Friday, February 20, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်မြတ်၏ အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ

 

[၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်

(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်) ကြာသပတေးနေ့]

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယ အစည်းအဝေးသို့ နိုင်ငံတော်တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးရှိသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက်မရှိလျှင် မဖြစ်၊ မပါလျှင်မပြီး အရေးကြီးသောအချက် ၄ ချက်ကို တင်ပြလျှောက်ထားပါသည်ဘုရား။

ထိုအချက် ၄ ချက်မှာ-

          (၁)     ဘုရားရှင်၏အလိုဆန္ဒတော်၊

          (၂)      သာဝကများဆောင်ရွက်ရမည့်တာဝန်၊

          (၃)     သက်ဆိုင်ရာအာဏာပိုင်များ၏ ကူညီပံ့ပိုးမှု၊

          (၄)     ဗုဒ္ဓဘာသာဝင် ဥပါသကာ၊ ဥပါသိကာမများ၏ အသိမှန်အမြင်မှန်ဖြင့် သာသနာတော်ကို ကြည်ညိုတတ်မှုတို့ပင် ဖြစ်ပါသည်ဘုရား။

ပထမအချက်ဖြစ်သော ဘုရားရှင်၏ အလိုဆန္ဒတော်ကို ရှေးဦးစွာ လျှောက်ထားရပါလျှင် ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟလွန်မြောက်၍ အဋ္ဌမသတ္တာဟအရောက် တွင် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးတော်မူစဉ် မာရ်နတ်က “အရှင်ဘုရား ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ယခုအခါပရိနိဗ္ဗာန် ပြုတော်မူပါလော့” စသည်ဖြင့် လျှောက်ထားတော် မူရာဘုရားရှင်က “မာရ်နတ် ငါ၏တပည့်သာဝကများ ဖြစ်ကြသည့် ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ လေးဖြာသော ပရိသတ်တို့သည် အကြင်မျှလောက်သော ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးသူများ မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင်မများကြသေး၊ တရားတော်ကို မဆောင်ကြသေး၊ လောကုတ္တရာ တရားနှင့်လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ အယူဝါဒကို သင်ယူ၍ မဟောနိုင်၊ မပြောနိုင်၊ မပြနိုင်၊ မတည်တံ့စေနိုင်၊ မဖွင့်ဆိုနိုင်၊ မဝေဖန်နိုင်၊ မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးတို့ ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အံ့ဖွယ် ရှိသောတရားကို မဟောပြနိုင်သေး၊ ထိုမျှလောက်သော ကာလပတ် လုံး ငါဘုရားပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်” ဟု မိန့်တော်မူပါသည်။ (သံ၊ ၃၊ ၂၂၅)

ဘုရားရှင်သည် မိမိ၏တပည့်သာဝကများကို တတ်သိလိမ္မာ ရှိစေချင်သည်။ ကောင်းစွာ ဆုံးမပြီးသူ၊ ကောင်းစွာ ယဉ်ကျေးပြီးသူများ ဖြစ်စေချင်သည်။ ရဲရင့်သူ၊ အကြားအမြင်များသူများ ဖြစ်စေချင်သည်။ တရားတော်ကို ဆောင်ထားနိုင်သူ၊ လောကုတ္တရာတရားနှင့် လျော်ညီသောအကျင့်ကို ကျင့်နိုင်သူ၊ လျောက်ပတ်သောအကျင့်ကို ကျင့်နိုင်သူ၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိသူများ ဖြစ်စေချင်သည်။ မိမိတို့၏ ဆရာ့ဝါဒကို သင်ယူ၍ ဟောနိုင်၊ ပြောနိုင်၊ ပြသနိုင်၊ တည်တံ့စေနိုင်၊ ဖွင့်ဆိုနိုင်၊ ဝေဖန်နိုင်၊ ပေါ်လွင်စေနိုင်သူများ ဖြစ်စေချင်သည်။ ပေါ်ပေါက် လာသော သူတစ်ပါးတို့၏ အယူဝါဒကို အကြောင်းနှင့်တကွ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်သူများ ဖြစ်စေချင်သည်။ ဤဆိုခဲ့ ပြီးသော အရည်အချင်းများနှင့် ပြည့်စုံကြပြီး မိမိ၏ အဆုံးအမဒေသနာ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြစေချင်သည်။ ဘုရားရှင်အနေဖြင့် သာဝကတို့အပေါ်၌ ဤမျှလောက် မြင့်မားသော အလိုဆန္ဒတော် ရှိတော်မူပါသည်ဘုရား။

ဒုတိယအချက်ဖြစ်သော သာဝကများ ဆောင်ရွက်ရမည့် တာဝန်အနေဖြင့် လျှောက်ထားရပါမူ ဘုရားရှင်၏ သာဝကသာဝိကာများ ဖြစ်ကြသော ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ဟူသမျှတို့သည် ဘုရားရှင်၏ အလိုဆန္ဒတော်ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးရမည့် တာဝန်ရှိသူချည်း ဖြစ်ကြပါသည်။ ဘုရားရှင်၏ တပည့်သာဝက ဟူသမျှတို့သည် “ငါသည် ဘုရားရှင်၏ အလိုဆန္ဒတော်ကို မည်မျှ အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ခဲ့သူဖြစ်သနည်း” ဟု မိမိကိုယ်ကို အမြဲမပြတ် ဆန်းစစ်နေဖို့လိုပါသည် ဘုရား။ ဤသို့ ဆန်းစစ်နေမှသာ ဘုရားရှင်၏ အလိုဆန္ဒတော်များ ပြည့်ဝအောင် ဖြည့်ဆည်းပေးလိုသည့် (ဝါ) သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်လိုသည့်သဒ္ဓါတရား တဖွားဖွားတိုးတက်နေပါလိမ့် မည်ဘုရား။

ဘုရားရှင်၏ အလိုဆန္ဒတော် ပြည့်ဝအောင် ဖြည့်ဆည်းပေးရမည့် (ဝါ) ဘုရားရှင်ဖြစ်စေလိုသည့် ဂုဏ်အင်္ဂါအရည်အချင်းနှင့် ပြည့်စုံ၍ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက် ရမည့်တာဝန်မှာ ရဟန်းတော်များအတွက် သာသနာတော်ကို တရားဖြင့် ချီးမြှောက်ထောက်ပံ့ခြင်းဟူသော ဓမ္မာနုဂ္ဂဟဖြစ်သည့် ဂန္ထဓုရ၊ ဝိပဿနာဓုရ တာဝန်နှစ်မျိုးသာ ဖြစ်ပါသည်ဘုရား။ ဥပါသကာ၊ ဥပါသိကာ ဒကာ ဒကာမများအတွက်မှာမူ သာသနာတော်ကို ပစ္စည်း လေးပါးဟူသော အာမိသဖြင့် ချီးမြှောက်ထောက်ပံ့ခြင်းဖြစ်သည့် အာမိသာနုဂ္ဂဟ တာဝန်မျိုးဖြစ်ပါသည်ဘုရား။ ယင်းသို့ တာဝန် အသီးသီးရှိကြရာ ဥပါသကာ၊ ဥပါသိကာ ဒကာ ဒကာမတို့ တာဝန်မှာ ကျေပွန်ပြီးဖြစ်သည်ဟု ဆိုရပါမည်ဘုရား။ အဘယ်ကြောင့်ဆိုသော် ယခုအခါ နိုင်ငံတော်အစိုးရနှင့် ဗုဒ္ဓဘာသာဝင် စေတနာရှင် ပြည်သူ အပေါင်းသည် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ၊ သာသနာ နွယ်ဝင်သီလရှင်များ ဂန္ထဓုရ၊ ဝိပဿနာဓုရနှစ်ပါးကို လုံ့လကြိုးကုတ် အားထုတ်ကြရာ၌ မငြိုမငြင်၊ မပင်မပန်း ကြိုးပမ်းအားထုတ်နိုင်ကြ စေရန် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော အာမိသတို့ကို လိုလေသေးမရှိ အပြည့်အဝထောက်ပံ့သည့်အနေဖြင့် ငလျင်ဘေးဖြစ် သည့် ကျောင်းတိုက်များအား အင်တိုက်အားတိုက် ထောက်ပံ့ခြင်း၊ ဆွမ်းကွမ်းဝေယျာဝစ္စများ မလစ်ဟင်းစေရန် ဖြည့်ဆည်းပေးခြင်းများ ကို တွေ့မြင်နိုင်ကြပါသည်ဘုရား။

ဘုရားတပည့်တော်တို့ ရဟန်းတော်များဘက်ကလည်း ဂန္ထဓုရအတွက် ပရိယတ္တိစာသင်တိုက်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ကြီးများက နှစ်စဉ်မပြတ် ပရိယတ္တိသာသနာတော်အတွက် တာဝန်ကျေကျေ ထမ်းဆောင်နေကြသည်ကို တွေ့မြင်ရသည်မှာ ယခုနှစ် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် (၁၈)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းခြင်းနှင့် ဝဋံသကာ ဂုဏ်ထူးရ ရဟန်းတော် တစ်ပါး ပေါ်ထွက်ခြင်းစသည်တို့က သက်သေပင် ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ လျှောက်ထားလိုပါသည်ဘုရား။ ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်း ဘုရားသာဝက ရဟန်းတော်များအနေဖြင့် ပရိယတ္တိစာပေ ကျမ်းဂန်များ စဉ်ဆက်မပြတ် ပို့ချပေးခြင်း၊ အစိုးရပါဠိပထမပြန် စာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ သကျသီဟစာမေးပွဲ၊ စေတိ ယင်္ဂဏစာမေးပွဲ၊ အစိုးရနိကာယ်စာမေးပွဲ၊ မြို့နယ်ပေါင်းစုံရှိ သာမဏေ ကျော်စာမေးပွဲ စသည်များကို ကျင်းပလျက် ပရိယတ္တိကျမ်းဂန်တတ် ပညာရှင်များ ပေါ်ပေါက်စေရေး အားပေးချီးမြှောက်နေခြင်းတို့ကိုလည်း တွေ့မြင်နေရပါသည်ဘုရား။ အနီးစပ်ဆုံးအနေဖြင့် (၇၈)ကြိမ် မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၁-၁၂-၂၀၂၅ ရက်နေ့မှ ၂၂-၁-၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး စာဖြေသံဃာတို့၏ စိတ်အားထက်သန်မှု တိပိဋကဩဝါဒါစရိယ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၏ တာဝန်ယူမှု၊ ဥပတ္ထမ္ဘကပုဂ္ဂိုလ်တို့၏ ကြောင့်ကြစိုက်ထုတ်မှု၊ ဒကာ ဒကာမတို့၏ သာသနာတော်အပေါ် အာမိသာနုဂ္ဂဟအားဖြင့် တာဝန် ကျေမှုတို့ကိုတွေ့ရှိရရာ အလွန်စိတ်အားထက်သန်စရာ ကောင်းလှပါ သည်ဘုရား။ ဝိပဿနာဓုရအနေဖြင့်လည်း ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၏ နည်းလမ်းတကျ ဟောပြောပြသမှု၊ ယောဂီအပေါင်း၏ စိတ်အားထက်သန်စွာအားထုတ်မှုများကို ဆရာတော်ဘုရားများ လေ့လာတွေ့ရှိနိုင်ပါသည်ဘုရား။ ဤသို့ ဓမ္မာနုဂ္ဂဟဖြစ်သည့် ဂန္ထဓုရ၊ ဝိပဿနာဓုရတာဝန်များကို အားသွန်ကြိုးပမ်းထမ်းဆောင်နေကြ ရုံသာမက သာသနာ့ဂုဏ်သိန် ညှိုးမှိန်စေကြသည့် သာသနာပစ္စတ္ထိက သာသနာအတွင်းသားအန္တရာယ် သာသနာ့ပြင်ပအန္တရာယ်များကိုလည်း လျစ်လျူရှုတော်မမူကြဘဲ ညီညွတ်သော သံဃာအင်အားဖြင့် အထူးဂရုပြု ဖယ်ရှားနိုင်ရေး ဆောင်ရွက်ကြရန်လည်း လျှောက်ထားလို ပါသည်ဘုရား။

ယနေ့ခေတ်ကာလအားလျော်စွာ ဖေ့ဘုတ်၊ တစ်တော့စသော လူမှုကွန်ရက်တွင် သာသနာတော်အတွင်းသား ရဟန်းသာမဏေ သီလရှင်များ၏ သမဏသာရုပ္ပမဖြစ်သော အပြုအမူများ လွှင့်တင် ဆောင်ရွက်နေခြင်း၊ ဓမ္မဝိနယနှင့် မလျော်ညီဘဲ ဟောပြောပြသနေကြ ခြင်း၊ သာသနာအတွင်းသားမဟုတ်သည့် ပုဂ္ဂိုလ်များ၏ သာသနာတော်၏ ဂုဏ်ရှိန်ကို ညှိုးမှိန်စေသည့် ပြောဆိုပြုမူနေခြင်းများကိုလည်း မကြာခဏတွေ့မြင်နေရရာ ထိုသို့သော သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေသည့် ကိစ္စရပ်များအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေး စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်နေ ပါသည်ဘုရား။ ထိုကိစ္စရပ်များနှင့်ပတ်သက်၍ ဓမ္မစက်၊ အာဏာစက် ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သောသံဃာအင်အားကို အမှန်တကယ် လိုအပ်နေသည်ဖြစ်ရာ တပည့်တော်တို့ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေဖြင့်လည်း မိမိတို့၏ အခြေခံဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးရေး လျှောက်ထားလိုပါသည်ဘုရား။

တတိယအချက်ဖြစ်သည့် သက်ဆိုင်ရာအာဏာပိုင်များ၏ ကူညီမှုများနှင့်ပတ်သက်၍ လျှောက်ထားရပါလျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီး ၃ လအကြာ အရှင်မဟာကဿပ အမှူးပြုသော ရဟန္တာအရှင်သူမြတ်ကြီးများ ပထမသင်္ဂါယနာတင်ရာကာလတွင် အဇာတသတ်မင်းနှင့် ပြည်သူ ပြည်သားများ စသည်ဖြင့် သင်္ဂါယနာ ခြောက်တန်တင်သည့် အကြိမ်တိုင်း၌ မင်းနှင့်ပြည်သူများ၊ သက်ဆိုင် ရာအစိုးရနှင့် နိုင်ငံသူနိုင်ငံသားများက သာသနာတော်အတွက် တရားနှင့်လျော်သော အထောက်အပံ့အကူအညီများ ပေးခဲ့သည့်နည်းတူ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးကြီးများ ကျင်းပခဲ့ရာ၌ နိုင်ငံတော်၏ ပံ့ပိုးကူညီမှု၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်သံဃာ့ ဝန်ဆောင်အစည်းအဝေးများ ကျင်းပရာအခါ၊ အစားထိုးရွေးချယ်ပွဲများ ကျင်းပရာအခါ၊ မှုခင်းပြဿနာများ အကောင်အထည်ဖော်ရာအခါ၊ စာမေးပွဲရာသီအလိုက် စာမေးပွဲများ ကျင်းပရာအခါ စသည်တို့၌လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှု၊ ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီမှုစသည်တို့ကို အမှန်တကယ်လိုအပ်ပါသည် ဘုရား။ သို့ဖြစ်၍ မိမိတို့ အခြေခံဒေသအလျောက် သက်ဆိုင်ရာအာဏာ ပိုင်တို့၏ ထောက်ပံ့ကူညီမှုတို့ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါ သည်ဘုရား။

စတုတ္ထအချက်အနေဖြင့် ဗုဒ္ဓဘာသာဝင် ဥပါသကာ၊ ဥပါသိကာများ၏ အသိမှန် အမြင်မှန်ဖြင့် သာသနာတော်ကို ကြည်ညိုတတ်မှုကို လျှောက်ထားရပါလျှင် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ကြသည့် ဥပါသကာ၊ ဥပါသိကာများသည် “ပသာဒဗဟုလော ဟောတိ ဘိက္ခူသု ထေရေသု စေဝ နဝေသု မဇ္ဈိမေသု စ” ဟူသော အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ ဒုတိယပရိဟာနိသုတ်၊ ဝိပတ္တိသုတ်၊ ပရာဘဝသုတ်(အံ၊ ၂၊ ၄၁၆၊ ၄၁၇) တို့၌လာသော ဥပါသကာ၊ ဥပါသိကာတို့ မဆုတ်ယုတ် ကြောင်း၊ ပြည့်စုံကြောင်း၊ ဖြစ်ထွန်းကြီးပွားကြောင်း တရား ၇ ပါးတို့ အနက် တစ်ပါးအပါအဝင်ဖြစ်သော သီတင်းသိက္ခာကြီး၊ သီတင်းသိက္ခာငယ်၊ သီတင်းသိက္ခာလတ်ဖြစ်ကြကုန်သော ရဟန်းတော်တို့၌ များစွာကြည်ညိုတတ်သူများ ဖြစ်ကြရပါမည်ဘုရား။ ယင်းသို့ များစွာ ကြည်ညိုတတ်သူများ၊ ကြည်ညိုကြရာ၌ ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရ ၂ ပါး ဖြင့်သာ လုံ့လကြိုးကုတ်အားထုတ်နေသော ရဟန်းကောင်း ရဟန်းမြတ်တို့ကိုသာ ကြည်ညိုဆည်းကပ်တတ်ကြရန်လည်း အလွန် လိုအပ်ပါသည်ဘုရား။ ယခုခေတ်အချိန် ကုလဒူသန အနေသနအမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ရဟန်းဆိုးများ၊ အတ္တုက္ကံသန ပရဝမ္ဘန သဘောဆောင်ကာ လူမှုကွန်ရက်ပေါ်တွင် သာသနာတော်နှင့် မလျော်သည့် အလိုဆိုးရှေးရှု၍ ဟောပြောပြသ ပြုမူလှုပ်ရှားနေကြသည့် အချို့သော သာသနပစ္စတ္ထိကများကို အစစ်အမှန်ထင်၍ ကိုးကွယ်မှုမပြုကြစေရန် ဥပါသကာ၊ ဥပါသိကာများ ကျေကျေလည်လည် သိရှိနားလည် သဘောပေါက်အောင် ဟောပြောဆုံးမ ပြုပြင်သွန်သင်ရမည့်တာဝန်မှာ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်နေပါသည်ဘုရား။ သို့ဖြစ်ရာ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ထားပါလျက် ပေါ်ပေါ်ထင်ထင် ပြန်လည်အသက်သွင်းနေကြသော အစုအဖွဲ့များ၊ မိမိကိုယ်ကိုပင် သာသနာပြုအမည်ခံကာ သာသနာဖျက်နေကြသူ များကို လျစ်လျူရှုထားတော်မမူကြဘဲ တားဆီးကာကွယ်တော်မူကြ လျက် ဗုဒ္ဓသာသနာတော်အစစ်အမှန်ကို ဥပါသကာ၊ ဥပါသိကာများ အသိအမြင်မှန်ဖြင့် ကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ဆုံးမသွန်သင် တော်မူကြပါဟု လျှောက်ထားလိုပါသည်ဘုရား။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခါနီး ကာလတွင်လည်း မာရ်နတ်က ပရိနိဗ္ဗာန်ပြုတော်မူပါဟု လျှောက်ထားလာခဲ့ရာ မြတ်စွာဘုရားရှင်က တပည့်သာဝကများဖြစ်သော ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာတို့ကို ယုံကြည်တော်မူသဖြင့် ပရိနိဗ္ဗာန်ပြုတော်မူမည်ဟု မိန့်ကြားတော်မူခဲ့ပါသည် ဘုရား။ ဘုရားရှင်တော် ယုံကြည်တော်မူ ခဲ့သည့်အတိုင်း ဘုရားရှင်၏ အလိုဆန္ဒတော်ကို သိရှိတော်မူကြပြီး သာဝကများ ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်တော်မူကြလျက် ခေတ်အားလျော်စွာ သက်ဆိုင်ရာ အာဏာပိုင်အစိုးရမင်းတို့၏ အကူအညီအထောက်အပံ့ကို ရယူကာ နောက်ဆုံးအချက်ဖြစ်သော ဗုဒ္ဓဘာသာဝင် ဥပါသကာ၊ ဥပါသိကာများ အသိမှန် အမြင်မှန်ဖြင့် သာသနာတော်ကို ကြည်ညိုတတ်စေရန် ဟောပြောပြသ ဆုံးမတော်မူကြပြီး ဘုရားရှင်ယုံကြည်တော်မူသည့် အတိုင်း သာသနာပြုစိတ်ဓာတ် အပြည့်အဝထားတော်မူကြလျက် အားသွန်ကြိုးပမ်းဆောင်ရွက်တော်မူကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။

ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ

ဥက္ကဋ္ဌဆရာတော်

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့

No comments:

Post a Comment