နေပြည်တော် မတ် ၂၇
ယနေ့တွင် ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်) ၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းတက်ရောက်၍ ဂုဏ်ပြုပန်းခြင်းချအလေးပြုသည်။
အခမ်းအနားသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ
စိုးဝင်းနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ
ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း၊
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်၊
အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်းဗိမာန်အတွင်းနှင့်
ရင်ပြင်တွင် နေရာယူကြကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပန်းခြင်းချပြီး
တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့်
သူရဲကောင်းစစ်သည်များအား အလေးပြုကြသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည်
သူရဲကောင်းဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်
လက်မှတ်ရေးထိုးကြပြီး သူရဲကောင်းဗိမာန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါသူရဲကောင်းစစ်သည်ဗိမာန်
(နေပြည်တော်) ကို နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့်
မြန်မာသူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက်
အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင်
အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများ
အမြဲအမှတ်ရနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့် စိတ်နှင့်
နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ
ရှင်သန်ကိန်းအောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇
ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိမာန်အတွင်းနံရံများ၌
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့်
အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ သူရဘွဲ့ရရှိခဲ့သူ၊
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူများ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌
ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားရှိကြောင်းနှင့်
ဗိမာန်၏အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည် ၅ ဦးနှင့်
အရပ်သားတစ်ဦးတို့၏ ပုံတူများကို ဂုဏ်ပြုစိုက်ထူထားရှိကြောင်း သတင်းရရှိသည်။



No comments:
Post a Comment