Friday, December 12, 2025

မြန်မာနိုင်ငံအတွက် တိုက်ကွမ်ဒိုအားကစားနည်းနှင့် လှေလှော်အားကစားနည်း မီတာ ၂၀၀ ကနူးအမျိုးသားအသင်းတို့က ဒုတိယ ငွေတံဆိပ်နှစ်ဆု၊ ကယက် Slalom အမျိုးသမီး တစ်ယောက်လှော်နှင့် ဂျူဒို (Nage-no-Kata)နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် တတိယကြေးတံဆိပ်ဆု နှစ်ဆုထပ်မံဆွတ်ခူး

ဘန်ကောက် ဒီဇင်ဘာ ၁၁

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင်ကျင်းပ ပြုလုပ်လျက်ရှိရာ မြန်မာအသင်း အနေဖြင့် ပိုက်ကျော်ခြင်း၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ကဘာဒီ၊ ပီတန်း၊ ဘိလိယက်နှင့် စနူကာ၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ ဂျူဒို၊ ကျွမ်းဘား၊ ဘော်လီဘော၊ စကိတ်၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက်၊ ရွက်လှေ၊ တက်ဂ် ဘော၊ ဟော်ကီ၊ ကနူး၊ ကယက်၊ ရေကူး၊ ကရာတေးနှင့် ဘောလုံး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံအတွက် တိုက်ကွမ်ဒိုအားကစား နည်းနှင့် လှေလှော်အားကစားနည်း မီတာ ၂၀၀ ကနူး အမျိုးသားအသင်းတို့က ဒုတိယငွေတံဆိပ်နှစ်ဆု၊ ကယက် Slalom အမျိုး သမီး တစ်ယောက်လှော်နှင့် ဂျူဒို (Nage-no-Kata) နှစ်ယောက် တွဲပြိုင်ပွဲတို့တွင် တတိယကြေးတံဆိပ်ဆု နှစ်ဆုထပ်မံဆွတ်ခူးရရှိခဲ့သည်။

နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Ronnaphakat Building, Navaminda Kasatri-yadhiraj Air Force Academy ၌ ကျင်းပလျက်ရှိသည့် ဂျူဂျစ်ဆု အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက -၆၉၊ -၈၅၊ -၄၈၊ -၅၇ ကီလိုတန်းပြိုင်ပွဲ လူရွေးပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်ကွမ်ဒို အမျိုးသမီး -၆၇ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မြန်မာအသင်း မှ ကေသွယ်မွန်လင်းနှင့် ထိုင်းအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ပထမ၊ မြန်မာအသင်းမှ ကေသွယ်မွန်လင်းက ဒုတိယရရှိခဲ့သည်။

မီတာ ၂၀၀ ကနူးအမျိုးသား နှစ်ယောက်လှော် ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ရာ မြန်မာအသင်းက မျိုးလှိုင်ဝင်း နှင့် ထွဋ်ခေါင်ဇော်တို့အတွဲက ငွေတံဆိပ်ဆုရရှိခဲ့ပြီး ကယက် Slalom အမျိုးသမီး တစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှ ပိုပိုအောင်က တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့သည်။

ဂျူဒို (Nage-no-Kata)နှစ်ယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ရမှတ် ၃၉၂ ဒသမ ၅ မှတ်ဖြင့် ပထမ၊ ထိုင်းအသင်းက ၃၉၀ ဒသမ ၀ မှတ်ဖြင့် ဒုတိယ၊ မြန်မာအသင်းမှ လရောင်ရှန် နှင့် လှိုင်မင်းခန့်တို့အတွဲက ၃၇၅ ဒသမ ၀ မှတ်ဖြင့် တတိယ၊ လာအိုအသင်းက ရမှတ် ၃၆၂ ဒသမ ၅ မှတ် ဖြင့် ပူးတွဲတတိယ တို့ အသီးသီးရရှိခဲ့သည်။

ထို့အတူ ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော် ခြင်း အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို သုံးပွဲပြတ် ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Valaya Alongkorn Rajabhat University under the Royal Patronage (Bangkok)၌ ပီတန်း အမျိုးသား၊ အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းမှ မောင်ထွေးကိုကိုနှင့် မပန်းအိတို့အတွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသား Snooker 6-Red Singles ကွာတားဖိုင်နယ် ရှစ်ဦးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နေမင်းထွန်းက လာအိုအသင်းမှ အားကစားသမားကို ငါးပွဲနှစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Gymnasium4, Thammasat University Rangsit Campus, Pathum Thani ၌ ကျင်းပလျက်ရှိသည့် ကြက်တောင် ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းမှ ဟိန်းထွဋ်နှင့် သက်ထားသူဇာတို့အတွဲက လာအိုအသင်းမှ အားကစားသမားအတွဲကို ရလဒ် ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိခဲ့သည်။

ညနေပိုင်းတွင် ဘောလုံးအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ)၏ တတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံး ချိန်တွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့အနေ ဖြင့် ဒီဇင်ဘာ ၁၁ ရက် ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် တိုက်ကွမ်ဒိုအမျိုးသမီး - ၆၇ ကီလိုတန်းအတိုက် ပြိုင်ပွဲတွင် ပြိုင်ပွဲတွင် မြန်မာ အသင်းမှ ကေသွယ်မွန်လင်းက ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း၊ မီတာ ၂၀၀ ကနူး အမျိုးသားနှစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်းနှင့် ထွဋ်ခေါင်ဇော်တို့အတွဲက ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ကယက် Slalom အမျိုးသမီးတစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှပိုပိုအောင်က တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဂျူဒို (Nage-no-Kata)နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ လရောင်ရှန်နှင့် လှိုင်မင်းခန့်တို့အတွဲက တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၁ ရက် ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်ခြောက်ခု၊ ကြေးတံဆိပ်သုံးခု၊ စုစုပေါင်းဆုတံဆိပ် ၁၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment