Sunday, February 15, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်



နေပြည်တော် ဖေဖော်ဝါရီ ၁၄

(၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကြွရောက်လာကြ သည့် ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ - တရုတ် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့နာယကနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာ ဂါရဝပြုကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ပဝါများဖြင့် ဂါရဝပြုသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော်အခမ်းအနားကို မင်္ဂလာမောင်းအား ၃ ကြိမ်တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေး သည်။

ယင်းနောက် မြန်မာပြည် တရုတ်ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌ၊ ကွမ်ရင်စီကျောင်းတိုက် ဆရာတော်နှင့် ဘုန်းတော်ကြီးများက တရုတ်-မြန်မာ နှစ်ဘာသာဖြင့် နှစ်သစ်ကူး ဆုတောင်းစကား ဆုတောင်းမေတ္တာများ ပို့သကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ကွမ်ရင်ကျောင်းဆရာတော်ထံ သစ်သီးခြင်းအား ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဘာသာရေးဆိုင်ရာ နှစ်သစ်ကူးအမှတ်တရ မင်္ဂလာလက်ဆောင်ပြန်လည် ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ တရုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် တရုတ်အသင်းအဖွဲ့များ၊ မြန်မာ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)မှ ကိုယ်စားလှယ်များက ရိုးရာလက်ဆောင်မွန်များ ဂါရဝပြုပေးအပ်ကြသည်။

ကြည့်ရှုအားပေး

ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ၏ တစ်ဖွဲ့ချင်းစီအလိုက် ဂါရဝပြု ကပြဖျော်ဖြေမှုအား ကြည့်ရှု အားပေးပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် တရုတ်အသင်းအဖွဲ့များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများသည် ခြင်္သေ့ထိုင်အက၊ တရုတ်ရိုးရာ ကြက်တောင်ရိုက်ခြင်းနှင့် မြန်မာ့ ရိုးရာတစ်ပင်တိုင် ခြင်းလုံးခတ်သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး နှစ်သစ်ကူးလက်ဆောင် များ ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည် တရုတ်ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ လက်မှုပညာပြခန်းများ၊ တိုင်းရင်းဆေးဝါးပြခန်းများ၊ တရုတ်ရိုးရာအစား အစာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြရာ ပြခန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြ သည်။

ဂုဏ်ပြုဆေးခြယ်သပေး

ယင်းနောက် မြင်းနှစ်တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ရိုးရာ ခြင်္သေ့အရုပ်အား ဆေးခြယ်အသက်သွင်းခြင်း မင်္ဂလာအခမ်း အနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က တရုတ်ရိုးရာခြင်္သေ့ အရုပ်အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးသည်။ ယင်းနောက် တရုတ် ရိုးရာခြင်္သေ့အကအဖွဲ့က ဂါရဝပြုကပြကြရာ နှစ်သစ်ကူးလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက တရုတ် နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင် တရုတ်နိုင်ငံ၏ လွန်ခဲ့သောနှစ် ပေါင်း ၅၀၀၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ယဉ်ကျေးမှုသမိုင်းတွင် တရုတ်ရိုးရာ ရာသီခွင် ၁၂ပါး ရှိပြီး ယခု ၂၀၂၆ ခုနှစ်သည် မြင်းနှစ်ဖြစ်သည်ကို သိရှိရကြောင်း၊ မြင်းနှစ်၏အဓိပ္ပာယ်သည် လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နှင့် စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများနှင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိ ပိုင်ဆိုင်ခြင်းဆိုသည့် ကောင်းမွန်သော အဓိပ္ပာယ်များရှိသည်ဟု မှတ်သားရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့်သာမက မြန်မာနှင့် တရုတ်နိုင်ငံနှစ်ခုလုံး၏ ပြည်သူ လူထုအကျိုးစီးပွားအတွက် ယခုထက်ပိုမိုပြီးတိုးတက်မှု၊ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ထူးခြားသည့် ၂၀၂၆ ခုနှစ် အတွင်းတွင် မြန်မာ-တရုတ်နှစ် နိုင်ငံအကြား မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီပီ စိတ်ကောင်းစေတနာအပြည့်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်နှင့် တိုးချဲ့သွားနိုင်မည်ဟုလည်း အပြည့်အဝယုံကြည်ပါကြောင်း။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရေမြေတောတောင်ချင်း ထိစပ်နေ သည့် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ အကြားတွင်လည်း အေဒီ ၉၀၀ ကျော် ပျူခေတ်ကာလကတည်းက ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်ဆံခဲ့ကြခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုသို့ သမိုင်းကြောင်းကြာမြင့်ပြီဖြစ်သည့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေမှုများကြောင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ယုံကြည်မှုများကို တိုးမြှင့်ပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။

ကဏ္ဍစုံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်

“ဆွေမျိုးပေါက်ဖော်” ညီအစ်ကိုရင်းချာစိတ်ဓာတ်ကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသကဲ့သို့ ၂၀၁၁ ခုနှစ်တွင် “ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း”ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကို အခြေခံပြီး ကဏ္ဍစုံ တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်း အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထား လမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းများကို လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေးရထားလမ်းသည် ကျောက်ဖြူ - ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း။

နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်း

ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီအနေအထားအရ အချက် အချာကျကျ တည်ရှိနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံက အလေးထားပါကြောင်း၊

လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံ တော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင် ပါက နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေ သကဲ့သို့ စစ်မှန်သော မိတ်ဖက် ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန် အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကူညီပေးခဲ့မှု၊ မန္တလေးငလျင်အတွက် အစောဆုံး အကူအညီစေလွှတ်ခဲ့မှုတို့အပေါ် အစဉ်အမှတ် ရပါကြောင်းနှင့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်မှုအပေါ် များစွာကျေးဇူးတင်ရှိကြောင်း၊ ဒေသတွင်းတွင်သာမက နိုင်ငံတကာအသိုက် အဝန်းများတွင် စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားကြောင်း၊ ယခု အခါ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်တွင် ရွေးကောက် တင်မြှောက်ခံကိုယ်စားလှယ်များ ဦးဆောင်ပြီး လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပနိုင် တော့မည်ဖြစ်ကြောင်း၊ လွှတ်တော်မှတစ်ဆင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက် သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့တစ်ရပ်သည်လည်း လာမည့်ဧပြီလဆန်းပိုင်းတွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။

တရုတ်ရိုးရာ ရာသီခွင်များထဲက “ မြင်း ” ဆိုသည်မှာ အောင်မြင်မှု၊ ကံကောင်းခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက် ကို အခြေခံသည့် အိမ်နီးချင်းချစ်ကြည်ရေး ထာဝရတည်တံ့စေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရန်နှင့် ယနေ့ကြွရောက်လာသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ ပိုင်ဆိုင်ကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက နှစ်သစ် ဆုတောင်းစကား ပြောကြားရာတွင် ယနေ့ညတွင် ကျင်းပပြုလုပ် သော မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား များ၏ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ပြီး အတူတကွ မြင်းနှစ်သစ်ကို ကြိုဆိုခွင့်ရခြင်း အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တရုတ်နှစ်သစ်ကူး ပွဲတော်သည် မိသားစုစည်းလုံး စုစည်းခြင်း စိတ်ခံစားမှု၊ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုခြင်း တောင်းဆု မွန်များဖြင့် နှစ်သစ်၏အနှစ်သာရ ပေါ်လွင်နေပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်စွာ ဆက်ဆံပြုမူခြင်းတို့ကိုလည်း ထင်ဟပ်စေပါကြောင်း၊ ဤအချက်များသည် အရှေ့တိုင်း၏တူညီသော တန်ဖိုးထားမှုများ ဖြစ်ပါကြောင်း။

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်ရိုးရာလပြက္ခဒိန် နှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့နှင့် နီးနေသဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းသည် ဤပွဲတော်နှစ်ခုလုံး၏ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် စည်းလုံးခြင်းစိတ်ဓာတ်ကို ထင်ရှားစေပါကြောင်း။

၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အဆင့်သစ်တစ်ခုသို့ တက်လှမ်းခဲ့ပါ ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစာလွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကာ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်ခြင်းကို အခွင့်အခါကောင်းယူ၍ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူ ပူအမျှ ကံကြမ္မာတူညီရေး တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်း သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုနှင့် အင်အားကို ပေါ်လွင်စေခဲ့ ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း၊ နှစ်နိုင်ငံလူထုအကြား ယဉ်ကျေးမှု ဖလှယ်ရေးတွင် လည်းစုံလင်လှကြောင်း၊ ကျဲ့ကျန်းအော်ပရာအဖွဲ့နှင့် တရုတ်ရုပ်ရှင် ရက်သတ္တပတ်တို့သည် မြန်မာ ပြည်သူများကို တရုတ်နိုင်ငံအား လက်တွေ့ကျကျ ရုပ်လုံးကြွစွာ ခံစားသိရှိစေခဲ့ပါကြောင်း၊ ယမန် နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေသည် ၂၅၀၀၀၀ ကျော်ရှိ ခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ခရီးသွားအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း၊ တရုတ်-မြန်မာ အစိုးရအရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ လူငယ်နှင့် အားကစားသမားများ အပြန်အလှန်လေ့လာရေးခရီးစဉ်များသည် ပြည်သူနှစ်ရပ်အကြား နားလည်မှုနှင့် ချစ်ကြည်မှုတိုးပွားစေခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံ၏ “ပေါက်ဖော်ချစ်ကြည် ရေး” ဆက်ဆံရေးသည် ပိုမိုမြင့်မားလာခဲ့ပြီး ၂၀၂၅ ခုနှစ် မတ် လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မြေငလျင်အပြီး အသက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ခြင်းများသည် ကြီးမား သောမေတ္တာတရားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရမှ လူအား၊ ပစ္စည်းအားနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းကလည်း အမြန်ဆုံးတုံ့ပြန်ကာ အလှူငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ကြကြောင်း၊ မြန်မာပြည်ဖွား တရုတ်လူငယ်စေတနာ့ဝန်ထမ်းများသည် သဘာဝဘေး ဒဏ်အခြေအနေ အချက်အလက်များ စုဆောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကူညီ ပြောင်းရွှေ့ပေးခြင်းနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း၊ ဤကဲ့သို့ တစ်ဦးဒုက္ခရောက်လျှင် အားလုံးဝိုင်းဝန်းကူညီခြင်းသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေ ပါကြောင်း။

၂၀၂၆ ခုနှစ်သည် တက်ကြွမှုနှင့် အားမာန်အပြည့်ရှိသော မြင်းနှစ်သစ်ကို မိမိတို့ကြိုဆို ဂုဏ်ပြုကြမည့်နှစ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ခရီးစဉ်သစ်တစ်ခုကို စတင်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသော အရေးကြီးသော အချက်အလက်များကို မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲခိုင်မာစေကာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု သမိုင်းသစ်ကိုလည်း အတူတကွရေးဖွဲ့သွားမည်ဖြစ်ကြောင်း၊ မြင်းသည် ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ရာစုနှစ်ချီ၍ အခြေချနေထိုင်ကာ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော မြန်မာပြည်ဖွား တရုတ် ညီအစ်ကိုမောင်နှမများ၏ စိတ်ဓာတ်နှင့် အလွန်ကိုက်ညီလှကြောင်း၊ မြင်းနှစ်၏ ရဲရင့်အားမာန်ကို အသုံးချကာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံလူထု အကြား စိတ်ချင်းနီးစပ်မှု ပိုမိုတိုးပွားစေရန်၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ခေတ်သစ်တွင် ရောင်ခြည်အသစ်ဖြင့် ထွန်းလင်းတောက်ပစေရန် မြန်မာပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမ အားလုံးက တရုတ် - မြန်မာအကြား တံတား၊ ယဉ်ကျေးမှုသံတမန်များအဖြစ် ဆက်လက် ဆောင်ရွက်ကြပါရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံစလုံး ထွန်းကားတိုးတက်ပါစေ၊ နိုင်ငံနှင့် ပြည်သူအေးချမ်းသာယာပါစေ၊ အားလုံးဆန္ဒတိုင်းပြည့်ဝပြီး ကောင်းခြင်းမင်္ဂလာ ခံစားရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ သုံးဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံမှ လာရောက်ဖျော်ဖြေသည့် ချုံချင့်ရိုးရာအကအဖွဲ့၊ ဓိရာမိုရ် (ဂီတကဗျာ) အကအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ၊ တေးသရုပ် ဖော်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်ယဉ်ကျေးမှု အဖွဲ့များက တရုတ်ရိုးရာတေးသီချင်းများ၊ တူရိယာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေခြင်းများ၊ ပြင်ပအနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ သည် ဖျော်ဖြေတင်ဆက်ခဲ့ကြ သည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင် များကို အမှတ်တရလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။

ဆက်လက်၍ မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် တရုတ်- မြန်မာချစ်ကြည်ရေး Theme Song ဖြစ်သည့် “ပန်းတိုင်းပွင့်စေ” သီချင်းကို စုပေါင်းသီဆို ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment