Sunday, February 15, 2026

ကျင့်ဝတ်များနှင့် ဝတ္တရားများ မှန်ကန်စွာသိရှိပြီး လိုက်နာကျင့်ကြံ



နိုင်ငံရေးဆိုသည်မှာ မိမိတို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသောကိစ္စ၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။ ဆက်လက်၍လည်း “ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင်၊ မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေ သည်” ဟူ၍လည်း ပြောကြားခဲ့သည်။

တောင်သူလယ်လုပ်တို့က သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း၊ စက်ရုံပိုင်သူလုပ်ငန်းရှင်တို့က ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သည်ပွဲစားတို့က ကုန်သွယ်ရောင်းဝယ်ကြခြင်း၊ ဝန်ထမ်းများက ဌာနဆိုင်ရာ အလုပ်များလုပ်ကိုင်ခြင်း စသည်စသည်ဖြင့် လုပ်ငန်းနေရာဌာနအသီးသီးတို့တွင် လုပ်ကိုင်နေကြသမျှတို့မှာ အဆုံးသတ်တွင် မိမိတို့နိုင်ငံ၏ တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်း ဟူသည့် ရလဒ်တို့ကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ မိမိတို့သည် စားဝတ်နေရေးနှင့် လူနေမှုအဆင့်မြင့်မားရေးတို့အတွက် နေ့စဉ်အလုပ်များကို လုပ်ကိုင်နေကြရင်းမှာပင် နိုင်ငံရေးသည် တစ်ပါတည်း ပါရှိနေခြင်း ဖြစ်သည်ဟူ၍ နားလည်ရသည်။ လူတိုင်းက မိမိတို့၏ အသက်မွေး ဝမ်းကျောင်းအလုပ်များကို ပို၍ပို၍တိုးတက်အောင်၊ ကောင်းမွန်အောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ရင်း နိုင်ငံသည်လည်း တိုးတက်လာရခြင်းဖြစ်သည်။

ဤသဘောတရားကို ရှေးခေတ်တရုတ်အတွေးအခေါ်ပညာရှင်ကြီးဖြစ်သော ကွန်ဖြူးရှပ်၏ အမည်နာမနှင့်အညီ နေထိုင်ခြင်း (Rectification of Names) ဟူသော သြဝါဒနှင့်လည်း နှိုင်းယှဉ် ဆင်ခြင်ကြည့်နိုင်သည်။ အမည်နာမနှင့်အညီ နေထိုင်ခြင်းဆိုသည်မှာ မိမိ၏နေရာနှင့် တာဝန် (အမည်) အလိုက် မှန်ကန်စွာ ကျင့်ကြံခြင်းပင်ဖြစ်သည်။ လူသည် မိမိနေထိုင်ရာ မိသားစု၊ လူမှုအဖွဲ့အစည်းတွင် ကိုယ်စီတာဝန် (သား၊ မိဘ၊ မင်း၊ ပြည်သူ) စသည်တို့ကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ လူ့ကျင့်ဝတ်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ လူကြီးမိဘကို ရိုသေခြင်းနှင့် ကိုယ်ချင်းစာတရားထားရှိခြင်းတို့ လိုက်နာကျင့်သုံးဖို့လိုသည်။ လူတစ်ဦးသည် တစ်ချိန်တည်းမှာပင် သားလည်းဖြစ်၊ ဖခင်လည်းဖြစ်၊ ပြည်သူလည်း ဖြစ်နေသည့်အခါ သားတစ်ဦးအနေဖြင့် မိဘအပေါ် တာဝန်ကျေရန်၊ ဖခင်တစ်ဦးအနေဖြင့် မိသားစုအပေါ် တာဝန်ကျေရန်၊ ပြည်သူတစ်ဦးအနေဖြင့် နိုင်ငံအပေါ် တာဝန်ကျေရန် လိုသည်။ တစ်နည်းအားဖြင့် အုပ်ချုပ်သူသည် အုပ်ချုပ်သူပီသရမည်။ ပြည်သူသည် ပြည်သူပီသရမည်။ ဖခင်သည် ဖခင်ပီသရမည်။ သားသမီးသည် သားသမီး ပီသရမည်။ ဆရာသည် ဆရာပီသရမည်။ တပည့်သည် တပည့်ပီသ ရမည်။ အမည်နာမများနှင့်အညီ ကျင့်ကြံနေထိုင်ကြရမည်ဖြစ်သည်။ နေရာများအလိုက်ရှိနေသော ကျင့်ဝတ်များနှင့် တာဝန်ဝတ္တရားများကို မှန်ကန်စွာသိရှိပြီး လိုက်နာကျင့်ကြံခြင်းက လူ့အဖွဲ့အစည်း ကို ဟန်ချက်ညီစေသည်။

နိုင်ငံ့အရေးကို နိုင်ငံသားများက ကျရာကဏ္ဍများမှနေ၍ အသီးသီးဆောင်ရွက်ကြရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကဏ္ဍမှာ လွန်စွာအရေးကြီးသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရား တွင် ပါဝင်လည်ပတ်နေသည့် အစိတ်အပိုင်းများဖြစ်သည့်အလျောက် ဝန်ထမ်းတစ်ဦးတိုင်းသည် တာဝန်ကျေပွန်သူ၊ စည်းကမ်းလိုက်နာသူ၊ ကျင့်ဝတ်စောင့်ထိန်းသူများ ဖြစ်ရန်လိုသည်။ အထူးသဖြင့် ပါတီစုံဒီမိုကရေစီစနစ်တွင် ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ထွေးရောယှက်တင်ဖြစ်မနေဖို့လိုသည်။ သို့ဖြစ်သည့်အလျောက် ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ အစိုးရအဆက်ဆက် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များတွင်လည်း ပါတီနိုင်ငံရေးကင်းရှင်းရန်ဟူသည့်အချက်မှာ ထင်ထင်ရှားရှား ပါဝင်နေသည့် အချက်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ အစိတ်အပိုင်းများဖြစ်ကြပြီး မိမိတို့နေ့စဉ် ထမ်းဆောင်နေကြသည့် တာဝန်များမှာ နိုင်ငံ့အရေးအတွက် ဆောင်ရွက်နေရခြင်းဖြစ်သည်။ ဝန်ထမ်း တစ်ဦးချင်းစီက တာဝန်ကျေပွန်ရုံမျှမက ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ကြခြင်း၊ တစ်နည်းအားဖြင့် ဝန်ထမ်းသည် ဝန်ထမ်းပီသခြင်းဖြင့် နိုင်ငံနှင့်ပြည်သူကို အလုပ်အကျွေးပြုကြရန်လိုသည်။ နိုင်ငံ့ဝန်ထမ်းအားလုံး အတွေးအခေါ်၊ ခံယူချက်မှန်ကန်စွာဖြင့် ကျင့်ဝတ်များကို မြဲမြံစွာ စောင့်ထိန်းကာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment