နေပြည်တော် ဇန်နဝါရီ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင် ဧရာသီရိသုခခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊
ကန်ကြီးထောင့်မြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က
ကန်ကြီးထောင့်မြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၂)
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊
ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်းရရှိမှု၊
ဆီထွက်သီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ တန်ဖိုးမြင့်ဆန်ဖြစ်သည့်
ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ)
မျိုးများ စိုက်ပျိုးလျက်ရှိမှု၊ သဘာဝမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်များ
စိုက်ပျိုးလျက်ရှိမှု၊ ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားရေးရန်ပုံငွေများ
ထုတ်ချေးပေးပြီး သွင်းအားစုများ ရရှိအောင်ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသများ
မီးလင်းရေးအတွက် နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ပညာရေးကဏ္ဍ၊
ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှု
အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့မိမြို့ဖများက
နိုင်ငံတော်အကြီးအကဲအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်ပေးမှုများအတွက် ဒေသခံပြည်သူများအနေဖြင့် ကျေးဇူးတင်ရှိလျက်ရှိမှု၊
ကန်ကြီးထောင့်မြို့ရှိ ပြည်သူ့ဆေးရုံကြီးအား အဆင့်မြှင့်တင်ပေးစေလိုမှု၊
မြို့တော်ခန်းမဆောက်လုပ်ပေးစေလိုမှု၊ ကန်ကြီးထောင့်မြို့ရှိ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းရှိ နယ်ဝေးမှ ဆရာ၊ ဆရာမများအတွက်
အဆောင်ဆောင်ရွက်ပေးစေလိုမှုနှင့် သိပ္ပံဆောင်အား အဆင့်မြှင့်တင်ဆောက်လုပ်ပေးစေလိုမှု၊
ကန်ကြီးထောင့်မြို့ လူထုအပန်းဖြေနေရာနှင့် ရိုးရာပွဲတော်များကျင်းပရာနေရာဖြစ်သည့်
ကမ်းသာယာကမ်းနားလမ်းနေရာ၌ ရေတိုက်စားမှုလျော့ပါးစေရေး
ကမ်းထိန်းနံရံတည်ဆောက်ပေးစေလိုမှု၊ မြို့အနောက်ဘက်ရှိ
မြို့လယ်-ပဒေါင်းပိုင်း-ပိတောက်ပင် ဆက်သွယ်ထားသည့်
လမ်းအားဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ
လဟာကလူကျေးရွာအုပ်စု၊ ဆပ်ကွင်းကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊
ထန်းပင်ကျေးရွာအုပ်စု၊ ကျူတန်းကျေးရွာအုပ်စု၊ မိချောင်းတစ်ရာကျေးရွာအုပ်စုတို့ရှိ
နွေစပါးစိုက်ဧက ၇၀၀ ခန့်အား အကျိုးပြုနိုင်မည့် သရက်ချောင်း-လဟာကလူတူးမြောင်းအရှည်
(၄ ဒသမ ၅) မိုင်တူးဖော်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးစေလိုမှုတို့နှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
တင်ပြချက်များတွင်ပါဝင်သည့် မြို့သာယာလှပရေး၊
လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် အများပြည်သူအကျိုးရှိစေမည့်
အချက်အလက်များအပေါ်စိစစ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်
ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်
ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်းတို့က တင်ပြချက်များတွင် ပါဝင်သည့်
သရက်ချောင်း-လဟာကလူ တူးမြောင်းတူးဖော်ခြင်း လုပ်ငန်းအပိုင်း (၁) အား
ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပြီး အပိုင်း (၂) ကို ဦးစားပေးအနေဖြင့်
ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊
ကန်ကြီးထောင့်မြို့နယ်အတွင်း ဈေးကွက်ဝင်ပေါ်ဆန်းမွှေးစပါးအား
တိုးမြှင့်စိုက်ပျိုးသွားရန် အကြံပြုတိုက်တွန်းလိုမှု၊
ဒေသတွင်းစိုက်ပျိုးရေးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး
ကြိုးပမ်းဆောင်ရွက်သွားစေလိုမှုနှင့် သွင်းအားစုလိုအပ်ချက်များအပေါ်
နိုင်ငံတော်မှလည်း စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး)
အား နှစ်ရှည်သီးနှံဥယျာဉ်ခြံများအတွင်း စိုက်ပျိုးဆောင်ရွက်နိုင်ပြီး
လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ လယ်ယာမြေများအား
ပြဌာန်းထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုရန်လိုအပ်မှု၊
ကန်ကြီးထောင့်သည် လမ်းပန်းဆက်သွယ်မှုအချက်အချာကျပြီး အုပ်ချုပ်မှုလွယ်ကူသည့်
ဒေသတစ်ခုဖြစ်သဖြင့် မြေယာအသုံးချမှုများကို အကျိုးရှိရှိဖြစ်စေလိုမှုနှင့်
လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်ရန်လိုမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ သွင်းအားစုများကို
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ
အတတ်ပညာများ ရရှိစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊
ကန်ကြီးထောင့်ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား အဆင့်မီထုတ်လုပ်၍
ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများကို
လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံနိုင်မှု၊ စက်မှုလုပ်ငန်းများကို
သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်မှုတို့နှင့် ပတ်သက်၍
ဆွေးနွေးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
ကန်ကြီးထောင့်ဒေသသို့ မိမိအနေဖြင့် ပထမဆုံးရောက်ရှိခြင်းဖြစ်ကြောင်း၊
မြို့အနေဖြင့် သန့်ရှင်းသပ်ရပ်စွာဖြင့် မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊
အစိုးရတစ်ရပ်၏ တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်ရသည့်
အစိုးရအဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊
မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့်
စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း၊ မိမိတို့
အစိုးရအဖွဲ့စတင်တာဝန်ထမ်းဆောင်ချိန်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့်
အချိန်ဖြစ်ပြီး နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများကြောင့် ပဋိပက္ခများ
ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ကိုဗစ်-၁၉
ရောဂါဖြစ်ပေါ်နေမှုများနှင့် ကြုံတွေ့နေရသည့် အချိန်တွင် နိုင်ငံရေးနှင့်
နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊
လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် ပညာရေးနှင့်
ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများကြောင့်
အခက်အခဲ၊ အကျပ်အတည်းများကို ကျော်လွှားခဲ့ရကြောင်း။
အလားတူ နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ စတင်တာဝန်ယူချိန်တွင် ပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွားရေးတိုးတက်အောင် တတ်နိုင်သလောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတွင် နေထိုင်သည့် ပြည်သူများအားလုံး၏ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှသာ နေထိုင်မှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုထက်ပိုမိုတိုးတက်လာစေရေး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း။
ကန်ကြီးထောင့်ဒေသသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်
စီးပွားရေးကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို
နိုင်ငံတစ်ဝန်းရှိ ခရိုင်များအလိုက် ဖွင့်လှစ်သင်ပေးလျက်ရှိပြီး ထပ်မံပြီး
တိုးချဲ့ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျောင်းများမှ
ဒေသကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရပ်များကို
ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ရရှိမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝစေရေးပညာရေးကဏ္ဍမြှင့်တင်ခြင်း
လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင်
ဥပဒေသိရှိရန်နှင့် လိုက်နာရန်အရေးကြီးပြီး ဥပဒေဆိုင်ရာ အသိအမြင်များကို
နိုင်ငံသားတိုင်း သိရှိနားလည်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ပြင်
စီးပွားရေးအသိအမြင်များကိုလည်း နိုင်ငံသားတိုင်း သိရှိနားလည်နေမည်ဆိုပါက
တစ်ဦးချင်းစီမှစ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း
ပိုမိုအထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ဥပဒေ၊ စီးပွားရေးဆိုင်ရာများ
နှင့်ပတ်သက်၍ အသိပညာများရရှိစေရေးတက္ကသိုလ်တိုင်းတွင် ဥပဒေဘွဲ့ BA (Law) ၊
စီးပွားရေးဘွဲ့ BA (Eco) များအတွက်
သင်ကြားပေးလျက်ရှိကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ
လိုအပ်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေတွင် အခြေခံပညာမူလတန်းကို
မသင်မနေရစနစ်သတ်မှတ်ထားသော်လည်း ပညာခေတ်ကာလနှင့် ခေတ်ကာလအခြေအနေအရ
မိမိတို့အစိုးရလက်ထက်တွင် အခြေခံပညာအလယ်တန်း (KG+9) ပြီးသည်အထိ
နိုင်ငံသားတိုင်းပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက်ခဲ့ကြောင်း၊
အောင်မြင်မှုများရှိခဲ့ပြီး ဆက်လက်၍ ထိရောက်ကျယ်ပြန့်အောင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ
တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများ တိုးတက်အောင် အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း၊
ကန်ကြီးထောင့်မြို့နယ်အတွင်း ပညာတတ်များ ယခုထက်
ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ အတန်းပညာရှိမှသာ
အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကိုလည်း
သင်ကြားနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏
တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊
မိမိတို့၏သားသမီးများ၏ ဘဝတိုးတက်စေရေး၊ အလေးထားမိမိတို့၏ ဘဝထက်ပိုမိုတိုးတက်စေရေး
ပညာရေးကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုကို
အထောက်အကူပြုစေရန်နှင့် ဆရာ၊ ဆရာမများအား မဟာဘွဲ့နှင့် အဆင့်မြင့်ပညာရပ်များ
သင်ယူနိုင်ရေးအတွက် ပညာရေးဒီဂရီကောလိပ်အချို့ကို ပညာရေးတက္ကသိုလ်များအဖြစ်
အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာအောင်လည်း
နေထိုင်စားသောက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံနေဖြင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်း
အောင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊
နိုင်ငံတစ်ဝန်းစိုက်ပျိုးရေးလုပ်ငန်းများတွင်
ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈
ဘီလီယံခန့် ဆုံးရှုံးရလျက်ရှိကြောင်း၊ ထို့ကြောင့်
တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိစေရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ
ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်း ပြည်ပဈေးကွက်တွင်
ဝယ်လိုအားရှိသည့် သီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊
ကန်ကြီးထောင့်မြို့နယ်အတွင်း ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးသည်ဟုသိရှိရပြီး
ပေါ်ဆန်းမွှေးဆန်သည် တန်ဖိုးမြင့်သည့် အမျိုးအစားဖြစ်ကာ ပြည်ပသို့လည်း
တင်ပို့ရောင်းချနိုင်ကြောင်း၊ ထို့ကြောင့်
ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်အောင်
ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်ပြီး ကန်ကြီးထောင့်မြို့နယ်အတွင်း
ဥစားကြက်၊ ငါး၊ ဘဲ၊ နွားများကို မွေးမြူသည်ဟု သိရှိရကြောင်း၊ နွားမွေးမြူရေးကို
မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်
လိုအပ်သည့်ဇီဝမြေဩဇာများကို ရရှိနိုင်ကြောင်း၊ ဒေသအတွင်း သဘဝဘေးအန္တရာယ်ကို
အထိုက်အလျောက်ကာကွယ်နိုင်သည့် အရိပ်ရပင်များ၊ လေကာပင်များကိုလည်း
စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ဒေသအတွင်း ကုန်စည်စီးဆင်းမှုများ
ပိုမိုလျှင်မြန်စေရေးနှင့် သွားလာမှုများ ပိုမိုလျှင်မြန်ချောမွေ့စေရေးအတွက်
နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
မကြာမီရက်ပိုင်းတွင်လည်း ရွေးကောက်ပွဲ အပိုင်း (၂) ကို
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒမဲပေရာတွင်လည်း ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို
အမှန်တကယ်ဆောင်ရွက်နိုင်သူများ၊ ဒေသ၏ ပညာရေး၊ ကျန်းမာရေးများ
ကောင်းမွန်တိုးတက်လာအောင်ဆောင်ရွက်ပေးရန် စိတ်ပါဝင်စားမှုရှိသူများအား ရွေးချယ်၍
ဆန္ဒမဲများ ပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်
တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်
အဖွဲ့ဝင်များလိုက်ပါ၍ ပုသိမ်မြို့ရှိ ပညာရေးဒီဂရီကောလိပ်သို့
သွားရောက်ကြည့်ရှုစစ်ဆေးရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခချုပ်နှင့်
တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်
ကောလိပ်ဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြမှုအပေါ်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်
ကောလိပ်ရှိ ပညာရတနာခန်းမနှင့် ကောလိပ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ခန်းမအားအဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊
ကောလိပ်အတွင်း သန့်ရှင်းသာယာလှပရေး၊ လေဝင်လေထွက်ကောင်းမွန်ပြီး
ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သစ်ပင်ကြီးများအား
အောက်ခြေရှင်းအလင်းဖွင့်ခြင်းများဆောင်ရွက်သွားရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများ
စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများကိုလည်း
လိုအပ်သည့်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်၍
အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို
လမ်းညွှန်မှာကြားသည်။
တာဝန်ရှိသူများ၏ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်
ကောလိပ်စာကြည့်တိုက်သို့ရောက်ရှိစစ်ဆေးပြီး တင်ပြချက်များအပေါ် စာကြည့်တိုက်အတွင်း
စာအုပ်စာပေများ အမျိုးအစားစုံလင်စွာ ဖြည့်တင်းထားရှိရန်လိုကြောင်း၊ အထူးသဖြင့်
သင်ကြားရေးအထောက်အကူပြုစာအုပ်များထားရှိပါက သင်တန်းသားများအတွက်
ပိုမိုအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ စာအုပ်စင်များ၊ ဗီရိုများ
စနစ်တကျဖြစ်ရန်နှင့် စာအုပ်စာပေများကိုလည်း
စနစ်တကျထိန်းသိမ်းကိုင်တွယ်အသုံးပြုကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို
လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
စာကြည့်တိုက်စနစ်တကျဖြစ်စေရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ
စာကြည့်တိုက်တာဝန်ခံက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment