နေပြည်တော် မတ် ၃၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာစာအုပ်ကို (အင်္ဂလိပ် / မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားသည်။
တရားရုံးနှစ်စဉ်အစီရင်ခံစာထုတ်ပြန်ရခြင်း၏
ရည်ရွယ်ချက်များမှာ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊
တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့်
စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို
အများသိရှိစေရန်ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင်
တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို
၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုထုတ်ပြန်လိုက်သည့် ၂၀၂၅ ခုနှစ်
တရားရုံးနှစ်စဉ် အစီရင်ခံစာသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ ၁၀ အုပ်မြောက် နှစ်စဉ်အစီရင်ခံစာဖြစ်သည်။
အစီရင်ခံစာစာအုပ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
၁၀ နှစ်တာကာလအတွင်း စဉ်ဆက်မပြတ် တိုးတက်မှု၊ အောင်မြင်မှုများကို မှတ်တမ်းအဖြစ် စုစည်းဖော်ပြထားသည်။
၂၀၂၅ ခုနှစ်အတွင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများကို သီးခြားကဏ္ဍတစ်ရပ်အနေဖြင့်
ဤအစီရင်ခံစာစာအုပ်၌ ဖော်ပြထားသည်။ အဆိုပါဆောင်ရွက်ချက်များမှာ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင်
ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးစီမံချက်များချမှတ်၍
တရားစီရင်ရေးရပ်တန့်မသွားစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်း၊ အမှုလက်ကျန်များလျှော့ချနိုင်ခြင်း၊
တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုများတွင် နည်းပညာပေါင်းစပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊
အထူးကိစ္စရပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်အသီးသီးရှိ စေ့စပ်ဖြေရှင်းရေးဌာနများမှ
ဘဏ်အပေါင်မှုများအား အောင်မြင်အောင်စေ့စပ်ဖြေရှင်းပေးနိုင်ခြင်း၊ အဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ
သင်ကြားရေးဌာနတစ်ခုဖြစ်သည့် Judicial College အဆောက်အအုံသစ်ကို ဖွင့်လှစ်နိုင်ခြင်း၊
ပြည်ထောင်စုတရားလွှတ်တော် ချုပ် AML / CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ်
၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ တရားသူကြီးများပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ရေးအတွက်
လေ့ကျင့်သင်ကြားရေးအစီအစဉ်များ အားကောင်းစေခြင်းနှင့် တရားစီရင်ရေး မိတ်ဖက်နိုင်ငံများနှင့်
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ခြင်းတို့ ဖြစ်သည်။
၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ
စာအုပ်မှတစ်ဆင့် စာအုပ်ဖတ်ရှုသူများအနေဖြင့် တရားစီရင်ရေးမဏ္ဍိုင်၏ တရားစီရင်ရေးဆိုင်ရာ
စီမံခန့်ခွဲမှုနှင့် တရားမျှတမှုလက်လှမ်းမီရေး တိုးမြှင့်ဆောင် ရွက်နိုင်မှုတို့ကို
လွယ်ကူစွာဖတ်ရှုသိရှိနိုင်မည် ဖြစ်သည်။
တရားရုံး နှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်း၍
ဝေဖန်အကြံပြုလိုပါက တရားရုံးနှစ်စဉ် အစီရင်ခံစာပြုစုရေးလုပ်ငန်းအဖွဲ့၏ အီးမေးလ်
irrdp.usc@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment