ်လျက်ရှိပါသည်။
မိုဘိုင်းဟန်းဆက်ဖြင့်
မသမာသောအသုံးပြုမှုကို ကာကွယ်ခြင်းဖြင့် ခိုးယူခံရသော မိုဘိုင်း ဟန်းဆက်များကို ဆက်သွယ်ရေးကွန်ရက်တွင်
အသုံးပြုခြင်းမှတားဆီးနိုင်ပြီး ရာဇဝတ်မှုလျှော့ချ ရေးတွင်လည်း အထောက်အကူ
ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်အတွင်း IMEI Code များကို တရားဝင်မှတ်ပုံတင်စေခြင်းဖြင့်
အရည်အသွေး အာမခံမရှိသော တရားမဝင် မိုဘိုင်းဟန်းဆက်များ ဈေးကွက်သို့ ဝင်ရောက်မှုကို
လျှော့ချနိုင်ပါသည်။
မြန်မာနိုင်ငံ၏
ဦးစားပေးကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်းဆောင်ရွက်ခြင်း အားဖြင့်
အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်စီးပွားရေး ပီပြင်စွာပေါ်ထွန်းလာစေပြီး ပြည်သူတစ်ရပ်လုံး၏
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်ရည်မှန်း၍
မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) ကို
ရေးဆွဲပြုစုကာ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို
တွန်းအားပေးမှုများနှင့်အတူ အများပြည်သူကို ဝန်ဆောင်မှုပေးအပ်သည့် အစိုးရဌာန/
အဖွဲ့အစည်းအသီးသီးတွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားခြင်း၊
အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့်
အီလက်ထရောနစ်နည်းလမ်းများဖြင့် အခွန်ပေးဆောင်ခြင်း စသည့်အများပြည်သူ
အကျိုးပြုဝန်ဆောင်မှုများကို စတင်လျက်ရှိပါသည်။
အွန်လိုင်းပေါ်တွင်
မည်သူမှန်း မသိရသူများနှင့် ထိတွေ့နေရသကဲ့သို့ AI ဖြင့် အသံအတု၊ ရုပ်အတု များအပြင် ငွေကြေးလိမ်လည်မှုများ၊
အွန်လိုင်းလိမ်လည်မှုများကို နည်းပညာအသုံးပြုကာ ဆောင်ရွက်နိုင်ခြင်းသည် တရားဥပဒေစိုးမိုးရေး
အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများဖြစ်စေပါ သည်။ မြန်မာနိုင်ငံတွင် နေ့စဉ်
မိုဘိုင်းလက်ကိုင်ဖုန်း သန်း ၆၀ ခန့် ဆက်သွယ်မှုရှိနေပြီး လေ့လာ
ဆန်းစစ်မှုစစ်ဆေးချက်များအရ ၈၀ ရာခိုင်နှုန်းခန့်သည် တရားဝင်တင်သွင်းမှုမရှိကြောင်း
သိရှိရ သည်။ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများကြောင့်
နိုင်ငံတကာတွင် ဆွေးနွေးလျက်ရှိသည့် အီလက်ထရောနစ်အမှိုက်များ ဖြစ်ပေါ်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ
တားဆီးနိုင်မည်ဖြစ်ပါသည်။
အရည်အသွေးအာမခံမရှိသော
တရားမဝင်မိုဘိုင်းဟန်းဆက်ဈေးကွက်ကို တားဆီးနိုင်ရေး၊ နိုင်ငံတော်အတွက်
ရသင့်ရထိုက်သောအခွန်ငွေများ ရရှိစေရေး၊ မိုဘိုင်းဟန်းဆက် ခိုးယူ/ပျောက်ဆုံးမှု
များကို ထိန်းချုပ်နိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးနိုင်ရေး အစရှိသည့်
အများပြည်သူအတွက် ဝန်ဆောင်မှုပေးသည့် ရည်ရွယ်ချက်များစွာဖြင့်
အာဆီယံနိုင်ငံအချို့တွင် IMEI
မှတ်ပုံတင်ခြင်းအား အဆင့်မြှင့်တင်လျက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။
တရားဝင်တင်သွင်းသည့် မိုဘိုင်းဟန်းဆက်များကိုသာ အသုံးပြုနိုင်တော့သည့်အတွက်
တရားမဝင် တင်သွင်းသည့် မိုဘိုင်းဟန်းဆက်များ လျော့နည်းလာခြင်းအပြင်
ရသင့်ရထိုက်သည့် အခွန်အခများရရှိခြင်း၊ အခြားစီးပွားရေးအရ အကျိုးအမြတ်များ
ရရှိစေခြင်းတို့အပြင် မိုဘိုင်းဟန်းဆက် ခိုးယူ/ပျောက်ဆုံးမှုများ၊
တရားမဝင်တင်သွင်းသည့် မိုဘိုင်း ဟန်းဆက်များ၊ ဆိုက်ဘာရာဇဝတ်မှုများ လျော့ကျလာသည်ကို
လေ့လာတွေ့ရှိနိုင်ပါသည်။
မြန်မာနိုင်ငံတွင်
ယခုကဲ့သို့စနစ်ဆောင်ရွက်ခြင်းဖြင့် အခြားနိုင်ငံများတွင် ဆောင်ရွက်သကဲ့သို့
နိုင်ငံအတွင်း စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် မိုဘိုင်းဖုန်းအတုများသည်
သုံးစွဲမှုမရသည့်အတွက် အီလက်ထရောနစ်အမှိုက် ဖြစ်နိုင်ခြေလျော့ကျစေပါမည်။
ဖုန်းပျောက်ဆုံးသွားပါက အခြားသူတစ်ဦးက ခိုးယူသုံးစွဲနိုင်သော်လည်း နောင်တွင်
အမှန်တကယ် ဖုန်းပျောက်ဆုံးမှုအတွက် ခိုးယူသုံးစွဲနိုင်ခြေ များစွာလျော့ကျသွားစေမည်ဖြစ်ပါသည်။
IMEI မှတ်ပုံတင်စနစ်သည်
မိုဘိုင်းဆက်သွယ်ရေးကွန်ရက် လုံခြုံရေးကိုမြှင့်တင်ရန်နှင့်
ဆိုက်ဘာရာဇဝတ်မှုများကို ကာကွယ်ရန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် အကောင်အထည်ဖော်
ဆောင်ရွက်သင့်သည့်နည်းပညာအခြေပြုစနစ်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော်
အရည်အသွေးပြည့် မိုဘိုင်းဖုန်းဟန်းဆက်များကို အများပြည်သူ ယုံကြည်စိတ်ချစွာ
သုံးစွဲလာနိုင်မည့် အကျိုးကျေးဇူးရရှိစေခြင်း၊ ဆက်သွယ်ရေးဥပဒေပါ လိုင်စင်ရယူပြီးမှ
တင်သွင်းအသုံးပြုခွင့်ရှိသော ဆက်သွယ်ရေးပစ္စည်းများကို ကြီးကြပ်နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ
အထောက်အကူဖြစ်ခြင်း၊ အခွန်ကောက်ခံမှုစနစ်ကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်
နည်းပညာဆိုင်ရာ အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်ခြင်း၊ အောင်မြင်စွာအသုံးပြုနေသော
နိုင်ငံများတွင် မိုဘိုင်းဟန်းဆက်ဈေးကွက်၏ တရားဝင်မှုနှင့် အခွန်ဘဏ္ဍာငွေများ
သိသိသာသာတိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်မှ ဆောင်ရွက်နေသော
ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေးဆိုင်ရာ အတွေ့အကြုံများကို ရရှိစေပါမည်။ ထို့အပြင်
မိုဘိုင်းလက်ကိုင်ဖုန်းအသုံးပြု အွန်လိုင်းငွေကြေး လိမ်လည်မှုများကို
ပိုမိုစောင့်ကြည့်ကိုင်တွယ်နိုင် စေမည့်အပြင် အများပြည်သူအတွက် ပိုမိုကောင်းမွန်သော
ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

No comments:
Post a Comment