Tuesday, February 17, 2026

ပြည်တွင်းရေးစွက်ဖက်မှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချ



အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်တွင် ဘန်ကောက်ကြေညာချက် (Bangkok Declaration) ဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့ပါဝင်၍ စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲနှင့် လက်ဝဲလက်ယာအယူအဆများ ပြင်းထန်နေချိန်တွင် ပေါ်ပေါက်လာသည့် အထက်ပါငါးနိုင်ငံအသင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေး အဖွဲ့အစည်းအဖြစ် သဘောသက်ရောက်မသွားစေရန် ထိန်းသိမ်းရပ်တည်ခဲ့သလို အင်အားကြီးနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုများနှင့် သြဇာလွှမ်းမိုးမှုများ ဒေသတွင်း ဝင်ရောက်မလာစေရန်အတွက်လည်း ထိန်းသိမ်းခဲ့ကြသည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနှင့် တင်းမာမှုများရှိလျှင်ပင် စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ဆွေးနွေးမှုများဖြင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအိုတို့နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် အပြန်အလှန် နားလည်လေးစားမှု၊ သာတူညီမျှမှုတို့အပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့်အညီ မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံ၏ ပဋိညာဉ်၊ အာဆီယံစံနှုန်းများနှင့် အလေ့အထများကို အလေးထားလိုက်နာလျက်ရှိသော နိုင်ငံ လည်းဖြစ်သည်။

 ၂၀၀၂ ခုနှစ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ရပ်တည်လာနိုင်ခဲ့သည့် တီမောလက်စ်တေနိုင်ငံသည် အာဆီယံအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် ၂၀၁၁ ခုနှစ်တွင် စတင်လျှောက်ထားခဲ့သည်။ အာဆီယံအဖွဲ့အတွင်း ဝင်ရောက်ခွင့်မရသေးမီမှာပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာရောက်သကဲ့သို့ အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ချိုးဖောက်ရာရောက်သည့် အပြုအမူများကို တီမောလက်စ်တေ သမ္မတက ပြုလုပ်ခဲ့ရာ ၎င်းနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ခွင့်ရရေးတွင်လည်း မြန်မာနိုင်ငံက ကန့်ကွက်ထားခဲ့သည်။ တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူအပါအဝင် အာဆီယံ ပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ် ကတိပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံက မူလရပ်တည်ချက်အပေါ် ပြန်လည်သုံးသပ်ပြီး အာဆီယံ၏ တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် ၎င်း၏ကတိကဝတ်နှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကျင့်ဝတ်သိက္ခာမဲ့စွာ ဖောက်ဖျက်ခဲ့သည်။

တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလည်းဖြစ်သည်။ တီမောလက်စ်တေနိုင်ငံ၏ လက်ခံနိုင်ဖွယ် မရှိသော အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သည့်တိုင်အောင် တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့ဟုဆိုသည့် တရားမဝင်အဖွဲ့အစည်း၏ တရားစွဲဆိုမှုကို လက်ခံပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေမည့် မြန်မာနိုင်ငံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့်လုပ်ရပ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ရသည်။

တီမောလက်စ်တေနိုင်ငံပြုလုပ်သည့် အပြုအမူမျိုး၊ ဖြစ်စဉ်မျိုးသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်က မရှိခဲ့ဖူးသည့် အစဉ်အလာဖြစ်ပြီး အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကိုဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံချင်းချင်း ချစ်ကြည်ရင်းနှီး စွာဆက်ဆံမှုကို ထူထောင်ရမည့်အစား ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုကို ပြောင်ပြောင်တင်းတင်း ပြုလုပ်မှုများက မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကို ပိုမိုမြင့်တက်လာစေခဲ့သည်။ ဒေသတွင်း နိုင်ငံအဖွဲ့အစည်းတစ်ခုအတွင်း ဝင်ရောက်လာသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိဝင်ရောက်ထားသည့်အဖွဲ့အစည်း၏ အခြေခံမူကို လေးစားလိုက်နာမှုမရှိဘဲ အလွယ်တကူချိုးဖောက်ခြင်းနှင့် နိုင်ငံချင်းဆက်ဆံရေးတွင် အပြန်အလှန်ထားရှိရမည့် ကတိကဝတ်တို့ကို အလေးမထားခြင်းတို့မှာ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ခြင်းပင်ဖြစ်ရာ ပြင်းထန်စွာရှုတ်ချအပ်သည်သာဖြစ်သည့်အကြောင်း။ ။

No comments:

Post a Comment