နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး (စာရေးဆရာ မောင်အောင်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စာအုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ၎င်းကိုယ်တိုင် ရေးသားပြုစုထားသော “ယောက္ခမတောင်မှမပေးနိုင်တဲ့ အတိုးနှုန်းအပါအဝင် စိုက်မွေးဆည်စာစုများ (၂)” စာအုပ် ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ဖြန့်ဝေပေးသွားမည်
ယနေ့လှူဒါန်းသည့် စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များသို့ အုပ်ရေ ၂၅၀ နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များသို့ အုပ်ရေ ၂၅၀ တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment