နေပြည်တော် ဖေဖော်ဝါရီ ၁၉
ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အလုပ်ရုံဆွေးနွေးပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားလုပ်ငန်း၏အရေးပါမှုကို အသိအမှတ်ပြုလာကြပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာရှိသော ခရီးစဉ်ဒေသများ ဖော်ထုတ်ရေးဆောင်ရွက်ရာတွင် မြေပြင်လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ပေါင်း ၂၀၀ ကျော် ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း။
ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် မိမိတို့၏ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည် များပိုမိုလာရောက်လည်ပတ်ရေးနှင့် လုံခြုံစိတ်ချမှုရှိစွာ သွားလာလည်ပတ်နိုင်ရေး၊ ဧည့်သည်များအား ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရေး၊ ခရီးသွား ဆွဲဆောင်မှုအသစ်များ ဖော်ထုတ်ရေးနှင့် ဈေးကွက်ရှာဖွေမြှင့်တင်ရေးစသည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ အတွေ့အကြုံကောင်းများကို စာတွေ့လက်တွေ့လေ့လာ သိရှိနိုင်မည်ဖြစ်ပြီး မြေပြင်တွင် လုပ်ငန်းဆောင်ရွက်ရာ၌ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို မျှဝေပေးနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာမည့် ဆွေးနွေးမှုရလဒ်နှင့် တွေ့ရှိချက်များကို သက်ဆိုင်ရာခရီးစဉ်ဒေသများတွင် လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပညာရှင်များက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားကာ အဖွဲ့များခွဲ၍ဆွေးနွေးခြင်း၊ စကားဝိုင်း ဆွေးနွေးခြင်းနှင့် ဆွေးနွေးပွဲရလဒ်များကို သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် လက်ရွေးစင်အားကစားသမားများ၊ နည်းပြများ၏ စွမ်းဆောင်မှုအရည်အသွေးများ လိုအပ်သည့်အပြင် ခေတ်မီနည်းပညာ စံနှုန်းသတ်မှတ်ချက်များနှင့် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများစွာလိုအပ်သည့်အတွက် နိုင်ငံတကာနည်းပညာနှင့် တည်ဆောက်သွားမည့် ရန်ကုန်မြို့၏ အထင်ကရ သမိုင်းဝင် အားကစားကွင်းကြီးဖြစ်သည့် အောင်ဆန်းအားကစားကွင်းကြီး အောင်မြင်စွာ ပေါ်ထွန်းလာ စေရန်နှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အားကစားကွင်းသစ်ကြီးအဖြစ် ထပ်မံပေါ်ထွန်းလာစေရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အောင်ဆန်းအားကစားကွင်း အဆင့် မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှု၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ကျန်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment