နေပြည်တော် ဇန်နဝါရီ ၁၂
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင် ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တက်ရောက်
အစည်းအဝေးသို့
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော
ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊
ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်က
အွန်လိုင်းဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သေးသည့် သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးများ
ပြုလုပ်ခဲ့ပြီး Job Ready Skill သင်တန်းများကိုလည်း တက္ကသိုလ်အသီးသီး၏ အားသာချက်အလိုက်
ဆောင်ရွက်နိုင်မည့်သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
ပထမဦးဆုံး သင်တန်းကာလကို သုံးလ၊ ခြောက်လနှင့် ကိုးလသင်တန်းများ ဖွင့်လှစ်နိုင်ရန် လမ်းညွှန်ထားရှိကြောင်း၊
ကိုးလသင်တန်းပြီးမြောက်ပါက ဒီပလိုမာရရှိမည်ဖြစ်ပြီး ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း၊
တက္ကသိုလ်ဝင်တန်းအတွက်သာမက မူလတန်းနှင့် အလယ်တန်းများအတွက် အကောင်းဆုံးဖြစ်မည့် အလုပ်အကိုင်အခွင့်လမ်းများ
ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းအကြံပြုပေးကြစေလိုကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်
Grade-9 ပြီးဆုံးပါက Grade-10 ၊ 11 ၊ 12 သင်ကြားနေသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း
စုစုပေါင်း ၈၉ ကျောင်းရှိကြောင်း၊ အလယ်တန်းများဖြစ်သည့် Grade 6 ၊ 7 ၊ 8 ၊ 9 အတန်းများရှိ သင်ရိုးညွှန်းတမ်းများတွင်
လာမည့်ပညာသင်နှစ်၌ စိုက်ပျိုးရေးနှင့် စက်မှုအခြေခံဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဘာသာရပ်များကို သင်ကြားပေးရန် ကျွမ်းကျင်ဆရာ ဆရာမများ
ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး
ဒေါက်တာဇော်မြင့်က အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက်
အလုပ်အကိုင်ရရှိရေး အထောက်အကူပြုကျွမ်းကျင်အတတ်ပညာ သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသည့်
ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက်
အလုပ်အကိုင်အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို
ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်ပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment