Wednesday, February 25, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် လေတပ်တို့အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြည်သူများအနေဖြင့် အားတတ်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေးအစိုးရများ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည်ပြောင်းလဲမှုမရှိခြင်းကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများတွင်  ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment