နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ မောက်မယ်မြို့နှင့် ကွန်ဟိန်းမြို့တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းမှူးများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍
အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက
သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို
ဆွေးနွေးတင်ပြရာ တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ မြို့နယ်ခန်းမ၊ ခိုယောင်းကျေးရွာရှိ မဲရုံ၊ နောင်လုံကျေးရွာရှိ မဲရုံနှင့် လုံပုန်းကျေးရွာအုပ်စုရှိ အမှတ်(၂)မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း မဲရုံနှင့် ဘန်းယဉ်မြို့၊ မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း မဲရုံများအားလည်းကောင်း၊ မောက်မယ်မြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်များအတွင်း မဲရုံနေရာများအားလည်းကောင်း သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှု၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကြိုတင်မဲပေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။





No comments:
Post a Comment