Tuesday, March 10, 2026

အာကာသပြတိုက် (ရန်ကုန်)၌ အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်ပွဲခမ်းအနား ကျင်းပ


ရန်ကုန် မတ် ၁၀

အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ မျိုးသန့်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု သင်တန်းတစ်ခုဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ပေးကြသည့် မြန်မာအာကာကအေဂျင်စီမှ တာဝန်ရှိသူများ၊ သင်ကြားပေးမည့် ဆရာများ၊ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ကြမည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတက်ရောက်သင်ကြားခွင့်ရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိလာသည့် အခွင့်အရေးတစ်ခုကို အားသွန်ခွန်စိုက် လေ့လာဆည်းပူးကြရန်နှင့် နိုင်ငံအတွက် အားကိုးအားထားပြုရသည့် လူငယ်လူရွယ်များ ဖြစ်နိုင်ကြပါစေရန် စသည်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင် သိပ္ပံနှင့် လူမှုစီးပွားရေးကဏ္ဍများတွင် ဂြိုဟ်တုများကို အသုံးပြုခြင်း၊ အာကာသ ဒုံးပျံများနှင့် ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်းစဉ်၊ ဂြိုဟ်တုနှင့် မြေပြင်အခြေစိုက်စခန်းအကြား ဆက်သွယ်မှုစနစ်၊ ဂြိုဟ်တုတည်ဆောက်မှုတွင် ပါဝင်သော စက်ပစ္စည်းများ၊ အာကာသရုပ်ဝတ္ထုများ၏ ရွေ့လျားမှု သဘောတရားနှင့် ဂြိုဟ်တု အခြေပြုကမ္ဘာမြေစောင့်ကြည့် လေ့လာရေးစနစ် သာသာရပ်များဖြင့် နည်းပြများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀၇) ဦးကို သင်တန်းကာလ တစ်လ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment