Tuesday, February 24, 2026

စပ်မျိုးပြောင်းမျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအား ရန်ပုံငွေထောက်ပံ့ပေးအပ်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၃

အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စပ်မျိုးပြောင်း မျိုးစေ့စီးပွားဖြစ်ထုတ်လုပ်ရန် “စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ” ကို ယနေ့နံနက်ပိုင်းကနေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တောင်သူများ တက်ရောက်ကြပြီး မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တောင်သူများက စပ်မျိုးပြောင်း မျိုးသစ် ၂၈ မျိုး၏ အရည်အသွေးနှင့် အထွက်နှုန်းအပေါ် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တင်ပြကြရာပညာရှင်များက ဖြေကြားဆွေးနွေးကြသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက သုတေသနပြု ဖော်ထုတ်ရရှိထားသော အလားအလာ ကောင်းစပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ကုမ္ပဏီများ၊ ဒေသခံပြောင်းစိုက်တောင်သူများ ကိုယ်တိုင်မျက်မြင်စိတ်ကြိုက် မျိုးရွေးချယ်နိုင်ကြစေရန် ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ၌ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခု ပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ(၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့သဖြင့် သုတေသနရလဒ်များ လက်တွေ့အသုံးချနိုင်ရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ မိုးသီးနှံ ပြောင်းစိုက်ဧရိယာများတွင် ပြည်တွင်းထုတ် စပ်မျိုးပြောင်း မျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC)ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအား ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ အစီအစဉ်-၃ အရ ကိုရီးယားဆန် တန်ချိန် ၁ဝ၂ဝ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် APTERR အစီအစဉ်-၃ (၂ဝ၂၅)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ အနက် နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများအား ဖြန့်ဝေလှူဒါန်းရန် ဆန်တန်ချိန် ၁ဝ၂ဝ (၂၅၅၀၀-အိတ်)ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။

ယခု လွှဲပြောင်းပေးအပ်သော ကိုရီးယားဆန် တန်ချိန် ၁၀၂၀ သည် ငလျင်ဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ကိုရီးယားဆန် တန်ချိန် ၁၃၆၀ ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဖြန့်ဖြူးလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment